DVB Logo
Home
မြန်မာသတင်း

အာဆီယံဒေသက နည်းပညာနှင့် သယံဇာတများ မသမာသူလက်ထဲ မရောက်စေရန် အမေရိကန် ကူညီမည်

သုတချမ်းသာ
·
November 19, 2026
Photo: အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန
Photo: အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန
Donate to DVB

အရှေ့တောင်အာရှဒေသတွင်း သယံဇာတနဲ့ နည်းပညာတွေ မသမာသူတွေလက်ထဲ မရောက်အောင် မှန်ကန်တဲ့နည်းလမ်းတွေနဲ့ အာဆီယံနိုင်ငံတွေကို အကူအညီပေးသွားမယ်လို့ အာဆီယံဆိုင်ရာ အမေရိကန်သံအမတ်ကြီး ကီဗင်ကင်မ်က ဒေသစံတော်ချိန် နိုဝင်ဘာ ၁၈ ရက်က ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောလိုက်တာပါ။

နိုဝင်ဘာ ၁၅ ရက်ကနေ ၁၇ ရက်အထိ ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့မှာ ကျင်းပခဲ့တဲ့ ၄၉ ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးအပြီး ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အခုလို ပြောဆိုခဲ့တာပါ။

အာဆီယံ ထိပ်သီးအစည်းအဝေးကို အာဆီယံ ၁၁ နိုင်ငံနဲ့အတူ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်၊ ဩစတြေးလျဝန်ကြီးချုပ် အန်သိုနီ အယ်လ်ဘန်နီစ်၊ ဂျပန်ဝန်ကြီးချုပ် တာကာအိချိနဲ့ ဘရာဇီးသမ္မတ လူလာ ဒါဆေးလ်ဗားတို့ တက်ရောက်ခဲ့ကြပြီး ဒေသတွင်း ရေနံ၊ သယံဇာတ၊ နည်းပညာ၊ ကုန်သွယ်ရေး၊ အွန်လိုင်းငွေလိမ်ဂိုဏ်း၊ ဒေသတွင်းလုံခြုံရေးနဲ့ ငြိမ်းချမ်းရေးဆိုင်ရာ ကိစ္စရပ်တွေကို အဓိကထား ဆွေးနွေးခဲ့ကြတာပါ။

အာဆီယံဆိုင်ရာ အမေရိကန်သံအမတ်ကြီး ကီဗင်ကင်မ်က “အမေရိကန်ပြည်ထောင်စုအတွက် အဓိကအကျိုးစီးပွားကတော့ ခိုင်မာတဲ့အာဆီယံ၊ ကြံ့ခိုင်တဲ့ အရှေ့တောင်အာရှ ဖြစ်ပါတယ်။ ဒေသရဲ့ ကိုယ်ပိုင်တန်ဖိုးတွေ၊ ကိုယ်ပိုင်အကျိုးစီးပွားတွေနဲ့ ကိုယ်ပိုင်အနာဂတ်ကို ပုံဖော်ဆုံးဖြတ်နိုင်ဖို့ ဖြစ်ပါတယ်။ လွတ်လပ်မှုအတွက် လမ်းပြတာမျိုး အပါအဝင် အာဆီယံရဲ့ စံနှုန်းတွေနဲ့ တန်ဖိုးထားမှုတွေကို မြှင့်တင်ဖို့ ကျနော်တို့ ကူညီချင်ပါတယ်။ အဲဒါကြောင့်ပဲ သမ္မတထရမ့်ပ်ရဲ့ အာဆီယံ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံတဲ့ ခရီးစဉ်တွေ၊ အခမ်းအနားတွေမှာ ပါဝင်တာတွေဟာ အရေးကြီးနေတာ ဖြစ်ပါတယ်။ အဲဒီလို တွေ့ဆုံခြင်းအားဖြင့် အစိုးရတွေရဲ့ ထိပ်တန်းခေါင်းဆောင်တွေ အကြားမှာ အမေရိကန်ပြည်ထောင်စုရဲ့ မိတ်ဖက်ဆက်ဆံရေး၊ ပူးပေါင်း ဆောင်ရွက်မှုတွေနဲ့ အရှေ့တောင်အာရှမှာ ဘယ်လိုအနာဂတ်မျိုးကို တည်ဆောက်သွားမယ်ဆိုတာ ဘုံနားလည်မှု ရလာနိုင်မှာ ဖြစ်ပါတယ်။ အရှေ့တောင်အာရှရဲ့ အစိုးရတွေနဲ့ ပူးပေါင်းဆောင်ရွက်ရာမှာ မသမာသူတွေနောက်ကို မလိုက်ဘဲ မှန်ကန်တဲ့စွမ်းဆောင်ရည်၊ မှန်ကန်တဲ့နည်းပညာတွေကို ကျနော်တို့ အသုံးချလိုပါတယ်။ အဲဒီအတွက် ရှေ့ဆက်သွားမဲ့လမ်းမှာ ယုံကြည်မှု ဘယ်လိုတည်ဆောက်နိုင်မယ်၊ ဘယ်လိုပူးပေါင်းဆောင်ရွက်နိုင်မယ် ဆိုတာတွေကို သိနိုင်ဖို့ အမေရိကန်အစိုးရအတွက် အရမ်းအရေးကြီးပါတယ်” လို့ ပြောပါတယ်။

