
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်မှာ စစ်အာဏာရှင်တပ်က အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးနေတဲ့အတွက် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၁ လက်အောက်ခံ တပ်ရင်း ၃ စခန်း ဆုတ်ခွာပေးလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
နိုဝင်ဘာ ၇ ရက် မနက်အစောပိုင်းမှာ စစ်အာဏာရှင်တပ်က အင်အားအများအပြားနဲ့ KNLA တပ်ရင်း ၃ စခန်းကို ဝင်ရောက်စီးနင်းခဲ့တာဖြစ်ပြီး စခန်းကို သိမ်းပိုက်ချိန်မှာ လက်လုပ်မိုင်းတချို့နဲ့ စစ်အသုံးအဆောင်ပစ္စည်းတွေကို ရရှိခဲ့တယ်လို့ ဆိုပါတယ်။
ဒေသခံတယောက်က “အင်အားအများအပြားနဲ့ ထိုးစစ်ဆင်တော့ ဆုတ်ပေးလိုက်ရတဲ့ သဘောပါ။ သူတို့က ထိုးစစ်ဆိုတော့ အထိနာတယ်။ ထိခိုက်သေဆုံး ၂၀ ဦးလောက် ရှိတယ်။ ကားတွေနဲ့ ပြန်သယ်သွားတာကို တွေ့တယ်။ စခန်းကတော့ မီးရှို့ခံရတယ်။ သူတို့ ပြန်ဆုတ်သွားတဲ့လမ်းမှာလည်း တိုက်ပွဲတွေ ဆက်ဖြစ်တယ်” လို့ DVB ကို ပြောပါတယ်။
စစ်တပ်ဟာ အင်အား ၆၀၀ ဝန်းကျင်ကို ဖြန့်ခွဲပြီး သိမ်ဇရပ်မြို့ကနေ ကျိုက်ထိုမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသလို နိုဝင်ဘာ ၄ ရက်ကနေ ၁၀ ရက်အထိ တိုက်ပွဲတွေ ဆက်တိုက်ဖြစ် နေပါတယ်။
စစ်တပ်ဟာ ခမောက်၊ ကော်ကပ်၊ နတ်စင်နဲ့ ကျောက်ရေတွင်း၊ ခရွဲကျေးရွာဘက်တွေကနေ စစ်ကြောင်းထိုးလာပြီး လေကြောင်းကနေပါ နေ့ရောညပါ ဗုံးကြဲတိုက်ခိုက်နေတယ်လို့ သိရပါတယ်။
တိုက်ပွဲတွေဟာ တကြိမ်ကို မိနစ် ၂၀ ကနေ နာရီဝက်ဝန်းကျင်အထိ ကြာမြင့်ပြီး တကြိမ် ဗုံးကြဲတိုက်ခိုက်ရာမှာ ဗုံး ၆ လုံးလောက် ကြဲချပြီး တချို့ရက်တွေမှာ တနေ့ကို နှစ်ကြိမ်အထိ လေကြောင်းတိုက်ခိုက်မှု ရှိတယ်လို့ ဆိုပါတယ်။
နိုဝင်ဘာ ၅ ရက်ကလည်း စစ်တပ်ဟာ ခမောက်ခွေကျေးရွာအနီးမှာရှိတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ရဲ့ ယာယီစခန်းတခုကို သိမ်းပိုက်ခဲ့ပါတယ်။
စစ်ရေးတင်းမာမှုတွေကြောင့် ဇီးပြောင်း၊ ဝင်းကံ၊ ကျောက်ရေတွင်း၊ ခရွဲ၊ ပျဉ်းကတိုးကုန်းနဲ့ ပိန္နဲကုန်း အပါအဝင် ကျေးရွာ ၂၀ ကျော်က ဒေသခံထောင်ချီ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။











