မြန်မာ့အရေးကိုင်တွယ်ရာတွင် အာဆီယံ၏ ထိတွေ့ဆက်ဆံမှုနှင့် တာဝန်ခံမှု အားနည်း

အာဆီယံရဲ့ မြန်မာ့အရေးကိုင်တွယ်မှုမှာ ဥက္ကဋ္ဌအလှည့်အပြောင်းတွေကြား လုပ်ငန်းစဉ်ဆက်စပ်မှုနဲ့ တာဝန်ခံမှုဆိုင်ရာ ယန္တရားတွေလည်း အားကောင်းဖို့ လိုအပ်နေတယ်လို့ တော်လှန်ရေးအင်အားစုတွေနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေက ထောက်ပြနေကြပါတယ်။
ဖိလစ်ပိုင်နိုင်ငံက အာဆီယံဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့ချိန် မြန်မာ့အရေးကိုင်တွယ်မှုမှာ အားနည်းချက် တွေရှိခဲ့ပြီး အာဆီယံအထူးသံတမန်ရဲ့ သက်ဆိုင်သူအားလုံးနဲ့ ထိတွေ့ဆက်ဆံရေးနဲ့ အာဆီယံဥက္ကဋ္ဌ အလှည့်အပြောင်းကြား လုပ်ငန်းစဉ်ဆက်စပ်မှု အားကောင်းဖို့ လိုအပ်တယ်လို့ တော်လှန်ရေးအင်အားစုတွေနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေက ထောက်ပြပြောဆိုနေကြပါတယ်။
ဖိလစ်ပိုင်နိုင်ငံ၊ တာဂေးတေးမြို့မှာ ဖိလစ်ပိုင်အစိုးရက ဦးဆောင်ကျင်းပတဲ့ မြန်မာ့အရေး ဆွေးနွေးပွဲကို နိုဝင်ဘာ ၂၂ နဲ့ ၂၃ ရက်တွေမှာ ကျင်းပခဲ့ပါတယ်။
ဒီအစည်းအဝေးမှာ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF)၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) အပါအဝင် တော်လှန်ရေးအင်အားစုတွေ တက်ရောက် ဆွေးနွေးခဲ့ကြပါတယ်။
CHRP အနေနဲ့ အာဆီယံရဲ့ အားနည်းနေတဲ့ အပိုင်းတွေကို အဓိထားဆွေးနွေး ထောက်ပြခဲ့တယ်လို့ အဖွဲ့ဝင် ဦးစည်သူမောင်က DVB ကို ပြောပါတယ်။
“အာဆီယံကတော့ တောက်လျှောက်ဆိုသလိုပေါ့နော် 5PC ကတော့ သူတို့ ငြိမ်းချမ်းရေးကိစ္စ peaceful solution ကိစ္စကို ပြောနေပေမဲ့လို့ လက်ရှိ အခြေအနေက အာဏာမသိမ်းမီက အခြေအနေတွေအပေါ်မှာ အခြေခံတဲ့ အပစ်အခတ်ရပ်စဲရေးအပေါ် အခြေခံထားတဲ့ မူဘောင်တွေဘာတွေ လက်ရှိအခြေအနေနဲ့ မကိုက်ညီဘူး ဆိုတာတွေကိုတော့ ကျနော်တို့ ထုတ်ပြောခဲ့ထားပြီးသားပေါ့နော်။ အထူးသဖြင့်တော့ NCA ကိစ္စမျိုးလို ဟာမျိုးပေါ့နော်။ အခုကတော့ တရားဝင်မှုရှိတဲ့ အစုအဖွဲ့အားလုံး ပါဝင်တဲ့ နိုင်ငံရေး လုပ်ငန်းစဉ်လမ်းကြောင်းနဲ့ သွားရတော့မယ်ဆိုတာမျိုးကို ကျနော်တို့အနေနဲ့ ရပ်တည်ပြီး ပြောဆိုတာရှိတယ်ပေါ့။ အာဆီယံအဖွဲ့ကြီးရဲ့ ဦးဆောင်မှုက နည်းနည်း ချိတ်ဆက်မှု ပြတ်တောက်နေတဲ့ ပြဿနာရှိတယ်လို့ ကျနော်တို့တော့ ထောက်ပြခဲ့တယ်။ အာဆီယံအလှည့်ကျ တာဝန်ယူတဲ့ နိုင်ငံတွေအနေနဲ့ကျတော့ စနစ်တကျနဲ့ ဒီအစီရင်ခံတင်ပြတဲ့ ယန္တရားတွေ ရှိနေဖို့နဲ့ အဲဒီအပေါ်မှာ လိုက်နာမှုပိုပြီး အားကောင်းဖို့ပေါ့နော်၊ တာဝန်ခံမှုတွေ ဆိုင်ရာအစီအမံတွေ အားကောင်းဖို့ကိုလည်း ထပ်လောင်း ပြီးတော့ ကျနော်တို့ အလေးပေး ဆွေးနွေးခဲ့တာရှိတယ်။”
