
ကရင်အမျိုးသားအစည်းအရုံး (KNU)၊ တပ်မဟာ ၃ နယ်မြေ၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်အတွင်း နှစ်ပေါင်း ၅၀ နီးပါး စစ်တပ်က ဝင်ရောက်တပ်စွဲနေတဲ့ မူသယ်အခြေစိုက် ခူသေစိုးတပ်စခန်းကို ဇန်နဝါရီ ၅ ရက်မှာ KNLA ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုင်နိုင်ခဲ့တယ်လို့ KNU က ထုတ်ပြန်ပါတယ်။
၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်က စတင်ပြီး တပ်မဟာ ၃ တပ်ဖွဲ့ဝင်တွေနဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက စတင် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၅ ရက်မှာ စခန်းကို အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာလို့ ဆိုပါတယ်။
ဒေသခံပြည်သူတယောက်က ”စစ်ကောင်စီဂိတ်တွေရှိရင် ဖြတ်သွားဖြတ်လာ ကြောက်ရတယ်။ ဖုန်းတွေ စစ်တာတို့ ပိုက်ဆံတောင်းတာတို့ ကြောက်ရတယ်။ အဲလိုမျိုးတွေ ရှိတယ်။ ဟိုဘက်(KNU) ဘက်ကလည်း ဒရုန်းတွေလာချတာရှိတယ်။ အဲဒီလိုချိန်မျိုးမှာလည်း ဂိတ်တွေနားက မဖြတ်ရဲဘူး။ အခြေအနေကို ကြည့်နေရတယ်။ ကြည့်ပြီးတော့ သွားနေရတယ်။ တပ်စခန်းမရှိတော့ဘူးဆိုရင် လွတ်လပ်တာပေါ့။ သူတို့ မရှိလေ ကောင်းလေပဲ”လို့ ပြောပါတယ်။
စခန်းသိမ်းတိုက်ပွဲနဲ့ပတ်သက်ပြီး တပ်မဟာ ၃ တာဝန်ရှိသူတွေကို DVB ကဆက်သွယ်ခဲ့ပေမဲ့ ဆက်သွယ်လို့မရသလို စစ်ကောင်စီဘက်ကလည်း ဒီသတင်း ထုတ်ပြန်ခြင်း မရှိသေးပါဘူး။
ခူသေစိုးတပ်စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ ယောက် သေဆုံးပြီး တပ်ဖွဲ့ဝင်တချို့ စခန်းစွန့်ခွာ ထွက်ပြေးလွတ်မြောက်သွားခဲ့ပါတယ်။
စခန်းသိမ်းတိုက်ပွဲအတွင်း ၈၁ မမ လက်နက်ကြီး ၁ လက် အပါအဝင် လက်နက်ကြီးလက်နက်ငယ်နဲ့ ခဲယမ်း အများအပြားကို သိမ်းဆည်းရမိခဲ့တယ်လို့ KNU က ထုတ်ပြန်ပါတယ်။