DVB Logo
Home
မြန်မာသတင်း
ခွင့်ပြန်အလုပ်သမားများ ပြည်ပပြန်ထွက်ခွာရန် ငွေလွှဲနှင့် အခွန်ပြေစာ တင်ပြရမည် 
ဇွဲသစ်
·
September 21, 2026
Photo : POEA
Photo : POEA
Donate to DVB

ပြည်ပကနေ ခွင့်ပြန်လာတဲ့ အလုပ်သမားတွေ ပြည်ပ ပြန်ထွက်ခွာဖို့ မိသားစုထံ လွှဲပို့ငွေနဲ့ ဝင်ငွေခွန် ပေးဆောင်ထားတဲ့ အထောက်အထား တင်ပြရမယ်လို့ စစ်တပ်ဩဇာခံ အလုပ်သမားဝန်ကြီးဌာနက သတ်မှတ်တာကြောင့် ခွင့်ပြန် အလုပ်သမားတွေ အခက်တွေ့နေပါတယ်။

ပြည်ပကနေ မြန်မာနိုင်ငံကို ခွင့်နဲ့ပြန်လာတဲ့ အလုပ်သမားတွေ ပြည်ပကို ပြန်ထွက်ခွာဖို့ မိသားစုထံ လွှဲပို့ငွေ ၂၅ ရာခိုင်နှုန်းနဲ့ ဝင်ငွေခွန် ၂ ရာခိုင်နှုန်း ပေးဆောင်ထားတဲ့ အထောက်အထားတွေ တင်ပြရမဲ့ စည်းမျဉ်းအသစ်ကို စစ်အာဏာရှင်လက်အောက်ခံ အလုပ်သမားဝန်ကြီးဌာနက စက်တင်ဘာ ၁၈ ရက်မှာ ထုတ်ပြန်ပါတယ်။

ကိုယ့်အစီအစဉ်နဲ့ကိုယ် ခွင့်ပြန်လာတဲ့ အလုပ်သမားတွေ ပြည်ပထွက်ခွင့် လျှောက်တဲ့အခါ  OWIC ကတ်၊ work permit သို့မဟုတ် ဗီဇာ၊ အလုပ်ရှင်ရဲ့ ခွင့်စာတို့အပြင် မိသားစုလွှဲပို့ငွေနဲ့ အခွန်ဆောင်ထားတဲ့ အထောက်အထားတွေကိုပါ ပူးတွဲ တင်ပြရမယ်လို့ ပါရှိပါတယ်။

အထူးသဖြင့် မိသားစုလွှဲပို့ငွေ အထောက်အထားဟာ ၂၀၂၄ ခုနှစ် ဩဂုတ်လကစပြီး လွှဲပို့ထားတဲ့ မှတ်တမ်းတွေ ဖြစ်ရမှာဖြစ်ပြီး၊ သတ်မှတ်ထားတဲ့ ပမာဏပြည့်မီကြောင်း အသေးစိတ် ပြသနိုင်ဖို့ လိုအပ်ပါတယ်။

ရန်ကုန်မြို့နေ OWIC ကတ် အကျိုးဆောင်တယောက်က “အဲဒါခု ပြဿနာတက်‌နေတာ OWIC ရှိသူပါ အခွန်ငွေလွှဲတောင်းနေတာ။  ပြန်ရောက်နေသူတွေ ဘယ်လိုမှ အဆင်မပြေကြဘူး။ လအပြည့် လွှဲခိုင်းတာ။ အခွန်ငွေလွှဲ မပြနိုင်ရင် ထွက်ခွာခွင့် မချပေးဘူး။ ငွေလွှဲကတော့ သတ်မှတ်ထားတဲ့ ပမာဏပြည့်ဖို့နဲ့ လွှဲသူနေရာ ခွင်ပြန်လာမဲ့သူ နာမည် ပါရမယ်။ ၂၀၂၄ ခုနှစ် ၈ လပိုင်းကနေ ပြန်လာတဲ့လထိ အခြေခံလစာရဲ့ ၂၅ ရာခိုင်နှုန့်း အပြည့် လွှဲထားတာ ရှိရမယ်။ အရင်က လွှဲထားတာ မရှိလည်း အခုပေါင်းလွှဲလို့ရတယ်။ အခုက ပြည်ပမှာရှိတဲ့ အသိတွေ အကူအညီတောင်းနေရတယ်။ အခွန်က သံရုံးမှာဆောင်၊ တနိုင်ငံနဲ့ တနိုင်ငံ မတူဘူး။ ပုံစံတင်ရင် လစာ အခြေခံလစာ၊ အမှန်ရတဲ့ လစာရေး၊ အဲဒါနဲ့ တွက်တာ ဖြစ်ပါတယ်”လို့ ပြောပါတယ်။

