DVB Logo
Home
Lead Story

“လက်ရှိမြေပြင်အခြေအနေနဲ့ အလှည့်ကျ အာဆီယံဥက္ကဋ္ဌရဲ့ တာဝန်ခံမှုအားကောင်းဖို့ အလေးပေး ဆွေးနွေးခဲ့တယ်” - ဦးစည်သူမောင်

DVB
·
November 26, 2026
Photo: Sithu Maung
Photo: Sithu Maung
Donate to DVB

ဖိလစ်ပိုင်နိုင်ငံ၊ တာဂေးတေးမြို့မှာ ဖိလစ်ပိုင်အစိုးရက ဦးဆောင်ကျင်းပတဲ့ မြန်မာ့အရေး ဆွေးနွေးပွဲကို နိုဝင်ဘာ ၂၂ နဲ့ ၂၃ ရက်တွေမှာ ကျင်းပခဲ့ပါတယ်။

ဒီအစည်းအဝေးမှာ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF)၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) အပါအဝင် တော်လှန်ရေးအင်အားစုတွေ တက်ရောက် ဆွေးနွေးခဲ့ကြပါတယ်။

ဒီဆွေးနွေးပွဲမှာ ဘာတွေ တင်ပြဆွေးနွေးခွင့်ရခဲ့သလဲ ဆိုတာကိုတော့ CRPH အဖွဲ့ဝင် လွှတ်တော်ကိုယ်စားလှယ် ဦးစည်သူမောင်ကို ဒီဗွီဘီ သတင်းထောက် ဝေဝေက ဆက်သွယ် မေးမြန်းထားပါတယ်။

(အပြည့်အစုံ)

မေး - ဖိလစ်ပိုင်နိုင်ငံက ဦးဆောင်ပြုလုပ်ခဲ့တဲ့ မြန်မာ့အရေးဆွေးနွေးပွဲမှာ CRPH အနေနဲ့ တက်ရောက်ခဲ့တာဆိုတော့ ဘာတွေ ဆွေးနွေးတင်ပြချက်တွေ ပြောဆိုခဲ့လဲ ဆိုတာလေး အရင်ဆုံး ပြောပြပေးပါ။

ဖြေ - “အဓိကကတော့ ဖိလစ်ပိုင် အာဆီယံ Chair သက်တမ်းမှာ ကျနော်တို့ ဒီ Stakeholder engage meeting ကို ၂ ကြိမ် ပြုလုပ်ခဲ့တယ်ပေါ့နော်။ ဆိုတော့ ဒါကတော့ ဒုတိယအကြိမ်လည်း ဖြစ်သလို အာဆီယံ Chair သက်တမ်းမှာ ဖိလစ်ပိုင်နိုင်ငံရဲ့ ဒါ နောက်ဆုံးအကြိမ်တော့ ဖြစ်တယ်လို့ ပြောလို့ရတယ်ပေါ့။ ပထမအကြိမ်တုန်းကတော့ ဒီနှစ်ရဲ့ ဇန်နဝါရီ ဒုတိယပတ်လောက်မှာ တက်ရောက်ခဲ့ကြတာ ရှိပါတယ်၊ ဒီတော်လှန်ရေး အင်အားစုတွေပေါ့နော်။ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၇ တုန်းကတော့ ကျနော်တို့ ပူးတွဲပြီးတော့ ဒီ statement (ကြေညာချက်) ထုတ်ပြန်ခဲ့တာ ရှိတယ်။ အဲဒီထဲမှာဆိုလို့ရှိရင် အဓိကကတော့ အကြမ်းဖက်မှုတွေ လျှော့ချရေးနဲ့ အရပ်သားတွေ ကာကွယ်ပေးရေးကိစ္စ အပါအဝင်ပေါ့နော်။  ဒါ အာဆီယံရဲ့ 5PC (ဘုံသဘောတူညီချက် ၅ ရပ်) ကိုပဲ ရည်ညွှန်းပြီးတော့ ကျနော်တို့ ဘယ်ဟာတွေကတော့ အကောင်အထည်ဖော်သင့်တယ်၊ ဘယ်ကိစ္စတွေကတော့ အားနည်းချက်တွေ ရှိနေတုန်းပဲ ဆိုတာကို ကျနော်တို့အနေနဲ့ သဘောထား ရပ်တည်ချက်ကို ထုတ်ပြန်ခဲ့တာ ရှိတယ်။ ဆိုတော့ အခု ဖိလစ်ပိုင်မှာလုပ်တဲ့ မြန်မာ stakeholder တွေပေါ့နော်၊ roundtable discussion ကတော့ ပြီးခဲ့တဲ့ statement မှာ ပါခဲ့တဲ့ဟာတွေအပြင် လက်ရှိ current situation ပေါ့နော်၊ မြေပြင်အခြေအနေတွေနဲ့ ဒီ လက်ရှိဖြစ်ပေါ်လာတဲ့ ICJ ကိစ္စအပေါ်မှာလည်း ကျနော်တို့ သုံးသပ်ဆွေးနွေးတာရှိတယ်ပေါ့။”

