
ပြည်ပကနေ မြန်မာနိုင်ငံကို ခွင့်နဲ့ပြန်လာတဲ့ လုပ်သားတွေအနေနဲ့ ပြည်ပပြန်ထွက်ခွာတဲ့အခါ ပြည်ပအလုပ်အကိုင် အလုပ်သမား သက်သေခံကတ် (OWIC) အပြင် မိသားစုထံ လွှဲငွေနဲ့ ဝင်ငွေခွန် အထောက်အထား မပြနိုင်တာကြောင့် ပြည်ပပြန်ထွက်ခွင့် ပယ်ချခံရတဲ့ အလုပ်သမား ၂၀၀ ကျော် ရှိလာတယ်လို့ စစ်တပ် ဩဇာခံ အလုပ်သမားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။
စက်တင်ဘာ ၁၈ ရက်ကစပြီး ပြည်ပကနေ ခွင့်ပြန်လာတဲ့ အလုပ်သမားတွေဟာ ပြည်ပ ပြန်ထွက်ခွာချိန်မှာ လုပ်ခလစာရဲ့ ၂၅ ရာခိုင်နှုန်း မိသားစုထံ လွှဲငွေနဲ့ ဝင်ငွေခွန် ၂ ရာခိုင်နှုန်း ပေးဆောင်ထားတဲ့ အထောက်အထားတွေ ပြသရမယ်လို့ သတ်မှတ်ခဲ့တာပါ။
အဲဒီအထောက်အထားတွေ အပြည့်အစုံ မပြနိုင်တာကြောင့် စက်တင်ဘာ ၁၈ ရက်နေ အောက်တိုဘာ ၃ ရက်အထိ အလုပ်သမား ၂၀၀ ကျော် ပြည်ပထွက်ခွင့် ပယ်ချခံခဲ့ရတယ်လို့ အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
OWIC ဝန်ဆောင်မှုပေးသူတယောက်က “အခွန်၊ ငွေလွှဲ အထောက်အထား မပြနိုင်ရင် ပြည်ပထွက်ခွာခွင့် မချပေးဘူး။ ငွေလွှဲသူနေရာမှာ ခွင့်ပြန်အလုပ်သမားရဲ့ နာမည် ဖြစ်ရမယ်။ ၂၀၂၄ ခုနှစ် ၈ လပိုင်းကနေ အခု ပြန်လာတဲ့လထိ အခြေခံလစာရဲ့ ၂၅ ရာခိုင်နှုန်း အပြည့်လွှဲထားတာ ရှိရမယ်။ အရင်က လွှဲထားတာ မရှိလည်း အခု ပေါင်းလွှဲလို့ရတယ်” လို့ DVBကို ပြောပါတယ်။
လက်ရှိမှာလည်း အလုပ်သမားဝန်ကြီးဌာနက ပြည်ပအလုပ် အေဂျင်စီတွေကနေ စေလွှတ်တဲ့ အလုပ်သမားတွေရဲ့ လွှဲပို့ငွေနဲ့ အခွန်အထောက်အထား တင်ပြနိုင်မှုကို စိစစ်နေပြီး အထောက်အထား မပြည့်စုံတဲ့ အေဂျင်စီ ၁၀၀ ကျော်ကို အလုပ်ခေါ်စာအသစ် တင်ပြခွင့် ဆိုင်းငံ့ထားပါတယ်။










