DVB Logo
Home
မြန်မာသတင်း
စစ်အာဏာရှင်ကြောင့် ထိုင်းရောက် မြန်မာလုပ်သားများ နှစ်ထပ်အခွန် အကျပ်အတည်းဖြစ်  
ဇွဲသစ်
·
November 1, 2026
Photo : DVB
Photo : DVB
Donate to DVB

ထိုင်းနိုင်ငံမှာ သန်းနဲ့ချီတဲ့ မြန်မာအလုပ်သမားတွေဟာ တရားဝင် နေထိုင် အလုပ်လုပ်ခွင့်ရဖို့ ပန်းရောင်ကတ်၊ Work permit အထောက်အထားတွေအပြင် နှစ်စဉ် ဗီဇာကြေး၊ အခွန်အခတွေနဲ့ မြန်မာစစ်အာဏာရှင်က ကောက်ခံတဲ့ အခွန် ၂ ရာခိုင်နှုန်းကြောင့် နှစ်ထပ်အခွန် အကျပ်အတည်း ဖြစ်နေတယ်လို့ ပြောပါတယ်။

ထိုင်းနိုင်ငံမှာ အလုပ်လုပ်နေတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေအနေနဲ့ တရားဝင်နေထိုင် အလုပ်လုပ်ခွင့်ရဖို့ ပန်းရောက်ကတ်၊ Work Permit၊  ဗီဇာကြေး၊ အခွန်အခတွေနဲ့ သက်ဆိုင်ရာ နေထိုင်ခွင့် အထောက်အထားခတွေ နှစ်စဉ် သက်တမ်းတိုးတဲ့အခါ ပေးဆောင်နေရတာပါ။

ဒါပေမဲ့ မြန်မာစစ်တပ်ဘက်က ထိုင်းနိုင်ငံမှာ ဖွင့်လှစ်ထားတဲ့ CI စခန်းတွေမှာ စာအုပ် ပြုလုပ်တာနဲ့ သက်တမ်းတိုးတာအတွက် တနှစ်စာ ဝင်ငွေခွန် ၂ ရာခိုင်နှုန်း၊ ဘတ် ၁,၈၀၀ နဲ့ အခြေခံလုပ်ခ ၃ လစာရဲ့  ၂၅ ရာခိုင်နှုန်း ဘတ် ၆,၀၀၀ ကို မိသားစုထံ တရားဝင်လမ်းကြောင်းကနေ ပို့ထားကြောင်း အထောက်အထားပြဖို့ သတ်မှတ်ထားပါတယ်။

အဲဒီအထောက်အထားတွေ မပြနိုင်ရင် CI စာအုပ်လုပ်ဖို့ အခက်အခဲရှိလာတာကြောင့် လုပ်သားတချို့က ငွေကြေးအခက်အခဲတွေကြောင့် စာရွက်စာတမ်း သက်တမ်းတိုးကိစ္စတွေကို လုပ်ဆောင်ရမှာ အကျပ်အတည်း ဖြစ်လာကြပါတယ်။ 

ထိုင်းရောက် မြန်မာလုပ်သားတယောက်က “ကိုယ်ကလည်း စစ်မှုထမ်းအကျုံးဝင်နေတဲ့ လူငယ်တွေ ဖြစ်တဲ့အတွက် ဒီဘက်မှာ အလုပ်လုပ်နေတာလည်း ပါတယ်။ အဲတော့ ကိုယ်ဘယ်လိုပဲဖြစ်ဖြစ် သူတို့ (စစ်တပ်ဩဇာခံ သံရုံး) နဲ့ ပတ်သက် ဆက်နွှယ်နေတာ ရှိတယ်။ တတ်နိုင်သမျှတော့ ရှောင်တယ်။ မပြန်ဖြစ်အောင်လည်း နေတယ်။ အခွန်တွေဘာတွေလည်း စာအုပ်သက်တမ်း တိုးတာတောင်မှ CI လုပ်တာတို့ တခြား ဘယ်လိုနည်းလမ်းတွေနဲ့ နေလို့ရလဲဆိုတဲ့ ပုံစံမျိုးနဲ့ အတတ်နိုင်ဆုံး နေကြည့်တယ်။ လုံးဝ မဖြစ်မနေ ယုတ်စွအဆုံး မရတော့မှပဲ စာအုပ်သက်တမ်းတိုးတာ အဲလိုမျိုးတွေ လုပ်ရမဲ့ သဘောပေါ့နော်။ ဘာလို့လဲဆိုတော့ သူတို့ကတော့ ပြည်တွင်းရော ပြည်ပလူတွေကိုပါ ဒီလိုမျိုး လုပ်လို့ရတယ်ဆိုတဲ့ ပုံစံမျိုးကို သူတို့က ပုံစံခွက်ချလိုက်ပြီဆိုတော့ ဒါ ပြည်တွင်းထဲမှာပဲရှိရှိ ပြည်ပမှာပဲရှိရှိ လူတွေ အားလုံးကတော့ မြန်မာနိုင်ငံသားမှန်ရင်တော့ အနည်းနဲ့အများ ဒုက္ခတော့ ရောက်ကြမှာပေါ့”လို့ ပြောပါတယ်။

