
ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ် ထောင်ကျနေချိန်မှာ ဆေးရုံမှာပဲ နေထိုင်ခွင့်ရခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်ပြီးတော့ အကျဉ်းဦးစီးဌာနဲ့ ထောင်ဆေးရုံ တာဝန်ရှိသူတွေ လာရောက်ထွက်ဆိုဖို့ ဇူလိုင် ၁၅ ရက်မှာ တရားရုံးချုပ်က သမ္မန်စာထုတ် ဆင့်ခေါ်သွားမယ်လို့ ဘန်ကောက်ပို့စ် သတင်းစာက ဖော်ပြပါတယ်။
သက်ဆင် ထိုင်းကို ပြန်ရောက်လာပြီးတဲ့နောက် ထောင်ဒဏ်ကျခံရကတည်းက ရဲတပ်ဖွဲ့ အထွေထွေဆေးရုံကြီး (Police General Hospital) မှာပဲ လနဲ့ချီ နေခွင့်ရအောင် လုပ်ထုံးလုပ်နည်းတွေအရ အဆင်ပြေအောင် လုပ်ပေးခဲ့တဲ့ တာဝန်ရှိသူတွေကို ဆင့်ခေါ်တာ ဖြစ်ပါတယ်။
အကျဉ်းဦးစီးဌာန ညွှန်ချုပ်၊ ဒုညွှန်ချုပ်၊ ဘန်ကောက်ရမန်အကျဉ်းထောင် ညွှန်မှူးဟောင်းနဲ့၊ ထောင်ဆေးရုံဌာန ညွှန်မှူးဟောင်းတို့ကို ဆင့်ခေါ်တာဖြစ်ပါတယ်။
သောကြာနေ့မှာတော့ ရဲဆေးရုံကြီးမှာ သက်ဆင်ကို ကုသပေးခဲ့တဲ့ ဆရာဝန် ၂ ယောက်ကို ခေါ်ယူစစ်မေးမှာ ဖြစ်ပါတယ်။
နောက်တပတ်ကျရင်တော့ သက်ဆင်ကို ဆေးရုံမှာ လချီနေခွင့်ပေးတဲ့ အကြောင်းပြချက်အဖြစ် ဖော်ပြထားတဲ့ နာမကျန်းမှုတွေအကြောင်း တတ်သိနားလည်တယ်လို့ ထိုင်းဆေးကောင်စီက ရွေးချယ်ပေးထားတဲ့ ပညာရှင် ၂ ယောက်က လာရောက်ရှင်းလင်းမှာ ဖြစ်ပါတယ်။
နာမည်ကြီး အကျဉ်းသားတယောက်ကို ဆေးကုသတယ်လို့ အကြောင်းပြပြီး ထောင်ပြင်ပမှာ ကာလရှည် နေထိုင်ခွင့်ပေးခဲ့ရာမှာ ဥပဒေ လုပ်ထုံးလုပ်နည်းတွေနဲ့ ကိုက်ညီမှု ရှိ၊ မရှိ မေးခွန်းထုတ်ခံနေရတာ ဖြစ်ပါတယ်။
Source: Reuters











