DVB Logo
Home
နိုင်ငံတကာ
ဆမ်ဆောင်း ပိုင်ရှင်မိသားစုက ဒေါ်လာ ၈ ဘီလီယံ စံချိန်တင်အမွေခွန် ပေးချေ
DVB
·
May 5, 2026
Photo: Reuters
Photo: Reuters
Donate to DVB

ဆမ်ဆောင်း ကော်ပိုရိတ်လုပ်ငန်းစုရဲ့ ပိုင်ရှင်မိသားစုကြီးဟာ သူတို့ပေးဆောင်ရမယ့် အမွေခွန် ဝမ် ၁၂ ထရီလီယံ (ဒေါ်လာ ၈ ဘီလီယံ) ကို အပြီးသတ် ပေးချေလိုက်ပြီ ဖြစ်ကြောင်း မေ ၃ ရက်က အတည်ပြုပါတယ်။ 

ဒါဟာ တောင်ကိုရီးယားသမိုင်းတလျှောက် အများဆုံးပေးဆောင်ခဲ့တဲ့ အမွေခွန်ပမာဏဖြစ်သလို ၂၀၂၄ ခုနှစ်အတွင်း တနိုင်ငံလုံးမှာ ကောက်ခံရရှိလာတဲ့ အလားတူအခွန်ငွေရဲ့  တဆခွဲလောက်နဲ့ ညီမျှတယ်လို့လည်း ဆိုပါတယ်။ 

လွန်ခဲ့တဲ့ ၅ နှစ်အတွင်း အဲဒီအခွန်ငွေကို လက်ရှိဥက္ကဋ္ဌ လီဂျေယောင်း (Lee Jae-yong) နဲ့ မိခင်ဖြစ်သူ အပါအဝင် ညီမ ၂ ယောက် စတဲ့ မိသားစုဝင်တွေက အရစ်ကျ ၆ ကြိမ်ခွဲပြီး ပေးဆောင်ခဲ့ကြတာပါ။ 

၂၀၂၀ ပြည့်နှစ် အောက်တိုဘာလက ကွယ်လွန်သွားခဲ့တဲ့ ဆမ်ဆောင်း ဥက္ကဋ္ဌဟောင်း လီကွန်ဟီး (Lee Kun-hee) ဟာ အမွေအနှစ်တွေကို ချန်ရစ်ထားခဲ့တဲ့အလျောက် ရှယ်ယာတွေ၊ အိမ်ခြံမြေတွေနဲ့ အဖိုးတန်အနုပညာပစ္စည်းတွေ အားလုံးပေါင်းလိုက်မယ်ဆိုရင် ဝမ် ၂၆ ထရီလီယံ (ဒေါ်လာ ၁၇ ဘီလီယံ) ကျော် တန်ကြေးရှိပါတယ်။ 

အခုလိုမျိုး တောင်ကိုရီးယားရဲ့ မိသားစုပိုင် လုပ်ငန်းကြီးတွေကို ချေးဘိုးလ် (Chaebol) လို့ သိထားကြပြီး အဲဒီထဲမှာ ဆမ်ဆောင်းက အကြီးမားဆုံး ဖြစ်တဲ့အပြင် လျှပ်စစ်ပစ္စည်းတွေ၊ အကြီးစားစက်မှုလုပ်ငန်းတွေ၊ ဆောက်လုပ်ရေးနဲ့ ငွေကြေးဝန်ဆောင်မှု ကဏ္ဍအထိပါ ဖြန့်ကြက်ထားနိုင်ပါတယ်။ 

“အခွန်ဆောင်တယ်ဆိုတာ နိုင်ငံသားတွေရဲ့ ပင်ကိုတာဝန်တခုပါ” လို့ ဆမ်ဆောင်း ပိုင်ရှင်မိသားစုရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။ 

Bloomberg ဘီလီယံနာညွှန်းကိန်းအရ ဆိုရင်လည်း လီ မိသားစုရဲ့ စုစုပေါင်း ကြွယ်ဝမှုဟာ ဒေါ်လာ ၄၅ ဘီလီယံနဲ့ အထက်ရှိကြောင်း သိရပါတယ်။ 

ကမ္ဘာတဝန်း AI ဉာဏ်ရည်တုနည်းပညာ နယ်ပယ်မှာ ကွန်ပျူတာချစ်ပ် ဝယ်လိုအား များပြားလာတာနဲ့အမျှ Samsung Electronics ရဲ့  စတော့စျေးကွက်တန်ဖိုးကို မြင့်တက်စေခဲ့ပြီး လီမိသားစုရဲ့ ပိုင်ဆိုင်မှုဟာ ပြီးခဲ့တဲ့နှစ်အတွင်း ၂ ဆမက တိုးပွားလာခဲ့ပါတယ်။ 

ဒါ့အပြင် ဆမ်ဆောင်းဟာ ကမ္ဘာ့အကြီးမားဆုံး စမတ်ဖုန်း ကုမ္ပဏီတွေထဲက တခုဖြစ်သလို ရုပ်သံတီဗီတွေကို အဓိက ထုတ်လုပ်နေတဲ့ လုပ်ငန်းအနေနဲ့လည်း ရပ်တည်နေပါတယ်။ 

ဒါပေမဲ့ ဂျေဝိုင်လီ (JY Lee) ဆိုပြီး လူသိများတဲ့ JY Lee -ဥက္ကဋ္ဌဟာ အမျိုးသမီးသမ္မတဟောင်း ပတ်ဂွန်ဟေး (Park Geun-hye) ရဲ့ အဂတိလိုက်စားမှု အရှုပ်တော်ပုံအတွင်း ပါဝင်ပတ်သက်ခဲ့မှုအရ ထောင်ဒဏ်တနှစ်ခွဲကျော် ကျခံခဲ့ရဖူးပါတယ်။

Source: Reuters  

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013