
ကမ္ဘောဒီးယားနိုင်ငံ၊ အရှေ့တောင်ပိုင်းမှာ နိုဝင်ဘာ ၁၀ ရက် မနက်ပိုင်းက ကျောင်းသား ၂၆ ယောက် လိုက်ပါလာတဲ့ ဗန်ကားတစီး ရေကန်ထဲကို တိမ်းမှောက် ကျရောက်ခဲ့တာကြောင့် ကျောင်းသူ ၅ ယောက် သေဆုံးသွားခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
ယာဉ်ထိန်းရဲအရာရှိ မေဗွန်သွန်းက “မတော်တဆမှု မဖြစ်ပွားခင်က ဗန်ကားထဲမှာ ကျောင်းသား ကျောင်းသူ ၂၆ ယောက်နဲ့ ယာဉ်မောင်းတယောက်၊ စုစုပေါင်း ၂၇ ယောက် ပါလာပါတယ်။ လူ ၂၁ ယောက်ကို ကယ်တင်နိုင်ခဲ့ပေမဲ့ ကျောင်းသူ ၅ ယောက်ကတော့ သေဆုံးသွားခဲ့ပါတယ်” လို့ ပြောပါတယ်။
အဲဒီဗန်ကားဟာ ဆိုင်ကယ်တစီးကို ရှောင်တိမ်းဖို့ ကြိုးပမ်းရင်း ရေကန်ထဲကို တိမ်းမှောက်သွားခဲ့ တာလို့ ခရိုင်ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးက ဒေသတွင်း မီဒီယာတွေကို ပြောကြားခဲ့ပြီး တာဝန်ရှိသူတွေက ယာဉ်မောင်းကို ထိန်းသိမ်းထားကာ ဆက်လက်စုံစမ်းနေတယ်လို့ ဆိုပါတယ်။
အဲဒီလို ရေထဲပြုတ်ကျသွားတဲ့အခါ ဒေသခံတွေက အပြေးအလွှား ဝင်ရောက်ကူညီခဲ့ကြပေမဲ့ အသက် ၁၂ နှစ်နဲ့ ၁၃ နှစ်ကြား အရွယ် အဲဒီကျောင်းသူတွေဟာ ကားအတွင်းမှာ ပိတ်မိနေခဲ့ကာ ကယ်ဆယ်ရေးသမားတွေ အချိန်မီ မရောက်ရှိနိုင်ခဲ့ဘူးလို့ ဒေသခံတွေက ဆိုပါတယ်။
အဲဒီမတော်တဆမှုကြောင့် သေဆုံးသွားသူတွေထဲမှာ ၁၃ နှစ်အရွယ် ကျောင်းသူ လန်ယိုလင်းလည်း ပါဝင်ပြီး မိသားစုဝင်တွေက သူ့ရဲ့ ရုပ်အလောင်းကို အိမ်ကို ပြန်လည်သယ်ဆောင်လာကာ ဝမ်းနည်းပူဆွေးမှု အထိမ်းအမှတ်နဲ့ ဝိညာဉ်ခေါ်ယူတဲ့ ရိုးရာဆုတောင်းပွဲတွေကို လုပ်ဆောင်နေကြပြီ ဖြစ်ပါတယ်။
ခဆက် ကန်ဒယ်လ်ခရိုင်ထဲက အခင်းဖြစ်တဲ့နေရာက ရုပ်သံမှတ်တမ်းတွေမှာ ဗန်ကားအတွင်းပိုင်း ပျက်စီးနေပုံ၊ ကားသော့တောင် မဖြုတ်ရသေးဘဲ အင်ဂျင်စက်နှိုးတဲ့နေရာမှာ ရှိနေပုံနဲ့ ပစ္စည်းအသုံး အဆောင်တွေ ရေကန်နားမှာ ပြန့်ကျဲနေတာတွေကို တွေ့ရပါတယ်။
Source: Reuters











