
ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ် ဟာ လွန်ခဲ့တဲ့ အနှစ် ၂၀ နီးပါးက သူ့ရဲ့ ရှင်းကော်ပိုရေးရှင်း အစုရှယ်ယာတွေ ရောင်းချခဲ့မှုအတွက် အခွန်ငွေ အမေရိကန်ဒေါ်လာ သန်း ၅၄၀ (ဘတ်ငွေ ၁၇ ဒသမ ၆ ဘီလီယံ) ပေးဆောင်ဖို့ တရားရုံးချုပ်က နိုဝင်ဘာ ၁၇ ရက်မှာ အမိန့်ချလိုက်ပါတယ်။
၂၀၀၆ ခုနှစ်တုန်းက ရှင်းကော်ပိုရေးရှင်းကို စင်ကာပူရဲ့ တီမားဆက် ဦးပိုင်လုပ်ငန်းဆီ အခွန်လွတ် ရောင်းချခဲ့တာဖြစ်ပြီး ရှင်နာဝပ် မိသားစုဟာ အမေရိကန်ဒေါ်လာ ၁ ဒသမ ၉ ဘီလီယံ ရရှိခဲ့ပါတယ်။
အဲဒီရောင်းချမှုဟာ အငြင်းပွားဖွယ်ရာတွေနဲ့ အဂတိလိုက်စားမှု စွပ်စွဲချက်တွေ ဖြစ်စေခဲ့ပြီး အဲဒီနှစ်နှောင်းပိုင်းမှာပဲ စစ်တပ်က အာဏာသိမ်းခဲ့ပါတယ်။
အာဏာသိမ်းခံရပြီးနောက် သက်ဆင်ဟာ ဆယ်စုနှစ်တခုကျော် ပြည်ပမှာ တိမ်းရှောင်ခဲ့ရပါတယ်။
အခု အသက် ၇၆ နှစ်အရွယ် သက်ဆင်ဟာ တခြားအဂတိလိုက်စားမှုတွေအတွက် လက်ရှိ ဘန်ကောက်အကျဉ်းထောင်မှာ ထောင်ဒဏ်တနှစ် ကျခံနေရဆဲ ဖြစ်ပါတယ်။
အခုအခွန်အမှုမှာ အယူခံတရားရုံးရဲ့ ဆုံးဖြတ်ချက်ကို တရားရုံးချုပ်က ပယ်ဖျက်ခဲ့တာပါ။ ဒါကြောင့် ၂၀၁၇ ခုနှစ်ကတည်းက အခွန်ဦးစီးဌာနရဲ့ တောင်းခံချက်အတိုင်း ပေးဆောင်ဖို့ အမိန့်ချခဲ့တာ ဖြစ်ပါတယ်။
ရှင်နာဝပ် မိသားစုဟာ ထိုင်းစစ်တပ်အသိုက်အဝန်းနဲ့ နိုင်ငံရေးအရ အစဉ်အဆက် အားပြိုင်ခဲ့ရပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လတုန်းကလည်း သမီးဖြစ်သူ ဖဲထောင်းထန်း ဝန်ကြီးချုပ်ရာထူးကနေ ဖယ်ရှားခံခဲ့ရပါတယ်။











