
၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၈ ရက်မှာ ရွေးကောက်ပွဲ ကျင်းပမယ်လို့ ထိုင်း ရွေးကောက်ပွဲကော်မရှင်က ဒီဇင်ဘာ ၁၅ ရက်က ထုတ်ပြန်လိုက်တာကြောင့် သက်ဆိုင်ရာ နိုင်ငံရေးပါတီအသီးသီးက မိမိပါတီထဲမှ သင့်တော်ရာပုဂ္ဂိုလ်တွေကို ဝန်ကြီးချုပ်လောင်းအဖြစ် ရွေးချယ်တင်မြှောက်နေကြပါတယ်။
ဆွေစဉ်မျိုးဆက် ဝန်ကြီးချုပ်နေရာ ရခဲ့ကြတဲ့ ဖွေ့ထိုင်းပါတီကလည်း ပါတီထဲမှ ပုဂ္ဂိုလ် ၃ ယောက်ကို ရွေးချယ်တင်မြှောက်ခဲ့ပါတယ်။ အဆိုပါ ၃ ယောက်မှာ ကျူလဖန်း အမွမ်ဝိဝပ် (ဘဏ္ဍာရေးဒုဝန်ကြီ)၊ ဆူရိယ ကျစ်ရုန့်ရိန်းကစ် (လမ်းပန်းဆက်သွယ်ရေးဝန်ကြီး) နဲ့ မဟီဒေါတက္ကသိုလ် သုတေသနဌာန ပါမောက္ခ ဒေါက်တာယုဒ်ချနန် ဝုန်းဆဝပ်တို့ ဖြစ်ကြပါတယ်။
အဆိုပါ ၃ ယောက်ထဲမှာ ပထမဦးစားပေးဝန်ကြီးချုပ်လောင်းကတော့ ပါမောက္ခ ဒေါက်တာ ယုဒ် ချနန် ဝုန်းဆဝပ်ပဲ ဖြစ်ပါတယ်။
သူ့ရဲ့ဖခင် ဆုမ်ချိုင်းဝုန်းဆဝပ်ဟာ ထိုင်းနိုင်ငံရဲ့ ၂၆ ယောက်မြောက် ဝန်ကြီးချုပ်ဖြစ်ခဲ့ပြီး မိခင် ယောဝ်ဝဖားဝုန်းဆဝပ်ကတော့ ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်ရဲ့ ညီမအရင်း ဖြစ်ပါတယ်။
ဒါကြောင့် ဒေါက်တာယုဒ်ချနန်ဟာ ဝန်ကြီးချုပ်ဟောင်း ဆုမ်ချိုင်းရဲ့သား၊ ဝန်ကြီးချုပ်ဟောင်းတွေ ဖြစ်တဲ့ သက်ဆင်နဲ့ ယင်လပ်ရဲ့ တူမောင်၊ ဝန်ကြီးချုပ်ဟောင်း ဖဲထောင်းထန်း ရှင်နာဝပ်ရဲ့ ဝမ်းကွဲအစ်ကို တော်စပ်ပါတယ်။
ဒေါက်တာယုဒ်ချနန်ဟာ ထိုင်းမြောက်ပိုင်း ချင်းမိုင်မြို့ဇာတိဖြစ်ပြီး လက်ရှိ အသက် ၄၆ နှစ်ရှိပြီ ဖြစ်ပါတယ်။ ထမဆတ်တက္ကသိုလ်၊ သီရိဒုံအပြည်ပြည်ဆိုင်ရာနည်းပညာတက္ကသိုလ်မှ လျှပ်စစ်အင်ဂျင်နီယာဘွဲ့၊ အမေရိကန်ပြည်ထောင်စု၊ အာလင်တန်မြို့ တက္ကဆက်တက္ကသိုလ်၊ အင်ဂျင်နီယာဌာနမှ လျှပ်စစ်အင်ဂျင်နီယာဘာသာရပ်ဖြင့် မဟာဘွဲ့နဲ့ ပါရဂူဘွဲ့တွေ ရရှိထားပြီး မသန်စွမ်းသူတွေကို ကူညီဖို့ ဦးနှောက်အချက်ပြမှုများ အသုံးပြုခြင်းဆိုင်ရာ စာတမ်းတစောင် ပြုစုခဲ့ပါတယ်။
သူဟာ မဟီဒေါတက္ကသိုလ် သုတေသနဌာနရဲ့ ဒုဥက္ကဋ္ဌ၊ ဇီဝဆေးပညာ အင်ဂျင်နီယာပါမောက္ခနဲ့ ဖဲထောင်းထန်းအစိုးရလက်ထက်မှာ အင်ဂျင်နီယာဌာန ဒစ်ဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီရဲ့ ဒါရိုက်တာအဖြစ် ဆောင်ရွက်ခဲ့ပါတယ်။
ဖွေ့ထိုင်းပါတီရဲ့ မူရင်း ထိုင်းရတ်ထိုင်းပါတီ စတင်တည်ထောင်ကတည်းက ပါတီဝင်ဖြစ်ခဲ့ပြီး လွန်ခဲ့တဲ့ ၁၁ နှစ် ရွေးကောက်ပွဲမှာ ဖွေ့ထိုင်းပါတီအမတ်လောင်းအနေနဲ့ ချင်းမိုင်မဲဆန္ဒနယ် ၃ မှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပေမဲ့ အဆိုပါရွေးကောက်ပွဲ ပျက်ပြားခဲ့လို့ အမတ်အဖြစ်က လွဲခဲ့ပါတယ်။
