
စစ်အာဏာရှင်သမ္မတက အောက်တိုဘာလအတွင်း အလုပ်သမားဝန်ကြီးသစ် ပြောင်းလဲ ခန့်အပ်ပြီးနောက် အလုပ်သမားဝန်ကြီး ဦးမောင်မြင့်ဟာ အလုပ်သမားအရေးအထက် ပြည်ပရောက် မြန်မာလုပ်သားတွေဆီက အခွန် ၂ ရာခိုင်နှုန်း ကောက်ခံဖို့ ကိစ္စကိုသာ တင်းတင်းကျပ်ကျပ် လုပ်ဆောင်နေတာ တွေ့ရပါတယ်။
စစ်အာဏာရှင် သမ္မတ မင်းအောင်လှိုင်က ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး (မင်းကင်း)ဦးမောင်မြင့်ကို အလုပ်သမားဝန်ကြီးအဖြစ် အောက်တိုဘာ ၃ ရက်က ပြောင်းလဲ ခန့်ပြီးနောက် အလုပ်သမားဝန်ကြီး ဦးခင်မောင်စိုးကို သူ့နေရာမှာ အပြန်အလှန် ပြောင်းလဲ ခန့်အပ်ခဲ့ပါတယ်။
ဦးမောင်မြင့်ဟာ သမ္မတ ဦးသိန်းစိန် လက်ထက်မှာလည်း အလုပ်သမားဝန်ကြီးအဖြစ် ၁ နှစ်နီးပါး တာဝန်ထမ်းဆောင်ခဲ့ဖူးပြီး အခုက ဒုတိယအကြိမ်မြောက် အလုပ်သမားဝန်ကြီး ဖြစ်လာတာပါ။
အလုပ်သမားဝန်ကြီးအဖြစ် ပြောင်းလဲခန့်အပ်ခံရပြီးနောက် ဦးမောင်မြင့်က အောက်တိုဘာ ၅ ရက်မှာ ပြည်ပရောက် မြန်မာအလုပ်သမားတွေဆီက အခွန်ငွေနဲ့ မြန်မာနိုင်ငံဆီ လွှဲပို့ငွေ နည်းပါးတဲ့အတွက် နိုင်ငံအတွက် အကျိုးနည်းကြောင်း Tik Tok ဆိုရှယ်မီဒီယာကနေ ဝေဖန် ပြောဆိုခဲ့ပါတယ်။
လက်ရှိမှာလည်း ပြည်ပရောက်အလုပ်သမားတွေအနေနဲ့ လစာ ၂၅ ရာခိုင်နှုန်းကို တရားဝင် လမ်းကြောင်းကနေ မိသားစုထံ လွှဲဖို့နဲ့ ဝင်ငွေခွန် ၂ ရာခိုင်နှုန်း ပေးဆောင်ဖို့ သတ်မှတ်ထားပြီး၊ မလိုက်နာရင် ပြည်ပ ထွက်ခွာခွင့်နဲ့ နိုင်ငံကူးလက်မှတ် သက်တမ်းတိုးကိစ္စတွေမှာ သက်ရောက်မှု ရှိနေပါတယ်။
မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီမှ ဦးမိုးကြိုးက “OWIC ဆိုတဲ့ ရေခြားမြေခြား အလုပ်သမားဖြစ်ကြောင်း ထောက်ခံစာကို ပထမ တရစ် ရစ်လိုက်တယ်။ အဲဒီကတ်ပြားကို ရစ်လိုက်တယ်။ အခုနောက်ပိုင်းမှာ ခွင့်ပြန် အလုပ်သမားတွေကို ပြည်ပကို ထွက်ခွာခွင့် မပြုတော့ဘူး။ ပြောမယ်ဆိုရင် အရွယ်ကောင်းနဲ့ လူငယ်မောင်မယ်တွေဟာ စစ်မှုထမ်း ဆင့်ခေါ်ရင် လိုလိုလားလား ကြည်ဖြူ လုပ်ပါမယ်ဆိုတာ ထပ်ပြီး တရစ် ထပ်ရစ်လိုက်ပြန်တယ်။ နောက် တရစ်လည်း ထပ်ရစ်ဖို့ ရှိပါသေးတယ်။ ပြည်ပ ပြန်လာတဲ့ လူငယ်တွေဟာ စစ်မှုမထမ်းရသေးတာ ဖြစ်တဲ့အတွက် ထမ်းကို ထမ်းရမယ်ဆိုတဲ့ တင်းကျပ်တဲ့ ဥပဒေ ထပ်လာပါဦးမယ်။ အဲဒါကြောင့်မို့လို့ တရစ်ပြီးတရစ် တိုးလာတဲ့ ဒီ စစ်ဥပဒေဆိုးတွေထဲမှာ ပြည်ပရောက် လူငယ်မောင်မယ်တွေဟာ မလွှဲမကင်း မရှောင်သာလို့ မချစ်သော်လည်း အောင့်ကာနမ်း သဘောနဲ့ ၂၅ ရာခိုင်နှုန်းတို့ ၂ ရာခိုင်နှုန်းတို့ ပေးချင် ပေးပါ။ ဒါပေမဲ့ ပြည်ပမှာပဲ ရသလောက် ကုပ်ကပ်နေပြီးတော့ မိသားစုနဲ့ ကိုယ့်ဘဝအရေး ဘဝ လုံခြုံမှုကို အလေးထား စဉ်းစားပေးပါလို့ ပြောချင်တာပါ”လို့ ပြောပါတယ်။
