DVB Logo
Home
Lead Story

မြန်မာစစ်တပ်အပေါ်  ပိတ်ဆို့ဒဏ်ခတ်မှု ထပ်တိုးချမှတ်ရန် ဗြိတိန်အမတ်တောင်းဆို

DVB
·
November 27, 2026
Photo: Rushanara Ali
Photo: Rushanara Ali
Donate to DVB

အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ရဲ့ စီရင်ချက်အမိန့်ချအပြီး မြန်မာ စစ်အာဏာရှင်အစိုးရအပေါ် နောက်ထပ် အရေးယူပိတ်ဆို့မှုတွေ ပုံမှန်တိုးချဲ့လုပ်ဆောင်သွားဖို့ ဗြိတိန်အစိုးရကို လွှတ်တော်အမတ် ရူရှာနာရာ အလီက တိုက်တွန်းလိုက် ပါတယ်။

အထူးသဖြင့် စစ်အာဏာရှင်အစိုးရရဲ့ ဘဏ်လုပ်ငန်းတွေ၊ ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်းတွေ အပါအဝင် Mytel လိုမျိုး ဆက်သွယ်ရေးကဏ္ဍအပေါ် ပစ်မှတ်ထား အရေးယူဖို့ တောင်းဆိုခဲ့တာပါ။

“ဒီကနေ့ လွှတ်တော်ထဲမှာ မြန်မာစစ်တပ်အနေနဲ့ လက်နက်တွေဝယ်ယူဖို့၊ ရက်စက်ကြမ်းကြုတ်မှုတွေ ထပ်မံကျူးလွန်ရာမှာ အသုံးချနေတဲ့ နိုင်ငံပိုင်ဘဏ်တွေ၊ ရေနံနဲ့ သဘာဝဓာတ်ငွေ့ ကဏ္ဍတွေအပေါ်  ဆန်ရှင်ချမှတ်ဖို့ နိုင်ငံခြားရေးဝန်ကြီးကို တွန်းအားပေးခဲ့တယ်”လို့ X လူမှုကွန်ရက်ပေါ်မှာ အလီက ရေးသားထားပါတယ်။

၂၀၁၃ ခုနှစ်က ရခိုင်ပြည်နယ်ကို သူ သွားရောက်ခဲ့တဲ့ ခရီးစဉ်မှာလည်း မြန်မာစစ်တပ်ဟာ ဆိုးရွားလှတဲ့ ရာဇဝတ်မှုတွေ ကျူးလွန်နှင့်ပြီးသား ဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီကာလအတွင်း ရိုဟင်ဂျာဦးရေ ၁၄၀,၀၀၀ လောက်ဟာ နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရတယ်လို့ ဖြည့်စွက်ပြောပေမဲ့လည်း အရေအတွက် အတိအကျ အတည်ပြုနိုင်ခြင်းတော့ မရှိပါဘူး။

အဲဒီနောက် ၂၀၂၁ အာဏာသိမ်းပြီးချိန်ကတည်းက မြန်မာအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုပေါင်း ၁၉ ကြိမ် ချမှတ်ခဲ့ပြီး ဖြစ်တဲ့အပြင် အလီ တင်ပြသွားတဲ့ ကဏ္ဍတွေကိုပါ ပြန်လည်သုံးသပ်သွားမယ်လို့ ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး အက်ဒ် မီလီဘန်က ချက်ချင်းဖြေဆိုပါတယ်။

ဒါ့အပြင် မြန်မာစစ်တပ်ဟာ ရှေ့တန်းစစ်မျက်နှာထက် အရပ်သားပစ်မှတ်တွေကို ပိုပြီး အာရုံစိုက်လာသလို လေကြောင်းတိုက်ခိုက်မှု အရေအတွက်လည်း ၂ ဆနီးပါး တိုးလာခဲ့ကြောင်း အလီက ဇွန်လပိုင်းထဲမှာ ထောက်ပြခဲ့ဖူးပါတယ်။

ICJ ရဲ့ လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့ကြောင်း စီရင်ချက်အတွက် အဓိကတာဝန်ရှိတဲ့ စစ်အာဏာရှင် မင်းအောင်လှိုင် ကတော့ “လိုက်နာသင့်တဲ့ အချက်တွေကိုသာ လိုက်နာမှာဖြစ်ပြီး မသင့်​လျော်တဲ့ အချက်တွေတော့ ချန်ထားမယ်” လို့ အစိုးရအဖွဲ့ အစည်းအ​ဝေးမှာ ​ပြောသွားပါတယ်။

တချိန်တည်းမှာ အလီဟာ ဗြိတိန်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ပါတီစုံလွှတ်တော် (APPG on Burma) အဖွဲ့ဥက္ကဋ္ဌ ဖြစ်သလို အင်ဒိုနီးရှားနိုင်ငံဆိုင်ရာ APPG အဖွဲ့ထဲမှာလည်း တာဝန်ရှိသူတယောက် အနေနဲ့ ပါဝင်နေပါတယ်။

အလားတူ ၂၀၁၀ ပြည့်နှစ်အတွင်း ဗြိတိန်အောက်လွှတ်တော်မှာ လေဘာပါတီဝင်ဖြစ်တဲ့ အလီဟာ ပထမဆုံး ဘင်္ဂလားဒေ့ရှ်နွယ်ဖွား အမတ်အဖြစ် ရွေးကောက်တင်မြှောက်ခံခဲ့ရပါတယ်။

နောက်ဆုံးမှာတော့ မြန်မာပြည်သူတွေနဲ့ အတူရပ်တည်ပြီး တရားမျှတမှုရတဲ့အထိ လက်တွဲ လုပ်ဆောင်သွားမယ်လို့ ကတိပြုကာ အလီက သူ့ရဲ့တင်ပြချက်ကို အဆုံးသတ်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013