ပင်လယ်ပြင်မှကယ်တင်ခဲ့သည့် မြောက်ကိုရီးယား ၆ ဦးကို တောင်ကိုရီးယားက ပြန်ပို့

ဒီလအစောပိုင်းတုန်းက ကိုရီးယားကျွန်းဆွယ် အရှေ့ဘက်ကမ်းရိုးတန်းအနီးမှာ ငါးဖမ်းလှေတစင်းနဲ့အတူ မျောပါလာတဲ့ မြောက်ကိုရီးယားနိုင်ငံသား ၆ ယောက်ကို တောင်ကိုရီးယားနိုင်ငံက နိုဝင်ဘာ ၂၇ ရက်မှာ ရေကြောင်းကနေ ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း ဆိုးလ်မြို့ ပြန်လည်ပေါင်းစည်းရေးဝန်ကြီးဌာနက ပြောပါတယ်။
လှေပေါ်ပါလာသူ ၇ ယောက်ထဲက ကျန်တယောက်ကတော့ တောင်ကိုရီးယားမှာပဲ ဆက်လက်နေထိုင်ဖို့ ရွေးချယ်ခဲ့ပါတယ်။
အဲဒီငါးဖမ်းလှေဟာ မနက် ၈ နာရီ ၃၃ မိနစ်မှာ အရှေ့ဘက်ကမ်းရိုးတန်းအလွန် ရေကြောင်းနယ်နိမိတ်မျဉ်းကို ကိုယ်တိုင် မောင်းနှင်ဖြတ်ကျော်သွားခဲ့ပြီး မြောက်ဘက်ခြမ်းမှာ စောင့်ဆိုင်းနေတဲ့ မြောက်ကိုရီးယားရေယာဉ်တစင်းနဲ့ တွေ့ဆုံခဲ့တယ်လို့ ဝန်ကြီးဌာနက ဆိုပါတယ်။
လူ ၇ ယောက် လိုက်ပါလာတဲ့ အဲဒီငါးဖမ်းလှေကို နိုဝင်ဘာ ၃ ရက်က တောင်ကိုရီးယားနိုင်ငံ၊ အူလွန် ကျွန်းအနီး၊ နိုင်ငံတကာရေပိုင်နက်ထဲမှာ မျောပါနေတာကို တွေ့ရှိခဲ့တာဖြစ်ပြီး နောက်ပိုင်းမှာ တောင်ကိုရီးယားစစ်တပ်နဲ့ ကမ်းခြေစောင့်တပ်ဖွဲ့ တာဝန်ရှိသူတွေက ဆွဲယူ ကယ်တင်ခဲ့တာပါ။
ကုလသမဂ္ဂ ကွပ်ကဲရေးဌာနချုပ်နဲ့ ပူးပေါင်းစစ်ဆေးမေးမြန်းပြီး သူတို့ရဲ့ဆန္ဒတွေကို အတည်ပြုနိုင်ခဲ့ပြီးနောက် ခရီးသည် ၆ ယောက်ကို ပြန်လည်ပို့ဆောင်ပေးဖို့ တောင်ကိုရီးယားက ဆုံးဖြတ်ခဲ့တာပါ။
ကျန်တယောက်ကတော့ တောင်ကိုရီးယားမှာပဲ ဆက်လက်နေထိုင်လိုကြောင်း ဆန္ဒပြုခဲ့တဲ့အတွက် မြောက်ကိုရီးယားဘက်က ဘက်ပြောင်းခိုလှုံလာသူတယောက်အဖြစ် လိုအပ်တဲ့ အကာအကွယ်တွေ ပေးသွားမှာဖြစ်တယ်လို့ ဝန်ကြီးဌာနက ပြောပါတယ်။
Source: Reuters











