DVB Logo
Home
မြန်မာသတင်း
တနိုင်ငံလုံး လျှပ်စစ်ထုတ်လုပ်နိုင်စွမ်း၏ ထက်ဝက်သာထုတ်နိုင်၊ ရန်ကုန်၌ မီးပိုပျက်လာသဖြင့် ရေရရှိရန် အခက်ကြုံ
DVB
·
May 5, 2024
တနိုင်ငံလုံး လျှပ်စစ်ထုတ်လုပ်နိုင်စွမ်း၏ ထက်ဝက်သာထုတ်နိုင်၊ ရန်ကုန်၌ မီးပိုပျက်လာသဖြင့် ရေရရှိရန် အခက်ကြုံ
Donate to DVB

မြန်မာနိုင်ငံမှာ လျှပ်စစ်ထုတ်လုပ်နိုင်စွမ်းရဲ့ တဝက်လောက်ပဲ လက်ရှိမှာ ထုတ်လုပ်နိုင်ပြီး အဲဒီထဲက ရန်ကုန်တိုင်းကို ၄၆ ရာခိုင်နှုန်း၊ မန္တလေးတိုင်းကို ၁၆ ရာခိုင်နှုန်းနဲ့ ကျန်ပြည်နယ်နဲ့ တိုင်းတွေကို ၃၈ ရာခိုင်နှုန်း ခွဲပေးနေတယ်လို့ စစ်ကောင်စီဩဇာခံ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက မေ ၃ ရက်မှာ ထုတ်ပြန်ပါတယ်။

အခုကာလမှာ တရက်ကို ပျမ်းမျှ ၂,၈၀၀ မဂ္ဂါဝပ်လောက်ပဲ ထုတ်လုပ်နိုင်ပြီး နိုင်ငံရဲ့ လိုအပ်ချက်ကတော့ ၅,၄၄၃ မဂ္ဂါဝပ်ဖြစ်တယ်လို့ ဆိုပါတယ်။

ရေအားလျှပ်စစ်စက်ရုံ ၂၉ ရုံရဲ့ တပ်ဆင်စက်အင်အား ၃,၂၂၈ မဂ္ဂါဝပ်၊ သဘာဝဓာတ်ငွေ့သုံးစက်ရုံ ၂၇ ရုံရဲ့ တပ်ဆင်စက်အင်အား ၃၆၃၈.၃၆၄ မဂ္ဂါဝပ်၊ ကျောက်မီးသွေးသုံးစက်ရုံ ၂ ရုံရဲ့ တပ်ဆင် စက်အင်အား ၁၃၈ မဂ္ဂါဝပ်နဲ့ နေရောင်ခြည်သုံးစွမ်းအင်စက်ရုံ ၆ ရုံရဲ့ တပ်ဆင်စက်အင်အား ၁၈၀ မဂ္ဂါဝပ် ရှိတာကြောင့် ဓာတ်အားစနစ်အတွင်း စုစုပေါင်း ထုတ်လုပ်နိုင်တဲ့ စက် တပ်ဆင်အင်အားဟာ ၇၁၈၄.၄၆ မဂ္ဂါဝပ်အထိ ရှိတယ်လို့ ဆိုပါတယ်။

အခုတော့ ရွှေကျင်၊ ဘီလူးချောင်းနဲ့ သဖန်းဆိပ် ရေအားလျှပ်စစ်ဓာတ်အားပေး စက်ရုံတွေက ပို့လွှတ်နေတဲ့ ၂၃၀ ကေဗွီ၊ ၁၃၂ ကေဗွီ ဓာတ်အားလိုင်းတွေ ဖျက်ဆီးခံထားရတာကြောင့် ဓာတ်အား ၃၅၃ မဂ္ဂါဝပ် အသားတင်လျော့နည်း ထုတ်လုပ်ရသလို သဘာဝဓာတ်ငွေ့ ရတာကလည်း နည်းနေလို့ သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံတွေကလည်း ၄၄၆ မဂ္ဂါဝပ်လောက် လျော့နည်းနေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မိုးမရွာလို့ ဆည်ရေနည်းတာ၊ ရေကို ချိန်ညှိပြီး လျှပ်စစ်ထုတ်လုပ်ရတာ၊ သဘာဝဓာတ်ငွေ လုံလုံလောက်လောက်မရတာ စတဲ့ အကြောင်းပြချက်တွေနဲ့ တရက်ကို ပျမ်းမျှ ၂,၈၀၀ မဂ္ဂါဝပ်လောက်ပဲ ထုတ်လုပ်နိုင်တယ်လို့ ဆိုပါတယ်။

ရလာတဲ့ လျှပ်စစ်တွေိကို ရန်ကုန်တိုင်း၊ မန္တလေးတိုင်းနဲ့ တခြား တိုင်းနဲ့ပြည်နယ်တွေဆီ အချိုးကျအရ အချိန်အပိုင်းအခြားအလိုက် ခွဲဝေဖြန့်ဖြူးထားပေမဲ့ ရုတ်တရက်မြင့်မားလာတဲ့ သုံးစွဲမှုအရ တခါတရံ သတ်မှတ်ကြိမ်နှုန်းအောက်ကိုရောက်လာရင် ဓာတ်အားစနစ်ထဲက ထရန်စဖော်မာတွေ၊ ဓာတ်အား ထုတ်လုပ်တဲ့စက်တွေ မပျက်စီးစေဖို့ အရေးပေါ်ဝန်အားလျှော့ချဖို့ မီးဖြတ်ရတယ်လို့လည်း ဆိုပါတယ်။

