နျူလက်နက် တိုးချဲ့အသုံးပြုမည့် မြောက်ကိုရီးယားအစီအစဉ် ချက်ချင်းရပ်ရန် တောင်ကိုရီးယား တိုက်တွန်း

ကိုရီးယားကျွန်းဆွယ်ပေါ်မှာ နည်းဗျူဟာမြောက် နျူကလီးယားလက်နက်တွေ တိုးချဲ့အသုံးပြုဖို့ မြောက်ကိုရီးယားဘက်က ရည်ရွယ်ထားကြောင်း ထုတ်ဖော်ပြောဆိုလာမှုအပေါ် တောင်ကိုရီးယား စစ်တပ်အနေနဲ့ အလေးအနက်ထား စောင့်ကြည့်နေတယ်လို့ တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီး ဌာနက နိုဝင်ဘာ ၂၆ ရက်မှာ ပြောပါတယ်။
ကိုရီးယားကျွန်းဆွယ်နဲ့ ဒေသတွင်းငြိမ်းချမ်းတည်ငြိမ်ရေးကို အကြောင်းပြကာ နျူကလီးယား လက်နက် ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်နေမှုအပေါ် ခုခံပြောဆိုနေတာတွေ ချက်ချင်းရပ်တန့်ဖို့ ပြုံယမ်းကို တိုက်တွန်းလိုက်တယ်လို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်တွေကို လိုက်နာ အကောင်အထည်ဖော်ဖို့လည်း တိုက်တွန်းထားတယ်လို့ ဆိုပါတယ်။
တောင်ကိုရီးယားအနေနဲ့ အမေရိကန်ပြည်ထောင်စုနဲ့ ဖွဲ့စည်းထားတဲ့ နျူကလီးယား အတိုင်ပင်ခံအဖွဲ့ (NCG) ကတဆင့် ညှိနှိုင်းတိုင်ပင်ပြီး တိုးချဲ့ဟန့်တားကာကွယ်နိုင်စွမ်း ထိရောက်မှုကို ပိုမိုအားကောင်းအောင် လုပ်ဆောင်နေသလို၊ တောင်ကိုရီးယားရဲ့ ဘက်စုံကာကွယ်ရေးစနစ် သုံးရပ်ကိုလည်း ထပ်မံအဆင့်မြှင့်တင်ပြီး မြောက်ကိုရီးယားရဲ့ ဘယ်လို နျူကလီးယား ခြိမ်းခြောက်မှုမျိုးကိုမဆို တုံ့ပြန်ဖို့ ခိုင်မာတဲ့ စစ်ရေး အသင့်ပြင်ဆင်မှု အခြေအနေကို ထိန်းသိမ်းထားတယ်လို့ ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဂျောင်ဘစ်နာက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
မြောက်ကိုရီးယားခေါင်းဆောင် ဂင်မ်ဂျုံအန်းက နျူကလီးယားဆိုင်ရာ စက်ရုံ၊ အဆောက်အအုံ တွေကို သွားရောက်စစ်ဆေးခဲ့ပြီး နယ်ပယ်ကဏ္ဍပေါင်းစုံမှာ နည်းဗျူဟာမြောက် နျူကလီးယား လက်နက်တွေ ဖြန့်ကြက်ချထားရေးကို အာရုံစိုက်သင့်တယ်လို့ ပြောခဲ့ကြောင်း မြောက်ကိုရီးယား နိုင်ငံပိုင်သတင်းဌာနက ဖော်ပြခဲ့ပြီးနောက်မှာ အခုလို တုံ့ပြန်မှု ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
မြောက်ကိုရီးယားရဲ့ နျူကလီးယားလက်နက်ပိုင်ဆိုင်တဲ့ နိုင်ငံအဖြစ် ရပ်တည်နေမှုဟာ လုံးဝ ချိုးဖောက် ထိပါးလို့ မရနိုင်တဲ့ အရာဖြစ်တယ်လို့လည်း ဂင်မ်ဂျုံအန်းက ပြောခဲ့ကြောင်း မြောက်ကိုရီးယား နိုင်ငံပိုင်မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။
Source:Reuters