၂၀၂၄ ခုနှစ်ကတည်းက ပြည်ပရောက် အလုပ်သမားတွေရဲ့ အခြေခံလစာ ၂၅ ရာခိုင်နှုန်းကို တရားဝင်လမ်းကြောင်းကနေ မိသားစုထံ လွှဲပို့ဖို့ စည်းမျဉ်းထုတ်ပြန်ခဲ့ပြီး၊ အလုပ်သမားတွေရဲ့ လွှဲပို့မှု မှတ်တမ်းတွေကို ထိန်းချုပ် စောင့်ကြည့်ဖို့ စစ်တပ်က သတ်မှတ်ခဲ့ပါတယ်။

အခုလို စည်းမျဉ်းသစ် သတ်မှတ်လိုက်တာကြောင့် ခွင့်ပြန်အလုပ်သမားတွေဟာ ပြည်ပကို ပြန်ထွက်ခွာဖို့ လွှဲပို့ငွေ မှတ်တမ်း၊ သက်ဆိုင်ရာသံရုံးမှာ အခွန်ပေးဆောင်ထားတာနဲ့ စာရွက်စာတမ်း အထောက်အထားတွေ ပြည့်စုံအောင် ပြင်ဆင်ထားရမှာ ဖြစ်ပါတယ်။

ထိုင်းရောက် မြန်မာ အလုပ်သမား  ကိုပြည့်စုံက “စစ်အာဏာရှင်စနစ် ရှိနေသရွေ့ သူတို့ လုပ်သမျှကို ခံရတဲ့သဘောပဲပေါ့။ ပြည်တွင်းရော ပြည်ပရော လူတွေအားလုံးက ဒီ စစ်အာဏာရှင်အောက်မှာပဲ ဒီလိုမျိုး ရုန်းကန်ရင်းနဲ့ နေနေရတယ် ဆိုရင်တော့ သူတို့ပြောတဲ့အတိုင်း အကုန် တသဝေမတိမ်း လုပ်ရတာပေါ့နော်။ မလုပ်လို့လည်း မရဘူး။ မလုပ်ရင် မလုပ်တဲ့ အခြေအနေမှာဆိုရင်လည်း ကိုယ့်ဒုက္ခ ကိုယ်ရှာသလို ဖြစ်နေမှာဆိုတော့ ဒီအခြေအနေတွေ အားလုံးပြီးဖို့ဆိုတာ စစ်အာဏာရှင်က ချုပ်ငြိမ်းဖို့ လိုတယ်လေ။ အဓိကကတော့ စစ်အာဏာရှင် စနစ်ဆိုးကြီး မပြီးမချင်းကတော့ သူတို့ လုပ်သမျှ သူတို့ ပြောသမျှအတိုင်းပဲ ကျနော်တို့အားလုံးက လိုက်လုပ်နေရဦးမယ် ထင်ပါတယ်”လို့ ပြောပါတယ်။

တဘက်မှာလည်း အလုပ်သမားဝန်ကြီးဌာနက ပြည်ပအလုပ်အကိုင်အေဂျင်စီတွေကိုပါ မိသားစုဆီ လွှဲပို့ငွေ ၂၅ ရာခိုင်နှုန်း အထောက်အထား တင်ပြနိုင်မှုအပေါ် စိစစ်အရေးယူမှုတွေ ပြုလုပ်လာပါတယ်။

၂၀၂၆ ခုနှစ် ဇန်နဝါရီလကနေ ဇွန်လအထိ ပြည်ပကို စေလွှတ်ခဲ့တဲ့ အလုပ်သမားတွေရဲ့ မိသားစုဆီ လွှဲပို့ငွေ အထောက်အထား မပြည့်စုံတဲ့ အေဂျင်စီတွေကို စက်တင်ဘာ ၁ ရက်ကစပြီး ပြည်ပအလုပ်ခေါ်စာ အသစ် တင်ပြခွင့် ဆိုင်းငံ့တဲ့ အရေးယူမှုတွေ လုပ်ဆောင်ထားပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013