ပြုံယမ်းမြို့ရှိ ဆွစ်ဇာလန်သံတမန်ရုံးကို မြောက်ကိုရီးယား ပိတ်ပစ်ဖွယ်ရှိ

ရုရှားသိမ်းပိုက်ထားတဲ့ ယူကရိန်းနယ်မြေတွေက ကလေးငယ်တွေကို လွှဲပြောင်းခေါ်ဆောင်မှုနဲ့ ပတ်သက်ပြီး မြောက်ကိုရီးယား ကလေးသူငယ်စခန်းတခုအပေါ် ဆွစ်ဇာလန်က ဒဏ်ခတ်ပိတ်ဆို့မှုတွေ လုပ်ခဲ့တဲ့အတွက် မြောက်ကိုရီးယားက နိုဝင်ဘာ ၂၄ ရက်မှာ ပြစ်တင်ရှုတ်ချလိုက်ပြီး ပြုံယမ်းမြို့က ဆွစ်ဇာလန် သံတမန်ရုံးကို ပိတ်ပစ်ဖို့ စဉ်းစားသွားမယ်လို့ ပြောကြားလိုက်ကြောင်း နိုင်ငံပိုင်မီဒီယာက ဖော်ပြပါတယ်။
ဆွစ်ဇာလန်ရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေဟာ နိုင်ငံရဲ့ အချုပ်အခြာအာဏာကို ထိပါးချိုးဖောက်ရာ ရောက်ပြီး ပြုံယမ်းအပေါ် ရန်လိုမှုကို ပြသတဲ့လုပ်ရပ် ဖြစ်တယ်လို့ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းရဲ့ ဩဇာကြီးမားတဲ့ ညီမဖြစ်သူ ကင်မ်ယိုးဂျုံက ပြောကြားခဲ့ကြောင်း နိုင်ငံပိုင် KCNA သတင်းဌာနက ဖော်ပြပါတယ်။
ရုရှားသိမ်းပိုက်ထားတဲ့ ယူကရိန်းနယ်မြေတွေက ကလေးငယ်တွေကို လွှဲပြောင်းခေါ်ဆောင်ရာမှာ ရုရှားနဲ့ဆက်နွှယ်တဲ့ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်ခဲ့တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ မြောက်ကိုရီးယားရဲ့ ဆောင်ဒိုဝန် နိုင်ငံတကာကလေးစခန်းကို ဆွစ်ဇာလန်က သူတို့ရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုစာရင်းထဲ ထည့်သွင်းခဲ့ကြောင်း ဗွီအိုအေ သတင်းဌာနက ပြီးခဲ့တဲ့အပတ်က ဖော်ပြခဲ့ပါတယ်။
ဆွစ်ဇာလန်ရဲ့ အဲဒီအရေးယူဆောင်ရွက်မှုကိုတော့ ရိုက်တာသတင်းဌာနအနေနဲ့ ချက်ချင်း အတည်မပြုနိုင်သေးပါဘူး။
ဒီဒဏ်ခတ်ပိတ်ဆို့မှုတွေဟာ ကလေးငယ်အားလုံးကို ယဉ်ကျေးမှုနဲ့ အပန်းဖြေခွင့်တွေ ပေးအပ်ရမဲ့ မြောက်ကိုရီးယားရဲ့ တာဝန်ဝတ္တရားကို ငြင်းပယ်ရာရောက်ပြီး လူသားချင်းစာနာထောက်ထားမှုကို မြှင့်တင်ပေးတဲ့ နိုင်ငံတနိုင်ငံအဖြစ် နိုင်ငံတကာမှာ ရရှိထားတဲ့ ဂုဏ်သတင်းအပေါ် “ဖျောက်ဖျက်မရနိုင်တဲ့ အမည်းစက်” တခု ဖြစ်စေတယ်လို့ ကင်မ်ယိုးဂျုံက ထုတ်ပြန်ချက်တခုမှာ ပြောကြားခဲ့ပါတယ်။
“ပြုံယမ်းမြို့က ဆွစ်ဇာလန်သံတမန်ရုံးကို ရုပ်သိမ်းရေးကိစ္စနဲ့ ပတ်သက်ပြီး ရက်အနည်းငယ်အတွင်း တင်းတင်းကျပ်ကျပ် စိစစ်သုံးသပ်ဖို့နဲ့ သင့်လျော်တဲ့ အရေးယူဆောင်ရွက်မှုတွေ လုပ်ဆောင်ဖို့ မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနကို အကြံပြု တိုက်တွန်းသွားပါမယ်” လို့ ကင်မ်က ပြောပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလက မြောက်ကိုရီးယားဟာ ဆွစ်ဇာလန်နိုင်ငံခြားရေးဝန်ကြီးကို လက်ခံတွေ့ဆုံခဲ့ပြီး နှစ်ဖက်စလုံးက တွေ့ဆုံဆွေးနွေးမှုနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ မြှင့်တင်ဖို့ သဘောတူညီခဲ့ကြပါတယ်။
ဒါ့အပြင် ဆွစ်ဇာလန်နိုင်ငံဟာ မကြာသေးခင်ကမှ ပြုံယမ်းမြို့မှာ သံတမန်ရုံးတရုံးကို ဖွင့်လှစ်ထားခဲ့တာ ဖြစ်ပါတယ်။
Source: Reuters