မြန်မာနိုင်ငံနဲ့ဆက်စပ်နေတဲ့ မြေရှားသတ္တုအရေး၊ အွန်လိုင်းငွေလိမ်ဂိုဏ်း နှိမ်နင်းရေး တို့ကိုလည်း အမေရိကန်အစိုးရဘက်က အလေးထား ဆွေးနွေးခဲ့ပြီး ဖိလစ်ပိုင်နိုင်ငံကို အခြေပြုထားတဲ့ လူဇွန်စီပွားရေးစင်္ကြံကနေတဆင့် ဒေသတွင်း လိုအပ်တဲ့ နည်းပညာ၊ ဂေဟ၊ ကုန်သွယ်ရေးဆိုင်ရာ အကူအညီတွေ ပေးသွားဖို့ ရှိနေတာပါ။

ဒေသတွင်းမှာ တရုတ်နိုင်ငံက နည်းပညာ၊ သယံဇာတ၊ ပထဝီနိုင်ငံရေး၊ စီးပွားရေး နည်းလမ်းစုံနဲ့ လွှမ်းမိုးလာတာကို အမေရိကန်အစိုးရက ပြန်လည်ဖိအားပေးနိုင်ဖို့ အားထုတ်နေတာလည်း ဖြစ်ပါတယ်။

အာဆီယံအဖွဲ့ဟာ စတင်ဖွဲ့စည်းတုန်းက ဒေသတွင်း ကုန်သွယ်စီးပွားရေးအတွက် အဓိကရည်ရွယ်ခဲ့တာဖြစ်ပြီး အဖွဲ့ဝင်နိုင်ငံအချင်းချင်း နိုင်ငံရေးမှာ မစွက်ဖက်ရေး၊ နိုင်ငံတကာအရေးတွေမှာ ကြားနေအဖြစ် ရပ်တည်ရှင်သန်ရေး မူတွေကို ကျင့်သုံးခဲ့တာ ဖြစ်ပါတယ်။