ပြီးတော့ မီတာခ ၄ လအထိမပေးလို့ စုစုပေါင်း မီတာအလုံးရေ ၄ သိန်းကျော်ကို ဓာတ်အား ဖြတ်တောက်ခဲ့ပြီး မီတာအလုံး ၆ သောင်းကျော်ကို ဖြုတ်သိမ်းခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

၂၀၂၃-၂၄ ဘဏ္ဍာရေးနှစ်အတွင်း တောင်တော်ကွင်း၊ ကြီးအုံကြီးဝ၊ စေတုတ္တရာ၊ ကင်းတားနဲ့ သပြေဝ နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံစီမံကိန်းတို့ကနေ စုစုပေါင်း ၂၁၀ မဂ္ဂါဝပ်လောက် ထပ်တိုးထုတ်လုပ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါကြောင့် ရန်ကုန်မြို့က မြို့နယ်တချို့မှာ လျှပ်စစ်မီးပြတ်တောက်ချိန် ကြာမြင့်လာမှုတွေကြောင့် ရေရရှိဖို့ အခက်အခဲနဲ့ ကြုံတွေ့နေရကြောင်း မြို့ခံတွေထံက သိရပါတယ်။

အဲဒီလို မီးပြတ်တာတွေ များလာတာကြောင့် မြို့နယ်တချို့မှာ စည်ပင်က ပေးဝေနေတဲ့ရေကို တိုက်ခန်းအထပ်မြင့်တွေပေါ် တင်ယူလို့မရနိုင်တဲ့ အခက်အခဲတွေနဲ့ ကြုံတွေ့နေရ​တယ်လို့ ပန်းဆိုးတန်းလမ်း တိုက်ခန်းနေထိုင်သူတဦးက DVB ကို ပြောပါတယ်။

“လျှပ်စစ်မီးက သင်္ကြန်မတိုင်ခင်တည်းက ပြတ်တာတွေများတော့ တိုက်ခန်း အထပ်မြင့်နေတဲ့သူတွေ ပိုပြီး ဒုက္ခရောက်တာပေါ့။ ည ၁၁ နာရီ ၁၂ နာရီလောက်မှ ရေက တင်လို့ရတယ်။ ဒါတောင် နာရီဝက်လောက်တင်ပြီးတာနဲ့ မီးကပျက်တာပဲ။ ကြာတော့ မော်တာပါလောင်မှာ စိုးရိမ်နေရတယ်။”

လျှပ်စစ်မီးပြတ်တောက်ချိန်များပြီး ရေရရှိမှု ခက်ခဲတာကြောင့် စားသောက်ပြီး အိုးခွက်ပန်းကန်တွေ ဆေးကြောဖို့နဲ့ အိမ်သာတက်ရာမှာပါ အခက်ခဲတွေနဲ့ ကြုံတွေ့နေရကြောင်း သူကဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လကုန်ပိုင်းကစပြီး ဧပြီလတလလုံး ရန်ကုန်မြို့မှာ တနေ့ကို အနည်းဆုံး ၆ နာရီထက်မနည်း လျှပ်စစ်မီးပြတ်တောက်ကာ တချို့မြို့နယ်တွေမှာ ၁၅ နာရီဝန်းကျင်ခန့် လျှပ်စစ်မီးပြတ်တောက်မှုတွေနဲ့ ကြုံတွေ့နေရကြောင်း မြို့ခံတွေအကြား ပြောဆိုမှုတွေလည်း ရှိနေပါတယ်။

ရန်ကုန်မြို့တွင်းရှိ လမ်းမတော်၊ လသာ၊ ပန်းဘဲတန်း၊ ကျောက်တံတား၊ ဗိုလ်တထောင်၊ ပုဇွန်တောင်၊ မင်္ဂလာတောင်ညွန့်၊ တာမွေ၊ ဗဟန်း၊ အလုံ၊ ကြည့်မြင်တိုင် စတဲ့မြို့နယ်တွေမှာ ဧပြီလကုန်ပိုင်းကစပြီး မီးပြတ်တောက်မှု အချိန်ကြာမြင့်လာတာကြောင့် ရေရရှိဖို့ အခက်အခဲကြုံနေကြတယ်လို့ သိရပါတယ်။

ရန်ကုန်မြို့က ရေပေးဝေမှုကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ ရေနဲ့ သန့်ရှင်းရေးဌာနက ဆောင်ရွက်နေတာဖြစ်ပြီး ရေလှောင်ကန် ၃ ကန်၊ ရေသန့်စင်စက်ရုံတရုံ၊ အဝီစိတွင်း ၅၀၀ ခန့်က ရေဂါလန်ပေါင်း ၂၀၅ သန်းကို နေ့စဉ်ပေးဝေနေကာ အဲဒီထဲက ရေပမာဏ ၉၀ ရာခိုင်နှုန်းမှာ မြေပေါ်ရေဖြစ်ပြီး ၁၀ ရာခိုင်နှုန်းမှာ မြေအောက်ရေဖြစ်ကြောင်း ရန်ကုန်စည်ပင် (YCDC) ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

ဒါ့အပြင် ရန်ကုန်မှာ အပူချိန်မြင့်မားပြီး လျှပ်စစ်မီးမမှန်တာကြောင့် ငွေကြေးတတ်နိုင်သူတွေက ဟိုတယ်အခန်းငှား အပူရှောင်တာတွေ လုပ်လာကြသလို ငွေကြေးအဆင်မပြေသူတွေကတော့ နေ့လယ်ခင်းမှာ အရိပ်ရနေရာတွေ၊ လေအေးပေးစက် ဖွင့်ထားတဲ့ ဈေးဝယ်စင်တာနဲ့ အများပြည်သူသွားလာရာ နေရာဆီ သွားရောက်နေကြရတယ်လို့ မြို့ခံတွေက ဆိုပါတယ်။

ဆက်စပ်သတင်းများ—

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013