မေး - အခု တွေ့ဆုံဆွေးနွေးပွဲမှာ တခြား ဘယ်သူတွေ ဘယ်လိုအဖွဲ့အစည်းတွေ တက်ရောက်ခဲ့ပါသလဲရှင်။

ဖြေ - “ဒါကတော့ ပွင့်ပွင့်လင်းလင်းပြောရရင် ဒါ internal dialogue လို့ ပြောရင် ပိုပြီးမှန်တယ်။ တော်လှန်ရေးအင်အားစုတွေ အကြားထဲမှာ internal dialogue လုပ်ကြတယ်၊ သဘောထား အမြင်တွေ ဖလှယ်ကြတယ်။ တက်ရောက်လာတဲ့ အဖွဲ့အစည်း တော်တော်များများကတော့ ဒါ SCEF member organization တွေ ဖြစ်တယ်ပေါ့နော်။ ဆိုတော့ SCEF member မဟုတ်တဲ့သူတွေလည်း တက်ပါတယ်။ အရပ်ဘက် အဖွဲ့အစည်းတွေရော၊ တခြား အဓိက key stakeholder တွေလည်း သူ့ရဲ့ကိုယ်စားပြု delegate တွေ တက်ကြပါတယ်။ ဆိုတော့ ကျနော်တို့ သဘောထား အမြင်တွေ ဖလှယ်နိုင်ခဲ့တယ်။”

မေး - ဆွေးနွေးပွဲကို တက်ရောက်ခဲ့သူအနေနဲ့ ဘယ်လို တင်ပြဆွေးနွေးချက်တွေ ထပ်မံထောက်ပြ ပြောဆိုခဲ့ပါသေးလဲရှင်။