နောက်လာမဲ့ အာဆီယံဥက္ကဋ္ဌ တာဝန်ထမ်းဆောင်မဲ့ စင်ကာပူနိုင်ငံကတော့ လေ့လာသူအဖြစ် တက်ရောက်ခဲ့ တယ်လို့ သိရပါတယ်၊
၂၀၂၇ ခုနှစ်မှာ အာဆီယံဥက္ကဋ္ဌတာဝန်ကို စင်ကာပူနိုင်ငံက လွှဲပြောင်းရယူမှာဖြစ်ပြီး မြန်မာ့အရေးအတွက် ခန့်အပ်မဲ့ အာဆီယံအထူးသံတမန်အနေနဲ့ သက်ဆိုင်သူအားလုံးနဲ့ ထိတွေ့ဆက်ဆံဖို့နဲ့ လက်ရှိချဉ်းကပ်ပုံတွေကို ပြန်လည်သုံးသပ်ဖို့ တောင်းဆိုမှုတွေလည်း ရှိနေပါတယ်။
ရှေ့ပြေးအသံအဖွဲ့ရဲ့ ဒါရိုက်တာ ဒေါ်ခင်ဥမ္မာက “၂၀၂၇ မှာ ဥက္ကဋ္ဌလုပ်မဲ့ စင်ကာပူနိုင်ငံဟာ ဥက္ကဋ္ဌအနေနဲ့ တာဝန်အရှိဆုံး ဖြစ်သွားတယ်။ ဒါကြောင့်မို့လို့ ကျမတို့အနေနဲ့ တောင်းဆိုချင်တာတော့ စင်ကာပူကနေပြီးတော့မှ ခန့်အပ်လာမဲ့ အာဆီယံအထူးသံတမန် Special Envoy ပေါ့နော်၊ သူ့ရဲ့ လုပ်ပိုင်ခွင့်မှာ အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်ထဲမှာလည်း ထည့်သွင်းဖော်ပြထားပြီး သားလည်း ဖြစ်ပါတယ်။ ထပ်မံပြီးတော့လည်း ဒါကို သေချာ နှစ်တိုင်းနှစ်တိုင်းလည်း သူတို့ ထပ်ထပ်ပြီးတော့မှ ဒါကို အတည်ထပ်ထပ်ပြုပါတယ်။ အဲဒါ ဘာလဲဆို လို့ရှိရင် အားလုံးနဲ့ ထိတွေ့ ဆက်ဆံဖို့ဆိုတဲ့ ကိစ္စ။ အဲတော့ အားလုံးနဲ့ ထိတွေ့ဆက်ဆံဖို့ဆိုပေမယ်လို့ တကယ်တမ်းက ဒီနှစ် တနှစ်လုံး ၂၀၂၆ မှာ ဖိလစ်ပိုင်နိုင်ငံကနော် အထူးသံတမန် Special Envoy ဟာ ဒါကို လုံးဝ မလုပ်သွားဘူး။ အင်မတန်မှ မှားယွင်းတဲ့ ချဉ်းကပ်မှု ဖြစ်ပါတယ်။ ဆိုတော့ တကယ်တမ်းက လုပ်သင့်တာက ဘာလဲဆိုရင် စစ်အုပ်စုရဲ့ ကိုယ်စားလှယ်တွေကို ဘယ်နေရာမှာ ဘယ်အဆင့်မှာမှ နေရာ မပေးဘဲနဲ့ လုပ်ရမဲ့ ကိစ္စပဲ ဖြစ်တယ်။ ဒါကိုပဲ ကျမတို့ကတော့ ဆက်ပြီးတော့မှ ပြတ်ပြတ်သားသား တောင်းဆိုမှာပဲ ဖြစ်ပါတယ်”လို့ DVB ကို ပြောပါတယ်။
အာဆီယံဟာ မြန်မာ့အရေးဖြေရှင်းဖို့ ဘုံသဘောတူညီချက် ၅ ချက် (5PC) ကို ၂၀၂၁ ခုနှစ်မှာ ချမှတ်ခဲ့ပေမဲ့ အကြမ်းဖက်မှုတွေ ရပ်တန့်ရေးနဲ့ သက်ဆိုင်သူအားလုံး ပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးမှုတွေ ဖြစ်ပေါ်လာရေးမှာ ထိရောက်တဲ့ တိုးတက်မှု မရှိသေးဘူးလို့ ဝေဖန်မှုတွေ ရှိနေပါတယ်။
ဝေဝေ











