
နိုင်ငံတော်သစ္စာဖောက်ဖျက်မှုနဲ့ ထောင်ဒဏ် ၂၅ နှစ် ကျခံနေရတဲ့ အတိုက်အခံခေါင်းဆောင် ခမ်ဆိုးခါးကို တော်ဝင် လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်တယ်လို့ ဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်က ပြောပါတယ်။
ယာယီ နိုင်ငံတော်အကြီးအကဲတာဝန် ယူထားတဲ့ ဟွန်ဆန်ဟာ ဘုရင် နိုရိုဒွန်သီဟမုနိ ကိုယ်စား လွတ်ငြိမ်းချမ်းသာခွင့်အမိန့်ကို လက်မှတ်ရေးထိုးခဲ့တာပါ။
သားဖြစ်သူ ဟွန်မာနက်က ဝန်ကြီးချုပ် ဖြစ်လာအပြီး ဟွန်ဆန်ဟာ အထက်လွှတ်တော်ဥက္ကဋ္ဌ တာဝန်ယူထားသလို ဘုရင် နိုင်ငံတွင်းမှာမရှိချိန် ဒါမှမဟုတ် ကျန်းမာရေးကြောင့် တာဝန်မထမ်းဆောင်နိုင်ချိန်မှာ ဘုရင့်လုပ်ပိုင်ခွင့်ကိုပါ ကျင့်သုံးတာဖြစ်ပါတယ်။
ဆိုးခါးဟာ အမေရိကန်ဒီမိုကရေစီရေးအဖွဲ့တွေရဲ့ အကူအညီ ရယူခဲ့တယ်ဆိုတဲ့ ဗီဒီယိုတခုကြောင့် ၂၀၁၇ ခုနှစ်မှာ ဖမ်းဆီးခံခဲ့ရပါတယ်။
အဲဒီနောက် ၂၀၂၃ ခုနှစ်မှာ အပြစ်ရှိကြောင်း ဆုံးဖြတ်ခံရပြီး အကျယ်ချုပ်ကျခံနေရပေမဲ့ ဒါဟာ နိုင်ငံရေးအရ လုပ်ကြံမှုဖြစ်တယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက ဝေဖန်ခဲ့ကြပါတယ်။
ဒီလွတ်ငြိမ်းချမ်းသာခွင့်ဟာ အမျိုးသားညီညွတ်ရေးကို ပိုမိုခိုင်မာစေတယ်လို့ ဝန်ကြီးချုပ် ဟွန်မာနက်က မှတ်ချက်ပြုပါတယ်။
ဒါပေမဲ့ ပြီးခဲ့တဲ့ ဧပြီလကမှ အယူခံပယ်ချခံထားရတဲ့ ဆိုးခါးအတွက် နိုင်ငံရေးလုပ်ခွင့်နဲ့ ပြည်ပထွက်ခွာခွင့် ၅ နှစ် ပိတ်ပင်ထားတာကိုတော့ ရုပ်သိမ်းမပေးခဲ့ပါဘူး။
ဒီဆုံးဖြတ်ချက်ဟာ မတရားမှုကို တစိတ်တပိုင်း ပြင်ဆင်လိုက်တာဖြစ်ပေမဲ့ နိုင်ငံရေးပါဝင်ခွင့် ပိတ်ပင်ထားဆဲ ဖြစ်တာကတော့ ဆိုးရွားတယ်လို့ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့က အီလိန်းပီယာဆန်က ထောက်ပြပါတယ်။
ဆိုးခါး ဖမ်းဆီးခံရချိန်တုန်းက လွတ်လပ်တဲ့မီဒီယာတွေကို နှိမ်နင်းခဲ့ပြီး ကမ္ဘောဒီးယား ဒေးလီးသတင်းစာလည်း ပိတ်သိမ်းခံခဲ့ရပါတယ်။
သူ့ရဲ့ ကမ္ဘောဒီးယား အမျိုးသားကယ်တင်ရေးပါတီကိုလည်း ရွေးကောက်ပွဲဝင်ခွင့် ပိတ်ပင်ခဲ့တာကြောင့် ကမ္ဘောဒီးယားဟာ တပါတီစနစ်နိုင်ငံလို ဖြစ်သွားခဲ့ပါတယ်။
အမေရိကန်သံရုံးကလည်း ဒီအမှုဟာ လုပ်ကြံဖန်တီးထားတာဖြစ်ပြီး တရားမျှတမှု မရှိဘူးလို့ အဲဒီအချိန်က ပြစ်တင်ခဲ့ပါတယ်။
Source: Reuters