ဖြေ - “ဘာပဲပြောပြော အာဆီယံရဲ့ ဖိလစ်ပိုင်သက်တမ်းကလည်း ပြီးတော့မယ်။ နောက်သက်တမ်းကိုလည်း ထပ်ပြီးတော့ စင်ကာပူနိုင်ငံက တာဝန်ယူတော့မှာပေါ့။ အဲဒီမှာ အာဆီယံအဖွဲ့ကြီးရဲ့ ဦးဆောင်မှုက နည်းနည်း ချိတ်ဆက်မှု ပြတ်တောက်နေတဲ့ ပြဿနာ ရှိတယ်လို့ ကျနော်တို့တော့ ထောက်ပြခဲ့တယ်။ ဆိုလိုတာက ဥက္ကဋ္ဌ သက်တမ်း တခုနဲ့တခုကြားမှာ ချိတ်ဆက်မှု ပြတ်တောက်နေတာပေါ့။ တိုင်းတာနိုင်တဲ့ ညွှန်းကိန်းတွေ မရှိတာပေါ့။ ဥပမာအားဖြင့် မလေးရှားတုန်းက လုပ်ခဲ့တဲ့ ဒီ stakeholder engagement meeting မှာ ဆွေးနွေးခဲ့ကြတဲ့ လုပ်ငန်းစဉ်တွေ၊ ဆက်လက်အကောင်အထည်ဖော်ရမဲ့ ကိစ္စတွေ ဆက်ပြီးတော့ လက်လွှဲယူဖို့ ကိစ္စမျိုးတွေပေါ့နော်။ နောက်တခုက အမြဲတမ်း ဥက္ကဋ္ဌတာဝန် သက်တမ်း အလှည့်အပြောင်း ဖြစ်နေတော့ စဉ်ဆက်မပြတ်ရှိမှုက နည်းနည်းလေး အကန့်အသတ် ဖြစ်နေတာမျိုးကို ကျနော်တို့ ထောက်ပြခဲ့တယ်။ အာဆီယံအလှည့်ကျ တာဝန်ယူတဲ့ နိုင်ငံတွေအနေနဲ့ကျတော့ စနစ်တကျနဲ့ ဒီအစီရင်ခံတင်ပြတဲ့ ယန္တရားတွေ ရှိနေဖို့နဲ့ အဲဒီအပေါ်မှာ လိုက်နာမှု ပိုပြီးအားကောင်းဖို့ပေါ့နော်၊ တာဝန်ခံမှုတွေ ဆိုင်ရာအစီအမံတွေ အားကောင်းဖို့ကိုလည်း ထပ်လောင်းပြီးတော့ ကျနော်တို့ အလေးပေး ဆွေးနွေးခဲ့တာရှိတယ်။”

မေး - နောက်တခုက အာဆီယံရဲ့ ဘုံသဘောတူညီချက် ၅ ချက် (Five-Point Consensus) နဲ့ ပတ်သက်လို့ရော ဘယ်လိုမျိုး သဘောထားရှိပါသလဲ။

ဖြေ - “အာဆီယံကတော့ တောက်လျှောက်ဆိုသလိုပေါ့နော် 5PC ကတော့ သူတို့ ငြိမ်းချမ်းရေးကိစ္စ peaceful solution ကိစ္စကို ပြောနေပေမဲ့လို့ လက်ရှိအခြေအနေက အာဏာမသိမ်းမီက အခြေအနေတွေအပေါ်မှာ အခြေခံတဲ့ အပစ်အခတ်ရပ်စဲရေးအပေါ် အခြေခံထားတဲ့ မူဘောင်တွေ ဘာတွေ လက်ရှိအခြေအနေနဲ့ မကိုက်ညီဘူး ဆိုတာတွေကိုတော့ ကျနော်တို့ ထုတ်ပြောခဲ့ထားပြီးသားပေါ့နော်။ အထူးသဖြင့်တော့ NCA ကိစ္စမျိုးလို ဟာမျိုးပေါ့နော်။