တဖက်မှာလည်း ထိုင်းနိုင်ငံရဲ့ လူမှုဖူလုံရေးစနစ်အောက်မှာ အလုပ်လုပ်နေတဲ့ လုပ်သားတွေဟာ လစဉ် လုပ်ခလစာထဲက လူမှုဖူလုံရေးကြေး ၅ ရာခိုင်နှုန်း ပေးဆောင်နေရသလို ဗီဇာနဲ့ အလုပ်လုပ်ခွင့်အတွက်လည်း သီးခြားကုန်ကျစရိတ်တွေ ရှိနေပါတယ်။

ထိုင်းဘက်မှာ နေထိုင်ခွင့်နဲ့ အလုပ်လုပ်ခွင့်အတွက် ကုန်ကျစရိတ်တွေ ပေးဆောင်နေရတဲ့အပြင် မြန်မာဘက်ကပါ အခွန်နဲ့ ငွေလွှဲအထောက်အထားတွေ တောင်းခံနေတာကြောင့် လုပ်သားတွေ အနေနဲ့ အိမ်ကိုငွေပို့ဖို့တောင် အခက်အခဲရှိလာတယ်လို့ အလုပ်သမားအရေးကူညီပေးသူတွေက ပြောပါတယ်။

AAC အလုပ်သမား မဟာမိတ်အဖွဲ့ ဒါရိုက်တာ ဦးခိုင်ကြီးက “ခုက CI မလုပ်ဘဲနဲ့ ကျနော်တို့ ဒီဘက်က ပန်းရောင်ဘတ်နဲ့ နေရင်တောင်မှ ထိုင်းအစိုးရရဲ့ အခွန်ကို အနည်းဆုံး တနှစ်ကို ဘတ် ၄၀၀၀၊ ၅၀၀၀ လောက် အခွန် သပ်သပ် ဆောင်ရတာလေ။ ဒါ Work Permit အခွန်တို့၊ လဝက ဗီဇာအခွန်တို့၊ စာအုပ်မရှိရင်တောင်မှ work permit ပြီးတာနဲ့ နေထိုင်ခွင့်က သီးသန့်ရှိသေးတယ်။ work permit တခုတည်းနဲ့ မရဘူး။ ဒီဘက်မှာ နေထိုင်ခွင့်ကို သီးသန့် ပြန်လုပ်ရသေးတယ်။ စာအုပ်မရှိတာတမယ်ပဲ။ ကျနော်တို့က လက်ရှိ ဘော်တော် ၅၁ ဆိုတဲ့ နေထိုင်ခွင့် ပန်းရောင်ကတ်ကလည်း သီးသန့်ရှိတယ်။ အဲဒါကြောင့်မို့ သီးသန့် ဒီလို နေထိုင်ခွင့်နဲ့ အလုပ်လုပ်ခွင့် နှစ်မျိုး အခွန်ပေးရတာပေါ့နော်။ ထိုင်းအစိုးရဘက်ကနေ မြန်မာလုပ်သားတွေကို ဒီလို နှစ်နိုင်ငံ အခွန် ညှပ်ပြီးတော့ ပေးတာတော့ လုပ်သားတွေက နှစ်ပတ်လည်ကို ဒီ အခွန်တွေ လုပ်သက် ရိုးရိုးနဲ့ကို အခန်းခ၊ မီးခ၊ ရေခနဲ့ အိမ်ကို တော်ရုံ ငွေ မပို့နိုင်ဘူးပေါ့နော်”လို့ ပြောပါတယ်။

အခွန်နဲ့ ငွေလွှဲအထောက်အထား တောင်းခံတဲ့စနစ်ဟာ အလုပ်သမားတွေအပေါ် ငွေကြေးဝန်ထုပ်ဝန်ပိုး ပိုမိုဖြစ်စေတယ်လို့ အလုပ်သမားအရေး လှုပ်ရှားသူတွေက ထောက်ပြပါတယ်။ 

ဒါကြောင့် CI မလုပ်ရေး လှုပ်ရှားမှုတွေနဲ့အတူ မြန်မာဘက်ကို အခွန်နဲ့ ငွေလွှဲအထောက်အထား ပေးစရာမလိုဘဲ ထိုင်းအစိုးရထံမှာ ဗီဇာ၊ Work Permit နဲ့ သက်ဆိုင်ရာကြေးတွေ တိုက်ရိုက် ပေးဆောင်ပြီး နေထိုင်အလုပ်လုပ်ခွင့်ရဖို့ တောင်းဆိုမှုတွေလည်း ရှိနေပါတယ်။

လက်ရှိမှာလည်း မြန်မာရွှေ့ပြောင်းလုပ်သားများ ကိုယ်စားပြုညှိနှိုင်းရေးကော်မတီ (MMWRCCT) အဖွဲ့က သန်းနဲ့ချီတဲ့ ထိုင်းရောက်မြန်မာလုပ်သားတွေရဲ့ သဘောထားဆန္ဒကို ကောက်ခံနေပြီး၊ အဲဒီ စုပေါင်းတောင်းဆိုမှုကတဆင့် ထိုင်းမှာ CI မလိုဘဲ နေထိုင်ခွင့်ရဖို့ ထိုင်းအစိုးရ လွှတ်တော်ထိ တင်ပြသွားဖို့ ကြိုးပမ်းနေပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013