DVB Logo
Home
မြန်မာသတင်း
ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်နှင့် မလေးရှားဝန်ကြီးချုပ်တို့တွေ့ဆုံ၊ မြန်မာ့အရေးဆွေးနွေး
DVB
·
May 9, 2024
ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်နှင့် မလေးရှားဝန်ကြီးချုပ်တို့တွေ့ဆုံ၊ မြန်မာ့အရေးဆွေးနွေး
Donate to DVB

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ဟာ မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်နဲ့ ပြီးခဲ့တဲ့သီတင်းပတ်က ထိုင်းနိုင်ငံ ဖူးကတ်မြို့မှာ လျှို့ဝှက်တွေ့ဆုံပြီး ထိုင်းတောင်ပိုင်းမှာ မငြိမ်မသက်ဖြစ်နေတဲ့ကိစ္စနဲ့ မြန်မာအရေးကိစ္စတွေ ဆွေးနွေးခဲ့တယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြပါတယ်။

မစ္စတာသက်ဆင်ဟာ ထိုင်းတောင်ပိုင်း ဖူးကက်မြို့ကို ဧပြီ ၂၉ ရက်က ရောက်လာပြီး မေ ၂ ရက်မှာ ထွက်ခွာသွားတဲ့အကြောင်းနဲ့ ဝန်ကြီးချုပ် အန်ဝါနဲ့တွေ့ဆုံချိန်မှာ မြန်မာနိုင်ငံက တိုက်ပွဲတွေ ကိစ္စလည်းဆွေးနွေးခဲ့တယ်လို့ သတင်းရင်းမြစ်ကပြောပါတယ်။  မြန်မာပဋိပက္ခဖြေရှင်းဖို့ ကြိုးပမ်းရာမှာ ထိုင်းနိုင်ငံအနေနဲ့ ပိုမိုပါဝင်သင့်တယ်လို့  မစ္စတာအန်ဝါက အရင်တုန်းကတည်းက တိုက်တွန်းခဲ့ဖူးတယ်လို့ ဆိုပါတယ်။

လျှို့ဝှက်တွေ့ဆုံခဲ့တာမို့ ဘာအကြောင်းအရာတွေ ဆွေးနွေးခဲ့တာ အသေးစိတ် မသိရပေမဲ့ ထိုင်းနိုင်ငံရေးလေ့လာသုံးသပ်သူတွေကတော့ ထိုင်းတောင်ပိုင်း နယ်မြေတည်ငြိမ်ရေးကိစ္စနဲ့ မြန်မာနိုင်ငံပဋိပက္ခချုပ်ငြိမ်း‌‌‌ရေးကိစ္စတွေ ဖြစ်နိုင်တယ်လို့  The Better ထိုင်းတီဗွီသတင်းမှာလည်း ဖော်ပြပါတယ်။

ဝန်ကြီးချုပ်ဟောင်း သက်ဆင်ဟာ ဒီမတိုင်ခင်ရှေ့က အကြမ်းဖက်မှုတွေ မကြာခဏဖြစ်ပေါ်နေတဲ့ ထိုင်းတောင်ပိုင်း ၃ ခရိုင်ကို သွားချင်ပေမဲ့ ဒေသတွင်းနိုင်ငံရေးသမားတွေက အခြေအနေ ရှုပ်ထွေးမှာစိုးလို့ ခွင့်မပြုခဲ့ဘူး။

မလေးရှားဝန်ကြီးချုပ်ကလည်း နှစ်နိုင်ငံ နယ်နမိတ်ချင်းကပ်နေတဲ့ ထိုင်းတောင်ပိုင်းဒေသ တည်ငြိမ်အေးချမ်းမှုကို လိုလားတယ်၊ ဒါကြောင့် တောင်ပိုင်းကိစ္စ ဆွေးနွေးတာလည်း ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

နောက်အကြောင်းအရာတခုမှာ မြန်မာ့ပဋိပက္ခအရေးဖြစ်နိုင်ကြောင်း၊ ဝန်ကြီးချုပ်ဟောင်း သက်ဆင်မှာ ပြီးခဲ့တဲ့  သင်္ကြန်ကာလမှာ မြန်မာပဋိပက္ခ ချုပ်ငြိမ်းပြေလည်စေဖို့ သူ့အနေနဲ့ ကြားဝင်စေ့စပ်ပေးဖို့ ဆန္ဒရှိကြောင်း မြန်မာတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ကိုယ်စားလှယ်တချို့နဲ့ ချင်းမိုင်မှာ တွေ့ဆုံပြောကြားခဲ့တယ်။

မစ္စတာသက်ဆင်ဟာ  ဧပြီ ၁၃ ရက်က ချင်းမိုင်မြို့မှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့ရဲ့ ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။

မလေးရှားဝန်ကြီးချုပ်ကလည်း မြန်မာပြည်ကို ငြိမ်းချမ်းစေချင်တယ်လို့ အာဆီယံအစည်းအဝေးတွေမှာ ပြောကြားခဲ့ပေမဲ့ အာဆီယံအသင်းကြီးက ထိထိရောက်ရောက် ကိုင်တွယ်မှုမရှိတဲ့အပေါ်မှာ သူ့အနေနဲ့ အားမလိုအားမရ ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။  