ဆိုတော့ အခုကတော့ တရားဝင်မှုရှိတဲ့ အစုအဖွဲ့အားလုံး ပါဝင်တဲ့ နိုင်ငံရေးလုပ်ငန်းစဉ် လမ်းကြောင်းနဲ့ သွားရတော့မယ် ဆိုတာမျိုးကို ကျနော်တို့အနေနဲ့ ရပ်တည်ပြီး ပြောဆိုတာ ရှိတယ်ပေါ့။ ဘာပဲပြောပြော ဘုံသဘောတူညီချက် ၅ ချက်ကိုတော့ ဖိလစ်ပိုင်နိုင်ငံရဲ့သက်တမ်းမှာ 5PC ကို ထပ်လောင်းပြီးတော့ အတည်ပြုခဲ့တယ်။ အဲတော့ ဘုံသဘောတူညီချက် ၅ ချက်ရဲ့ သမာသမတ်ရှိမှုကို ဆက်ထိန်းသိမ်းရင်းနဲ့ အဲဒီထဲမှာမှ အဓိက ဆောင်ရွက်ရမဲ့ အရပ်သားတွေ အကာအကွယ်ပေးရေးဆိုင်ရာ ကိစ္စကလည်း အရေးကြီး ဦးစားပေးအဖြစ် ဒါ သတ်မှတ်နေရဦးမှာပဲ ပေါ့နော်။ ဆိုတော့ နောက်တခုက လူသားစာနာအကူအညီတွေ လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ အရေးပါမှုကိုလည်း ဆက်လက်ပြီး ကျနော်တို့ တိုက်တွန်းပြောဆိုဖို့ လိုအပ်သေးတယ်။ နောက်တခုကတော့ protection of civilian နော်၊ အရပ်သားတွေကို ကာကွယ်ပေးရေးကိစ္စ အခုထက်ထိ လေကြောင်းတွေ ဗုံးကြဲနေတုန်းပဲ၊ ရက်စက်ရမ်းကားမှုတွေက ရှေ့လျှောက်မှာ ပိုပြီးတော့ ကြုံလာရနိုင်တယ်ပေါ့နော်၊ လက်ရှိ situation အရ။ ဆိုတော့ အဲဒီအခြေအနေမျိုးတွေကို ကျနော်တို့ သုံးသပ်ဆွေးနွေးခဲ့တာ ရှိတယ်။”

မေး - လာမဲ့ အာဆီယံအလှည့်ကျဥက္ကဋ္ဌ စင်ကာပူနိုင်ငံကလည်း တက်ရောက်ခဲ့တယ်လို့ သိရပါတယ်၊ အဲဒါနဲ့ ပတ်သက်လို့ရောရှင့်။

ဖြေ - “ဒီမှာတော့ စင်ကာပူသက်တမ်းက နောင်လာမဲ့ Chair အတွက် သူတို့တာဝန်ယူတော့မှာ ဖြစ်တဲ့အတွက်ကြောင့် စင်ကာပူနိုင်ငံကတော့ သူတို့ရဲ့ advisory team လိုမျိုး ထင်ပါတယ်၊ အဲဒီ team တခုက လာရောက်ပြီးတော့ observer အနေနဲ့ လာရောက်နားထောင်တာ ရှိတယ်။ ဝင်ရောက်ဆွေးနွေးတာတော့ မရှိဘူးပေါ့။”

မေး - ဒီဆွေးနွေးပွဲနဲ့ပတ်သက်လို့ တခြားထူးခြားတာရော ဘာများရှိမလဲရှင်၊ ဖြည့်စွက်ပြောချင်တာရှိရင်လည်း ပြောပေးပါ။

ဖြေ - “ဒီ ၂ ရက်တာ ဆွေးနွေးမှုမှာတော့ ကျနော်တို့ အာဆီယံ ဥက္ကဋ္ဌသက်တမ်းအဖြစ် ဆောင်ရွက်ခဲ့တဲ့ ဖိလစ်ပိုင်နိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီးပေါ့နော် မစ္စလာဇာရိုရဲ့ တနှစ်တာ ဆောင်ရွက်ခဲ့မှုတွေ၊ အဲဒီအပေါ်မှာ အားသာချက် အားနည်းချက်တွေ အားလုံးကို လာရောက်ပြီးတော့ ရှင်းလင်းပြီးတော့ ဆွေးနွေးပြောပြတာ ရှိတယ်။ ကျနော်တို့ဘက်ကလည်း ပြန်လည်တိုက်တွန်းပြီးတော့ လိုအပ်တဲ့ဟာတွေကို ကျနော်တို့ ထောက်ပြပြီး ပြန်ဆွေးနွေးခဲ့တာတွေလည်း ရှိခဲ့ပါတယ်။ ဆိုတော့ ဒီလောက်ပါပဲ ခင်ဗျ။”

အခုလိုဖြေကြားပေးတဲ့ကျေးဇူးတင်ပါတယ်ရှင်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013