မြောက်ကိုရီးယားတွင် ကလေးကျန်းမာရေးနေ့ အခမ်းအနား ကျင်းပ

မြောက်ကိုရီးယားနိုင်ငံ၊ ပြုံယမ်းမြို့တော်မှာ ကလေးတွေရဲ့ ဖျော်ဖြေတင်ဆက်မှုတွေ၊ ကစားနည်းတွေနဲ့ “ကလေး ကျန်းမာရေးနေ့” ကို ကျင်းပခဲ့တယ်လို့ နိုင်ငံပိုင်မီဒီယာက နိုဝင်ဘာ ၂၂ ရက်မှာ ဖော်ပြပါတယ်။
ဒီသတင်းကို လွတ်လပ်တဲ့ အရင်းအမြစ်တွေက သီးခြား အတည်မပြုနိုင်သေးပါဘူး။ မြောက်ကိုရီးယား နိုင်ငံပိုင်သတင်းဌာန KCNA က ရိုက်တာသတင်းဌာနဆီ ပို့လာတဲ့ ဗီဒီယိုဖိုင်တခုမှာတော့ နိုဝင်ဘာ ၁၉ ရက်က ခေဆွန် သူငယ်တန်းကျောင်းမှာ ကလေးငယ်တွေက ရိုးရာတေးဂီတနဲ့ ဖျော်ဖြေနေပုံတွေ၊ ကစားနည်းတွေ ကစားနေပုံတွေကို တွေ့မြင်ရပါတယ်။
ဒီအခမ်းအနားကို ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနက တာဝန်ရှိသူတွေ၊ ကလေးသူငယ်တွေကို ကူညီထောက်ပံ့ရေးဆိုင်ရာ ကိုရီးယားအသင်းက အဖွဲ့ဝင်တွေနဲ့ မြောက်ကိုရီးယားနိုင်ငံဆိုင်ရာ နိုင်ငံခြားသံတမန် အဖွဲ့ဝင်တွေ တက်ရောက်ခဲ့တယ်လို့ KCNA က ဖော်ပြပါတယ်။
မြောက်ကိုရီးယားနိုင်ငံမှာ “ကလေးကျန်းမာရေးနေ့” ကို နိုင်ငံတဝန်း တနှစ် နှစ်ကြိမ် ကျင်းပလေ့ရှိပြီး ဒေသတွင်း ဆေးခန်းတွေကမှတဆင့် ကလေးတွေရဲ့ ကျန်းမာရေးကို စစ်ဆေးပေးလေ့ရှိတယ်လို့ တောင်ကိုရီးယား ပေါင်းစည်းရေးဝန်ကြီးဌာနရဲ့ ဝက်ဘ်ဆိုက်မှာ ဖော်ပြပါတယ်။
Source: Reuters











