DVB Logo
Home
မြန်မာသတင်း
ရန်ကုန်တွင် PSMS စနစ်သုံးပြီး ဧည့်စာရင်းကို တင်းတင်းကျပ်ကျပ် စစ်လာနေ
DVB
·
November 8, 2026
Photo:  MOHA
Photo: MOHA
Donate to DVB

ရန်ကုန်မြို့မှာ အခုရက်ပိုင်းအတွင်း ဧည့်စာရင်းကို ခပ်စိပ်စိပ်နဲ့ တင်းတင်းကျပ်ကျပ် စစ်လာပြီး စစ်ဆေးတဲ့အခါမှာလည်း PSMS လို့ ခေါ်တဲ့ လူပုဂ္ဂိုလ်တယောက်ချင်း စိစစ်စောင့်ကြည့်ရေးစနစ်ကို အဓိကထား အသုံးပြုလာတယ်လို့ မြို့ခံတွေက ပြောပါတယ်။

စစ်မှုထမ်းအပတ်စဉ်သစ်တခု ရောက်လာတိုင်း မြို့နယ်တိုင်းလိုလိုမှာ ဧည့်စာရင်းစစ်တာတွေကို အခုလို ပိုမိုစိစစ်လာတာလို့ ဆိုပါတယ်။

သင်္ဃန်းကျွန်းမြို့နယ်နေ ပြည်သူတယောက်က “မစစ်တာ တော်တော်ကြာပြီ။ ဒီလပိုင်းလောက်မှာ တော်တော်ကြီး ပြန်စစ်လာတယ်။ စစ်သား၊ ရဲ၊ လဝက၊ ထွေအုပ်၊ ရပ်ကျေးအဖွဲ့တွေအစုံနဲ့ အိမ်တွေထဲထိကို အကုန်ဝင်စစ်တယ်။ ပြီးရင် အိမ်မှာရှိတဲ့လူကုန်ကို ဓာတ်ပုံရိုက်တယ်။ မှတ်ပုံတင်၊ သန်းခေါင်စာရင်းတောင်းပြီး သူတို့တက်ဘလက်ထဲက အချက်အလက်တွေနဲ့ တိုက်စစ်တယ်” လို့ ပြောပြပါတယ်။ 

ရပ်ကွက်ထဲမှာ လက်နက်ယူနီဖောင်း အပြည့်အစုံနဲ့ လူစုံတက်စုံ ဝင်ရောက်လာတာကြောင့် ပြည်သူတွေအနေနဲ့ စိုးရိမ်ကြောက်ရွံ့နေရတယ်လို့လည်း ဆိုပါတယ်။

PSMS စနစ်ကို အစောပိုင်းက ကားဂိတ်၊ ရထားဂိတ်၊ လေဆိပ်နဲ့ သင်္ဘောဆိပ်တွေမှာ အကြမ်းဖက်မှုတိုက်ဖျက်ရေးအတွက် စတင်အသုံးပြုခဲ့ရာကနေ နောက်ပိုင်းမှာတော့ ဧည့်စာရင်း စစ်ဆေးရာအထိ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာတာ ဖြစ်ပါတယ်။

ထွေအုပ်အသိုင်းအဝိုင်းနဲ့ နီးစပ်သူတွေရဲ့ ပြောပြချက်အရ CDM ဝန်ထမ်းတွေ၊ တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ ဆက်စပ်သူတွေ၊ စစ်မှုထမ်းဖို့ အကျုံးဝင်သူတွေနဲ့ ဝရမ်းထုတ်ခံထားရသူ ဟုတ်၊ မဟုတ်ကို ချက်ချင်းဖော်ထုတ်နိုင်ဖို့အတွက် အခုလို စနစ်ကို အသုံးပြုပြီး ဧည့်စာရင်းစစ်ဆေးဖို့ အထက်ဌာနက ညွှန်ကြားလာတာဖြစ်လို့ သိရပါတယ်။

စစ်တပ်အသိုင်းအဝိုင်းနဲ့ နီးစပ်သူတယောက်က “အခုကျတော့ စစ်မှုထမ်းအကြောင်းပြပြီး ပေါ်တာလိုက်ဆွဲတာပေါ့။ ရပ်ကွက်ကြို ရပ်ကွက်ကြား၊ အိမ်ကြိုအိမ်ကြား ရောက်တဲ့အနေအထားမှာ စစ်မှုထမ်းပေါ်တာဆွဲရင်း သူတို့ လိုချင်တဲ့၊ မထောက်ခံတဲ့ ရင်းမြစ်တွေကို ဖမ်းဆီးရမိချင်လို့လုပ်တဲ့ တချက်ခုတ် နှစ်ချက်ပြတ် အနေအထားလို့ ပြောရမှာပါ” လို့ ပြောပါတယ်။

People Surveillance and Management System လို့ခေါ်တဲ့ PSMS စနစ်ဟာ လူပုဂ္ဂိုလ်တဦးချင်းကို စိစစ်စောင့်ကြည့်တဲ့စနစ်ဖြစ်ပြီး စစ်အာဏာရှင်က ၂၀၂၅ ခုနှစ်၊ မတ်လပိုင်းမှာ စတင်အသုံးပြုလာခဲ့တာ ဖြစ်ပါတယ်။

၂၀၂၂ ခုနှစ်၊ အောက်တိုဘာလက ကောက်ယူခဲ့တဲ့ လူဦးရေသန်းခေါင်စာရင်းကို UID စနစ် ပြောင်းလဲပြီးနောက် ရုရှားထုတ် PSMS ဆော့ဖ်ဝဲလ်ကို အသုံးပြုကာ ကိုယ်ရေးအချက်အလက်တွေကို ရိုက်ထည့်စစ်ဆေးနေတာဖြစ်ပြီး၊ လက်ရှိမှာလည်း ဒီစနစ်ကြောင့် ဖမ်းဆီးခံရသူတချို့ ရှိနေတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေအရ သိရပါတယ်။

 

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013