ထိုင်းရောက် အထောက်အထားမဲ့ လုပ်သားတွေအနေနဲ့ ဘယ်သူဘယ်ဝါဖြစ်ကြောင်း အသိအမှတ်ပြု လက်မှတ် (CI စာအုပ်) လုပ်မယ်ဆိုရင်လည်း မိသားစုထံ လွှဲငွေ ၃ လစာ ဘတ် ၆,၀၀၀ နဲ့ တနှစ်စာ ဝင်ငွေခွန် ဘတ် ၁,၈၀၀ ပေးထားတဲ့ အထောက်အထားတွေ ပြသရမယ်လို့ အလုပ်သမားဝန်ကြီး ဦးမောင်မြင့်က ပြောဆိုထားပါတယ်။
ပြည်ပ အလုပ်သမားတွေဟာ တရားဝင်ငွေလွှဲ လမ်းကြောင်းနဲ့ ပြင်ပငွေလဲဈေးနှုန်း ကွာဟမှုကြောင့် သတ်မှတ်ထားတဲ့ ရာခိုင်နှုန်းအတိုင်း ငွေလွှဲဖို့က နစ်နာမှုတွေ ရှိနေတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ပြည်ပမှာ တနှစ်ကျော် နေထိုင်ခဲ့တဲ့ PV (အလည်အပတ် ပတ်စ်ပို့) ကိုင်ဆောင်သူတွေ PJ စာအုပ် သက်တမ်းတိုးရင်လည်း အခွန်ဆောင်ဖို့ သတ်မှတ်ထားပြီး အခွန် မဖြစ်မနေပေးဖို့ နည်းလမ်းအမျိုးမျိုးနဲ့ တင်းကျပ်လာတယ်လို့ ပြည်ပရောက် CDM အလုပ်သမားတယောက်က ပြောပါတယ်။
“အခွန်ဆောင်တဲ့သူကလည်း ရှားတယ်ပေါ့နော်။ တကယ့်တကယ် မဖြစ်မနေ အခြေအနေကျမှပဲ အခွန်ဆောင်တဲ့ သဘောတရားတွေကို သူတို့ကလည်း သိသွားပုံရပါတယ်။ ကျနော်တို့ကလည်း အခွန် မဆောင်ဘဲ နေတာကြာတော့ အဲ့ဒါနဲ့ပဲ သူတို့က ပတ်စ်ပို့ပေါ် အခြေခံပြီးတော့ သက်တမ်းတိုးမယ်ဆိုရင် အခွန် မဖြစ်မနေ သက်တမ်းတိုးချင်တဲ့သူမှန်သမျှ အခွန်ဆောင်ရမဲ့ ကိစ္စကို လုပ်ကိုလုပ်ရမယ် ဆိုပြီးတော့ သံရုံးမှာပဲတိုးတိုး၊ မြန်မာပြည်ကို ပြန်ပြီးတော့ပဲ စာအုပ်တိုးတိုး အဲ့လိုမျိုး အခွန်ဆောင် ဆောင်ရမယ်ဆိုတဲ့ ပုံစံမျိုး တင်းကျပ်လိုက်တဲ့ သဘောပေါ့။ အဲ့ဒါအပြင်တောင်မှ အခုနောက်ပိုင်း သတင်းတွေ ထွက်လာတာက PV သမားတွေတောင် ပြည်ပမှာ ၁ နှစ်ကျော် နေတယ်ဆိုရင် မြန်မာပြည်တွင်းထဲမှာ ပြန်ဝင်လာပြီးတော့ အဲ့ဒီ စာအုပ်ကို သက်တမ်းလာတိုးချင်တယ် ဆိုရင် အခွန်ဆောင်ရမယ်ဆိုပြီးတော့ လုပ်လာတာ ရှိတယ်ဆိုတော့ ထောင့်ပေါင်းစုံကနေ ဒါ အခွန်မရရအောင် ကျပ်လိုက်တဲ့ သဘောဖြစ်သွားတာပေါ့။”
လက်ရှိမှာ စစ်အာဏာရှင်လက်အောက်ခံ အလုပ်သမားဝန်ကြီးဌာနက ပြည်ပအလုပ် အေဂျင်စီတွေကိုလည်း တင်းကျပ်နေပြီး၊ ပြည်ပစေလွှတ်တဲ့ အလုပ်သမားတွေရဲ့ လွှဲပို့ငွေနဲ့ အခွန် အထောက်အထား အပြည့်အစုံ မတင်ပြနိုင်တဲ့ အေဂျင်စီတွေပေါင်း ၁၀၀ ကျော်ကို အလုပ်ခေါ်စာအသစ် တင်ပြခွင့် ဆိုင်းငံ့ထားပါတယ်။
DVB Data Team က စုဆောင်းထားတဲ့ အချက်အလက်တွေအရ စစ်တပ်အာဏာသိမ်းပြီး ၂၀၂၁-၂၂ မှာ ပြည်ပက အလုပ်သမားတွေ လွှဲပို့တဲ့ ငွေပမာဏဟာ ဒေါ်လာ ၈၅၂ ဒသမ ၄ သန်းအထိ ကျဆင်းခဲ့ပြီးနောက်၊ ၂၀၂၂-၂၃ မှာ ဒေါ်လာ ၁၆၂၈ ဒသမ ၃ သန်း (၁ ဒသမ ၆ ဘီလီယံ ဒေါ်လာ) အဆအားဖြင့် ၂ ဆ နီးပါးအထိ ပြန်လည်ရရှိတာ တွေ့ရပါတယ်။











