ပြည်တွင်း ဆောက်လုပ်ရေးလုပ်ငန်းခွင်များကို မြောက်ကိုရီးယားခေါင်းဆောင် သွားရောက်စစ်ဆေး
မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းဟာ ဟမ်ဂယောင်း တောင်ပိုင်းပြည်နယ်က ဆောက်လုပ်ရေး လုပ်ငန်းခွင်တွေကို နိုဝင်ဘာ ၁၇ နဲ့ ၁၈ ရက်တို့မှာ သွားစစ်ခဲ့တယ်လို့ နိုင်ငံပိုင်မီဒီယာ KCNA က နိုဝင်ဘာ ၁၉ ရက်မှာ ဖော်ပြပါတယ်။
ရှန်ကျန်းမြို့မှာ ကျင်းပနေတဲ့ အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (APEC) ထိပ်သီးအစည်းအဝေးနဲ့ ဆက်စပ်ပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်နဲ့ တွေ့နိုင်တယ်လို့ လေ့လာသုံးသပ်သူတချို့က ခန့်မှန်းပြောဆိုနေချိန်မှာ အခုခရီးစဉ် ပေါ်ပေါက်လာတာပါ။
အခုသီတင်းပတ်အတွင်း တရုတ်နိုင်ငံမှာ ကင်မ်နဲ့ တွေ့ကောင်းတွေ့နိုင်တယ်လို့ တနင်္လာနေ့က ထရမ့်ပ်ပြောခဲ့တဲ့ စကားအပေါ် မြောက်ကိုရီးယားဘက်က လူသိရှင်ကြား မတုံ့ပြန်သေးပါဘူး။
မြောက်ကိုရီးယား အရှေ့ပိုင်းပြည်နယ်က ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေဆီ ကင်မ် သွားတာဟာ APEC အစည်းအဝေးကို တက်ဖို့ ရည်ရွယ်ထားတာ မရှိကြောင်း ညွှန်ပြတာ ဖြစ်နိုင်တယ်လို့လည်း မီဒီယာတွေက သုံးသပ်ထားပါတယ်။
ဒါ့အပြင် APEC အစည်းအဝေးအပြီး ပြန်လာရာလမ်းမှာ ထရမ့်ပ်အနေနဲ့ မြောက်ကိုရီးယားနိုင်ငံ မြို့တော် ပြုံယမ်းကို ဝင်လည်ပတ်လာနိုင်ခြေမှာလည်း အလွန်နည်းတယ်လို့ ဆိုပါတယ်။
မြောက်ကိုရီးယားနိုင်ငံအတွင်း အမေရိကန် လုံခြုံရေးဝန်ထမ်းတွေ လှုပ်ရှားဆောင်ရွက်နေတဲ့ အရိပ်အယောင်မျိုး ခုအချိန်အထိ မတွေ့ရသေးဘူးလို့ လေ့လာသုံးသပ်သူတွေကို ကိုးကားမေးမြန်းပြီး ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။
မြောက်ကိုရီးယား အာဏာရ အလုပ်သမားပါတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင် ဂျိုယုံဝန်ဟာ ရုရှားနိုင်ငံဆီ သွားရောက်လည်ပတ်ပြီးတဲ့နောက် ဗုဒ္ဓဟူးနေ့မှာ ပြုံယမ်းမြို့ဆီ ပြန်ရောက်ပြီလို့ KCNA က ဖော်ပြပါတယ်။
ဂျိုယုံဝန်ဟာ ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့လည်း တွေ့ဆုံခဲ့တယ်လို့ KCNA က ဗုဒ္ဓဟူးနေ့မှာ ဖော်ပြထားပါတယ်။
Source: Reuters