မြန်မာ့ဒီမိုကရေစီအရေး မဟာမိတ်များအဖွဲ့မှ မခင်သီရိနန္ဒာစိုးက “အာဆီယံဆိုင်ရာ အမေရိကန်သံအမတ်ကြီး ကယ်ဗင်ကင်မ်က အရေးကြီးတဲ့ နည်းပညာတွေကို မသမာသူတွေရဲ့ လက်ထဲ မရောက်ရှိဖို့ ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုတွေကို ပိုပြီးတော့မှ မြှင့်တင်ချင်တယ် ဆိုတာမျိုးတွေ ပြောသွားတယ်။ နည်းပညာလမ်းကြောင်း လွဲမှားပြီးတော့ ရောက်ရှိသွားတာမျိုးကို စိုးရိမ်တဲ့အတွက်ကြောင့် နိုင်ငံစုံ ပူးပေါင်းဆောင်ရွက်ရေးဝါဒကနေပြီးတော့ လုံခြုံရေးကို အခြေပြုတဲ့ စီးပွားရေး၊ နိုင်ငံရေး မဟာဗျူဟာ အပြောင်းအလဲတခုကို ပိုပြီးတော့ သေချာစေတာမျိုး ဖြစ်သွားတယ်။ ဒေသတွင်းအစိုးရတွေ အနေနဲ့က အမေရိကန်နဲ့ ကိုက်ညီတဲ့ လုံခြုံရေးစံနှုန်းတွေနဲ့ စိစစ်ရေး ယန္တရားတွေကို မဖြစ်မနေ ကျင့်သုံးလာရတော့မဲ့သဘော ဖြစ်လာတာပေါ့။ အမေရိကန်ရဲ့ ယုံကြည်စိတ်ချရတဲ့ မိတ်ဖက်လို့ သူတို့သုံးနေတဲ့စံနှုန်းတွေကို ပြည့်မီအောင် ဆောင်ရွက်နိုင်တဲ့ နိုင်ငံတွေက ကြီးမားတဲ့ အရင်းအနှီး စီးဝင်မှုတွေကို ရရှိနိုင်ပေမဲ့ တရုတ်ရဲ့ စက်မှုဂေဟစနစ်နဲ့ ပိုပြီးမှ ချိတ်ဆက်နေတဲ့ နိုင်ငံတွေက နည်းပညာပိုင်းဆိုင်ရာ ဖြတ်တောက်ခံရတာမျိုးနဲ့ ရင်ဆိုင်ရနိုင်တဲ့ အာဆီယံအဖွဲ့က စည်းလုံးညီညွတ်မှုကို တော်တော်လေးကို စမ်းသပ်ခံရမဲ့ ကာလမျိုး ဖြစ်လာနိုင်တယ်ပေါ့။ ကြားနေရပ်တည်နိုင်မဲ့ သံတမန်ရေးနယ်ပယ်က ကျဉ်းမြောင်းသွားတယ်” လို့ ပြောပါတယ်။

သတင်းစာရှင်းလင်းပွဲမှာ သံအမတ်ကြီး ကီဗင်ကင်မ်က မြန်မာ့အရေးကို တိုက်ရိုက် ထည့်သွင်းပြောဆိုတာမျိုး မရှိခဲ့ပေမဲ့ အာဆီယံ ထိပ်သီးအစည်းအဝေးမှာ အဓိကဆွေးနွေးခဲ့တဲ့  မြေရှားသတ္တုအရေး၊ ဒေသတွင်း ပင်လယ်ရေကြောင်းလမ်း၊ ရေနံနဲ့ သဘာဝသယံဇာတအရေးနဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်း ပြဿနာတွေဟာ မြန်မာနိုင်ငံနဲ့ အဓိကနီးပါး ဆက်စပ်နေတဲ့ ပြဿနာတွေ ဖြစ်ပါတယ်။

အာဆီယံ ထိပ်သီးအစည်းအဝေးကို ၁၀ နိုင်ငံခေါင်းဆောင်တွေ တက်ရောက်ခဲ့ပေမဲ့ မြန်မာစစ်အာဏာရှင်ကိုတော့ ဘုံသဘောတူညီချက် ၅ ရပ် မူအရ အစည်းအဝေးကို တက်ရောက်ခွင့် မပေးခဲ့ပါဘူး။

စစ်အာဏာရှင်ကိုယ်စား နိုင်ငံခြားရေးဝန်ကြီးဌာန၊ ညွှန်ချုပ်အဆင့် ကိုယ်စားလှယ် ဦးဟန်ဝင်းအောင်သာ တက်ရောက်ခွင့်ရခဲ့တာ ဖြစ်ပါတယ်။

အဲဒါအပြင် အစည်းအဝေးမှာ မြန်မာနိုင်ငံအတွင်း အရပ်သားတွေအပေါ် ပစ်မှတ်ထား တိုက်ခိုက်တဲ့ အကြမ်းဖက်မှုတွေကို လျှော့ချဖို့ အာဆီယံခေါင်းဆောင်တွေက ဆွေးနွေးတိုက်တွန်းခဲ့ကြတာ တွေ့ရပါတယ်။

သုတချမ်းသာ

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013