DVB Logo
Home
နိုင်ငံတကာ
ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ကို ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်း ဟွန်ဆန် တွေ့ဆုံ 
DVB
·
February 21, 2024
ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ကို ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်း ဟွန်ဆန် တွေ့ဆုံ 
Donate to DVB

 

မကြာခင်ရက်ပိုင်းကမှ အကျဉ်းထောင်က ပြန်လွတ်လာတဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ကို ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ်ဟောင်း  ဆမ်ဒက် ဟွန်ဆန်က ဖေဖော်ဝါရီ ၂၁ ရက် နေ့လည်ပိုင်းက ဘန်ကောက်မြို့ရှိ နေအိမ်မှာ လာရောက်တွေ့ဆုံခဲ့ပါတယ်။

ဟွန်ဆန်ဟာ စင်းလုံးငှါးလေယာဉ်နဲ့ ထိုင်းနိုင်ငံကို ရောက်လာပြီး မနက် ၁၀ နာရီ မိနစ် ၅၀ လောက်မှာတော့ ကား ၅ စီးနဲ့  သက်ဆင်ရှင်နာဝပ် နေထိုင်ရာ ဘန့်ကျန်ဆောင်လ စံအိမ်ကို ရောက်ရှိလာပါတယ်။ 

သူမရောက်ခင်ရှေ့က သက်ဆင်ရဲ့ သမီးငယ် ဖွေ့ထိုင်းပါတီခေါင်းဆောင် အုန်အင် (ခ) ဖဲထောင်းထန်းက ဦးစွာရောက်နှင့်ပြီး  ဟွန်ဆင်ကို ခရီးဦးကြိုဆိုခဲ့ပါတယ်။  သူဟာ သက်ဆင် ထောင်ကလွတ်လာပြီးတဲ့နောက်  ပြည်ပကနေ ပထမဆုံး လာရောက်တွေ့ဆုံတဲ့ပုဂ္ဂိုလ် ဖြစ်ပါတယ်။ 

နိုင်ငံ့ခေါင်းဆောင်ဟောင်း နှစ်ဦးဟာ မာကြောင်း သာကြောင်းနဲ့ မိတ်ဟောင်းဆွေဟောင်းပီပီ ဖက်လှဲတကင်းနှုတ်ဆက်၊ နေ့လည်စာ အတူတကွစားသုံးကြတာကလွဲလို့  နိုင်ငံရေးအကြောင်းတွေ မပြောကြဘူးလို့  The reporter သတင်းမှာ ဖော်ပြပါတယ်။   

ဟွန်ဆန်က သူ့လူမှုကွန်ရက်မှာ “ဘန်ကောက်က မိတ်ဆွေကြီးအိမ်ကို အလည်လာပါတယ်။ သက်ဆင်က နေမကောင်းဘူး။ ဒါပေမဲ့ မိတ်ရင်းဆွေရင်း ပီသစွာ ဧည့်ဝတ်ကျေတယ်။ ဖွေ့ထိုင်းပါတီခေါင်းဆောင်ဖြစ်တဲ့ သူ့သမီးငယ် အုန်အင်လည်း ပါတယ်။ ခင်မင်မှုတွေ ပိုပြီးခိုင်မြဲအောင်လို့ လာမယ့် မတ်လ ၁၄ နဲ့ ၁၅ ရက်တွေမှာ အုန်အင်ကို ကမ္ဘောဒီးယားကို အလည်လာဖို့ ဖိတ်ခေါ်ထားတယ်” လို့  ‌ရေးသားထားပါတယ်။ 

ဒါ့အပြင် ဒီကနေ့ဟာ လွန်ခဲ့တဲ့ ၁၉၉၂ ခုနှစ်က စတင်တွေ့ဆုံခဲ့ပြီး ခင်မင်ရင်းနှီးမှု  ၃၂ နှစ်တာကာလကို ပြန်လည်အမှတ်ရစေတယ်၊ ဒီနေ့အတွက် အစ်ကိုကြီးနဲ့ တူမလေးတို့ကို ကျေးဇူးတင်တယ်လို့ ဟွန်ဆန်က ပြောပါတယ်။

