စစ်ကောင်စီတပ် ခမရ ၅၆၀ ဦးဆောင်တဲ့ တပ်ပေါင်းစု ဝင်ရောက်တပ်စွဲထားတဲ့ နရွဲပင် ဂိတ်စခန်း၊ တော်ဝိကျေးရွာနဲ့ ထိန်တပင်ကြားက ဂိတ်စခန်း၊ ကျွန်းကုန်းကျေးရွာဘေး တောရကျောင်းမှာ တပ်စွဲထားတဲ့ ဂိတ်စခန်းတို့ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) တပ်ရင်း ၉ ဦးဆောင်တဲ့ တော်လှန်ရေး ပူးပေါင်းတပ်တပ်တွေက ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၅ ရက်နေ့ ည ၁၂ နာရီအချိန်မှာ တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ KNU က ထုတ်ပြန်ပါတယ်။




စခန်းသိမ်းပိုက်စဉ်အတွင်း အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်က ၆ ယောက်သေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရသလို ၆၀ မမ ကွန်မန်ဒိုစိန်ပြောင်းတခုအပါအဝင် လက်နက်ငယ် ၅ လက်နဲ့ ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် မူးမြို့နယ်မှာရှိတဲ့ စစ်ကောင်စီရဲ့ ခလရ ၇၃ လက်အောက်ခံ သပြေညွန့်စခန်းက အသက် ၃၈ နှစ်အရွယ် တပ်သားတယောက်ဟာ သေနတ် ၁ လက်၊ ကျည် အတောင့် ၇၀ နဲ့အတူ KNU ရဲ့ မူးမြို့နယ် တပ်ရင်း ၈ ဆီကို လက်နက်ချအလင်းဝင်ရောက်လာတာကြောင့် ကျပ် ၁၀ သိန်း ဂုဏ်ပြုချီးမြှင့်ခဲ့တယ်လို့လည်း KNU က ဒီနေ့ထုတ်ပြန်ပါတယ်။
အာဏာရှင်ကိုဆန့်ကျင်ပြီး ပြည်သူတွေနဲ့အတူ ပူးပေါင်းလို့ စစ်အာဏာရှင်စနစ်ကို တိုက်ထုတ်သွားမဲ့ ဘယ်သူ့ကိုမဆို နွေးနွေးထွေးထွေးကြိုဆိုနေတယ်လို့လည်း ဆိုပါတယ်။
ပုံ - စစ်ကောင်စီစခန်းများမှ သိမ်းဆည်းရမိထားသည့် ပစ္စည်းများ၊ အလင်းဝင်လာသည့်စစ်သား
Photo – KNU