
ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ဟာ တော်ဝင်ဘုရင်မင်းမြတ်ကို သိက္ခာကျစေတဲ့ ပြောဆိုသုံးနှုန်းမှုနဲ့ ရာဇဝတ်မှုဆိုင်ရာတရားရုံးမှာ အမှုရင်ဆိုင်နေရတာမှာ ဩဂုတ် ၂၂ ရက် ဒီကနေ့မနက်ပိုင်းမှာတော့ တရားသူကြီးက အဆိုပါအမှုကို ပယ်ချလိုက်တယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
ဝန်ကြီးချုပ်ဟောင်း သက်ဆင်ဟာ လွန်ခဲ့တဲ့ ၁၀ နှစ်က ပြည်ပမှာရှိနေစဉ် တောင်ကိုးရီးယား သတင်းဌာနတခုနဲ့ တွေ့ဆုံမေးမြန်းရာမှာ တော်ဝင်ဘုရင်မင်းမြတ်ကို သိက္ခာကျစေသလို ပြောဆို သုံးနှုန်းခဲ့တာနဲ့ မမှန်မကန်သတင်းအချက်အလက်ပေးမှုနဲ့ပါ အမှတ် ၈ မှုခင်းဌာနခွဲ အစိုးရရှေ့နေအဖွဲ့က ပုဒ်မ ၁၁၂ နဲ့တကွ ကွန်ပြူတာဥပဒေနဲ့ပါ အရေးယူဖို့ ရာဇဝတ်မှုဆိုင်ရာ တရားရုံးကို ဦးတိုက်လျှောက်ထားခဲ့တဲ့ အမှု ဖြစ်ပါတယ်။
တရားလိုက သက်သေအဖြစ်တင်ပြလာတဲ့ အသံဖိုင်ဟာ အင်တာဗျူးတခုလုံးမဟုတ်ဘဲ အစိတ်အပိုင်းတချို့ကိုသာ လိုအပ်သလို ဖြတ်တောက်ထားတာကြောင့် တည်းဖြတ်ထားတဲ့ အသံဖိုင်လို့ သံသယရှိစေတယ်၊ ဒါ့အပြင် ပြောဆိုသုံးနှုန်းမှုတွေဟာ ဘုရင်ကိုတိုက်ရိုက်ဦးတည် ပြောဆိုထားတာ မဟုတ်တဲ့အတွက် အမှုသုံးသပ်ဆုံးဖြတ်ဖို့ ခိုင်လုံတဲ့ အချက်အလက်မရှိ ကြောင်း၊ ဒါကြောင့် တရားစွဲထားတဲ့ အမှုကို ပယ်ချလိုက်ကြောင်း တရားရုံးက ချမှတ်ခဲ့တယ်လို့ ဝန်ကြီးချုပ်ဟောင်းသက်ဆင်ရဲ့ ရှေ့နေ နိုင်းဝင်းယတ် ချတ်မွန်းသရီက သတင်းထောက်တွေကို ပြောပါတယ်။
ဝန်ကြီးချုပ်ဟောင်း သက်ဆင်ကလည်း တရားရုံးရဲ့ စီရင်ဆုံးဖြတ်ချက်ကို ကိုယ်တိုင်လာရောက် ကြားနာခဲ့ပြီး အပြင်ကို လွတ်လပ်ပေါ့ပါးတဲ့ အပြုံးနဲ့ ပြန်လည်ထွက်ခွါလာတယ်၊ ခုချိန် ကစပြီး တိုင်းပြည်နဲ့ လူမျိုး အကျိုးအတွက် ပိုပြီးလွတ်လပ်စွာ ဆောင်ရွက်နိုင်တော့မယ်လို့ ပြောပါတယ်။
တရားရုံးအပြင်ဘက်မှာလည်း ရှပ်နီကိုထောက်ခံတဲ့ လူအုပ်ကြီးက ဝန်ကြီးချုပ်ဟောင်း ရုပ်ပုံပါ ပိုစတာတွေနဲ့ လာရောက်စောင့်ဆိုင်းကာ အော်ဟစ်အားပေးခဲ့ကြပါတယ်။
သူ့ရဲ့ သမီးငယ် ယဉ်ကျေးမှုဌာနဝန်ကြီး ဖဲထောင်းထန်းရှင်နာဝပ်ဟာလည်း ကမ္ဘောဒီးယား အကြီးအကဲ ဟွန်ဆင်နဲ့ ပြောဆိုတဲ့ အသံဖိုင်ပေါက်ကြားမှုကြောင့် နိုင်ငံတော်လုံခြုံရေးထိပါးမှုနဲ့ အမှုရင်ဆိုင်နေရပါတယ်။
အဆိုပါအမှုကို အခြေခံဥပဒေတရားရုံးက ဩဂုတ် ၂၁ ရက် မနေ့က ကြားနာခဲ့ပါတယ်။ အမှုစီရင်ဆုံးဖြတ်မှု ပြီးပြတ်ခြင်းမရှိဘဲ လာမယ့် ဩဂုတ် ၂၅ မှာ နောက်ဆုံးအကြိမ် သက်သေတင်ပြခြင်းနဲ့ ဩဂုတ် ၂၉ မှာမှ အပြီးသတ်ဆုံးဖြတ်မှာဖြစ်တယ်။
မနေ့က တရားရုံးမှာ ပြောဆိုခဲ့တာတွေကိုတော့ ပြင်ပကိုပေါက်ကြားခွင့်မရှိကြောင်း ဂျူရီတရားသူကြီးက အမိန့်ထုတ်ထားပါတယ်။
တိုက်တိုက်ဆိုင်ဆိုင် ဩဂုတ် ၂၁ ဟာ ဖဲထောင်းထန်းရှင်နာဝပ်ရဲ့ ၃၉ နှစ် မြောက် မွေးနေ့လည်း ကျရောက်နေပြီး သူကတော့ တရားရုံးကနေ အပြုံးနဲ့သာ ထွက်ခွါလာခဲ့ကာ သတင်းထောက်တွေကို အင်တာဗျူးဖြေကြားခြင်းမရှိပါဘူး။
တရားလိုအဖွဲ့ထဲပါဝင်သူ အထက်လွှတ်တော်အမတ် နိုင်းဆုမ်ချိုင်း ဆဝိုင်ကန်ကတော့ ကမ္ဘောဒီးယားအကဲကို သူပြောဆိုခဲ့တာတွေဟာ နိုင်ငံတော်လုံခြုံရေး အမျိုးသားလုံခြုံရေးကို ထိပါးတယ်၊ နယ်စပ်တိုက်ပွဲတွေဖြစ်ရတာ စစ်သည်နဲ့ ပြည်သူတွေ သေကျေဒဏ်ရာရခဲ့တာတွေရဲ့ တရားခံဟာ အဲဒီအသံဖိုင်ကြောင့်ဖြစ်တယ်၊ ဒါကြောင့် သူ့ရဲ့ မွေးနေ့မှာ ပြောကြားလိုတာကတော့ ရာထူးကနေ နုတ်ထွက်လိုက်ပါလို့ ပြောပါတယ်။
Source: ThaiPBS News / 3Plus News