ဟွန်ဆန်ဟာ ထိုင်းနိုင်ငံမှာ နာရီပိုင်းလောက်သာနေထိုင်ပြီး မွန်းလွဲ ၂ နာရီကျော်မှာ ကမ္ဘောဒီးယားနိုင်ငံကို ပြန်လည်ရောက်ရှိသွားပါတယ်။

သက်ဆင်ဟာ သူဝန်ကြီးချုပ်ဖြစ်ခဲ့စဉ်က  ကမ္ဘောဒီးယားနိုင်ငံကို ကေဘယ်လ်တီဗွီတပ်ဆင်ရေး ချပေးခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၁၈ နှစ်က ကမ္ဘောဒီးယားနိုင်ငံသားတွေဟာ ထိုင်းနိုင်ငံကို အထင်လွဲမှားမှုဖြစ်ပြီး သူတို့နိုင်ငံမှာရှိတဲ့ ထိုင်းသံရုံးကို မီးရှို့ခဲ့ကြတယ်။

သက်ဆင်ဟာ ဟွန်ဆန်ထံ ချက်ချင်းဖုန်းဆက်ပြီး အခြေအနေကို အမြန်ဆုံးထိန်းချုပ်ဖို့၊ ထိန်းချုပ်လို့မရရင် ထိုင်းကွန်မန်ဒိုတပ်ဖွဲ့တွေ စေလွှတ်မယ်၊ သံတမန်ရေးဖြတ်တောက်မယ်လို့ ပြောခဲ့ပါတယ်။ ဒါ့အပြင် ကမ္ဘောဒီးယားနိုင်ငံရောက် ထိုင်းနိုင်ငံသားတွေ အကုန်ပြန်သွားကြိုမယ်၊ ပျက်စီးဆုံးရှုံးမှုတွေ အလျော်ပေးရမယ်လို့ ပြောဆိုဖူးပါတယ်။

ဟွန်ဆန်ကလည်း အခြေအနေကောင်းမွန်အောင် ပြန်လည်ထိန်းချုပ်ခဲ့တာကြောင့် နှစ်နိုင်ငံဆက်ဆံ ရေး ပြေလည်ခဲ့ပါတယ်။

ဝန်ကြီးချုပ်သက်ဆင် အစိုးရ ပြုတ်ကျပြီး အမှုတွေ တသီတတန်းနဲ့ ဖမ်းဝရမ်းထုတ်ခံရတော့ သူပထမဆုံး ထွက်ပြေးခိုလှုံသွားတာကတော့ ကမ္ဘောဒီးယားနိုင်ငံ ဖြစ်ပါတယ်။

ကမ္ဘောဒီးယား ဝန်ကြီးချုပ်က သူ့ကို ကိုယ်ရေးအတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ်ရော၊ နိုင်ငံ့စီးပွားရေး အတိုင်ပင်ခံအဖြစ်ပါ ခန့်အပ်ထားခဲ့ပါတယ်။  ထိုစဉ်က ထိုင်းဝန်ကြီးချုပ် အဘိဆစ်ဝေ့ချာချီဝက ဝရမ်းပြေး သက်ဆင်ကို ပြန်ပို့ဖို့ ကမ္ဘောဒီးယားကို စာပို့ခဲ့ပေမဲ့ ဟွန်ဆန်က ပြန်မပို့ခဲ့ပါဘူး။ အဲဒီနောက် သက်ဆင်ဟာ ဘရူနိုင်းနိုင်ငံကို ထွက်ခွာသွားပါတယ်။

မနှစ် ဩဂုတ်လက ထိုင်းနိုင်ငံကို အဖမ်းခံဖို့ ပြန်လာတော့ ထိုင်းကိုမလာခင် အရင်ဆုံးကမ္ဘောဒီးယားကို သွားပြီး ဟွန်ဆန်ရဲ့ အသက် ၇၁ နှစ်ပြည့် မွေးနေ့ပွဲကို သွားရောက်ချီးမြှင့်အားပေးခဲ့ပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013