ဒီမတိုင်ခင်က မ‌လေးရှားဝန်ကြီးချုပ်ဟာ ထိုင်းဝန်ကြီးချုပ် ဆေထာထဝီးဆင်နဲ့လည်း တရားဝင်တွေ့ဆုံပြီး နှစ်နိုင်ငံကြား ခရီးသွားလုပ်ငန်း၊ နယ်စပ်တရားမဝင်မှုတွေ ပူးပေါင်းနှိမ်နင်းရေးတွေ ဆွေးနွေးတယ်ခဲ့ပြီး  ဒီကိစ္စအတွက် ပွင့်လင်းမြင်သာဆွေးနွေး လို့ရတာကြောင့် ဝန်ကြီးချုပ်သက်ဆင်နဲ့ လျှို့ဝှက်တွေ့ဆုံတာဟာ  မြန်မာ့အရေး ဖြစ်နိုင်ခြေများတယ်လို့ ထိုင်းနိုင်ငံရေးသမားတွေက ထင်ကြေးပေးနေကြပါတယ်။ 

ဝန်ကြီးချုပ် သက်ဆင်ဟာ ဝရမ်းပြေးဘဝနဲ့ ပြည်ပမှာ နှစ်ရှည်လများနေထိုင်ပြီး ပြီးခဲ့တဲ့နှစ် ဖွေ့ထိုင်းပါတီအာဏာရမှ ထိုင်းကိုပြန်ရောက်လာကာ ပြစ်ဒဏ်ခံယူပြီး လွတ်ငြိမ်းချမ်းသာမှုရခဲ့ပေမဲ့  နောက်ထပ် ပုဒ်မ ၁၁၂ ( ဘုရင့်နွယ်တော်အသရေဖျက်မှု ) နဲ့ ထပ်ပြီးရင်ဆိုင်ရပါတယ်။

သူဟာ ထောင်ကျတယ်ဆိုပေမဲ့ ထောင်ထဲမှာ ၂၄ နာရီမပြည့်ဘဲ ကျန်းမာရေးအကြောင်းပြပြီး ဆေးရုံမှာ ဇိမ်နဲ့နေခဲ့တယ်၊ ဒါဟာ ဖွေ့ထိုင်းပါတီအစိုးရရဲ့ မျက်နှာလိုက်မှုကြောင့်ဖြစ်ပြီး  လက်ရှိအစိုးရရဲ့ နောက်မှာ ကြိုးကိုင်နေတယ်လို့လည်း သတင်းတွေ ထွက်ပေါ်နေ ပါတယ်။ 

အခုလို သတင်းတွေ ထွက်ပေါ်နေတဲ့ကြား မြန်မာပဋိပက္ခအရေး ကြားဝင်ဆွေးနွေးပေးမယ်၊ မလေးရှားဝန်ကြီးချုပ်နဲ့ တွေ့ဆုံဆွေးနွေးတယ် စတဲ့ကိစ္စတွေကြောင့် သူဟာ လက်ရှိအစိုးရကို ကျော်ပြီးလုပ်နေတာလား၊ ဘာရာထူးနဲ့ ဘာတာဝန်နဲ့ လုပ်နေတာလဲ၊ ဘာကြောင့် လုပ်တာလဲ အာဏာပါဝါရှိသေးတယ်ဆိုတာ ပြချင်တာလား စသဖြင့် ထိုင်းလူမှုကွန်ရက်တွေမှာ မေးခွန်း ထုတ်နေပါတယ်။

အခုလို တွေ့ဆုံမှုတွေအပေါ် လက်ရှိဝန်ကြီးချုပ် ဆေထာထဝီးဆင်ကတော့  ဝန်ကြီးချုပ်ဟောင်း သက်ဆင် ဘယ်သူတွေနဲ့ တွေ့ဆုံဆွေးနွေးတယ်ဆိုတာ သူ့အနေနဲ့ မသိရဘူး၊ သူ့ ကိုယ်ရေးကိုယ်တာကိစ္စပဲ ဖြစ်တယ်လို့ ပြောပါတယ်။

မြန်မာပြည် ပဋိပက္ခချုပ်ငြိမ်းစေချင်တာကတော့ ကောင်းမွန်တဲ့စေတနာပါ၊ လူတိုင်း အဲလို ဆန္ဒရှိပါတယ်။ တဘက်နိုင်ငံအဖွဲ့အစည်းက ဘယ်သူနဲ့ ဆွေးနွေးချင်လဲဆိုတာတော့ သူတို့အပေါ်ပဲ မူတည်တာပေါ့။  ထိုင်းအစိုးရအနေနဲ့လည်း  သက်ဆိုင်ရာအဖွဲ့တွေနဲ့ အလွတ်သဘော တွေ့ဆုံတာတော့ရှိတယ်။  ဖွင့်တော့မပြောချင်ဘူး။  မြန်မာပြည်နဲ့ပတ်သက်တဲ့ မူဝါဒကတော့ အာဆီယံဝါဒအတိုင်းပဲ၊ လူသားချင်းစာနာမှု အကူအညီတွေတော့ ပေးနေပါတယ်လို့  ထိုင်းဝန်ကြီးချုပ်က သတင်းထောက်တွေကို ပြောသွားပါတယ်။ 

Source/ Bangkok post- The Better

ဆက်စပ်သတင်း—

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013