ခုလာမဲ့ ၂၀၂၆ ရွေးကောက်ပွဲမှာ သူ့ကို ဝန်ကြီးချုပ်လောင်းအဖြစ် တင်မြှောက်ခဲ့တဲ့ ဖွေ့ထိုင်းပါတီ ဗဟိုအလုပ်အမှုဆောင်တွေ၊ အဖွဲ့ဝင်အားလုံးကို ကျေးဇူးတင်ကြောင်း၊ သူဟာ အရင်ဝန်ကြီးချုပ်တွေနဲ့ ဆွေမျိုးတော်ခဲ့တာလည်း အခွင့်အလမ်းကောင်းတခု ဖြစ်တယ်၊ အရင်ကလည်း နိုင်ငံ့အကျိုးကို ဆောင်ရွက်ခဲ့တယ်၊ ဒီရာထူးရရင် နိုင်ငံ့အကျိုးကို ပိုမိုဆောင်ရွက်နိုင်မှာ ဖြစ်လို့ ဒီရွေးချယ်မှုကို လက်ခံရတာဖြစ်တယ်၊ သူ့ဘဝမှာ ထိုင်းလူမျိုးတယောက် ဖြစ်ရတာ ကံကောင်းတယ်၊ ဂုဏ်ယူတယ်၊ တကယ်ကြိုးစားရင် ထိုင်းအနေနဲ့ မဖြစ်နိုင်တာ ဘာမှမရှိဘူး၊ လုပ်ရင် အောင်မြင်တယ်လို့ ယုံကြည်ကြောင်း ဒီဇင်ဘာ ၁၅ ရက်က ကျင်းပတဲ့ ဖွေ့ထိုင်းဝန်ကြီးချုပ်လောင်းများ မိတ်ဆက်ပွဲမှာ ပြောကြားခဲ့ပါတယ်။
ထိုင်းနိုင်ငံဟာ လွန်ခဲ့သော ၁၉၉၇ ခုနှစ်က “တုမ့်ယန်းကုန့်” လို့ ခေါ်တဲ့ စီးပွားရေးပျက်ကပ် ဆိုက်ခဲ့တယ်၊ အခက်အခဲကြုံချိန် ကယ်တင်ရှင်ပေါ်လာစမြဲ၊ ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ် ဦးဆောင်တဲ့ ထိုင်းရတ်ထိုင်းပါတီဟာ အဲဒီစီးပွားရေး ကျပ်တည်းမှုကြီးကို ဦးဆောင်ကျော်ဖြတ်လာနိုင်ခဲ့တယ်။
လက်ရှိ ထိုင်းရဲ့ ပြဿနာဟာလည်း စီးပွားရေးကျဆင်းနေချိန်လို့ မြင်တယ်၊ ၁၉၉၇ က စီးပွားရေးပြဿနာကို ထိုင်းတနိုင်ငံပဲ ကြုံရတယ်၊ လက်ရှိ စီးပွားရေးပြဿနာကတော့ ကမ္ဘာ့နိုင်ငံတွေမှာပါ ဖြစ်ပေါ်နေတယ်၊ ထိုင်းရဲ့ GDP စီးပွားရေးညွှန်းကိန်း ကျဆင်းလာတာကို ကျနော်တို့ ဖြေရှင်းနိုင်မယ်လို့ ယုံကြည်တယ်။ ထိုင်းနိုင်ငံမှာ သက်ကြီးရွယ်အိုလူဦးရေက မျိုးဆက်သစ်လူငယ်တွေထက် များနေတယ်၊ ဒါကြောင့် အနာဂတ်နိုင်ငံထူထောင်ရေးမှာ လူအားထက် နည်းပညာတွေကို ပိုမိုအသုံးပြုရမယ်။ ခေတ်မီ သိပ္ပံနဲ့ နည်းပညာ ဆန်းသစ်တီထွင်မှုတွေနဲ့ ကမ္ဘာကြီးနဲ့ ရင်ပေါင်တန်းကာ နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်မယ်လို့ သူ့ရဲ့အမြင်သဘောထားကို တင်ပြသွားပါတယ်။
ဖွေ့ထိုင်းပါတီသာ အနိုင်ရခဲ့ရင် “ထိုင်းနိုင်ငံကို ပြုပြင်မွမ်းမံဖို့ ဖွေ့ထိုင်းပါတီက ဆောင်ရွက်နိုင်တယ်” ဆိုတဲ့ ဆောင်ပုဒ်နဲ့အညီ ၄ နှစ်တာကာလအတွင်း ထိုင်းနိုင်ငံရဲ့ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး အစရှိတဲ့ အခြေခံအဆောက်အအုံတွေကို တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်နိုင်မယ်လို့ ယုံကြည်ကြောင်း ဒေါက်တာယုဒ်ချနန် ဝုန်းဆဝပ် က သူ့ကိုယ်သူမိတ်ဆက်ပွဲမှာ ပြောကြားခဲ့ပါတယ်။
Source : Thai Post / Thai PBs / ဖွေ့ထိုင်းပါတီ











