စစ်အာဏာရှင် မင်းအောင်လှိုင် ရန်ကုန်ရောက်နေချိန် လုံခြုံရေးတင်းကျပ်
DVB
·
November 7, 2026

စစ်အာဏာရှင်သမ္မတ မင်းအောင်လှိုင်ရန်ကုန်ကို ရောက်နေတာကြောင့် ရန်ကုန်မြို့တွင်းမှာ လုံခြုံရေး ပိုမိုတင်းကျပ်ထားပြီး လမ်းသွားလမ်းလာလူငယ်တွေကို ဖမ်းဆီးစစ်ဆေးနေတယ်လို့ မျက်မြင်တွေ့ရတဲ့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။
မင်းအောင်လှိုင်ဟာ နိုဝင်ဘာ ၆ ရက်တည်းက ရန်ကုန်ကို ရောက်နေတာဖြစ်ပြီး အမျိုးသား ကဇာတ်ရုံမှာလုပ်တဲ့ ဒီပါဝလီပွဲတော်ဖွင့်ပွဲကို တက်ရောက်ခဲ့တာ တွေ့ရပါတယ်။ ဒါ့အပြင် မနေ့ မွန်းလွဲပိုင်းက ကမာရွတ်မြို့နယ်မှာရှိတဲ့ တက္ကသိုလ်များနယ်မြေကို သွားရောက်ခဲ့ပါတယ်။
မင်းအောင်လှိုင်မလာခင် နိုဝင်ဘာ ၅ ရက်ညပိုင်းတည်းက ရန်ကုန်မှာ လုံခြုံရေး တင်းကျပ် ထားတာဖြစ်ပြီး ကင်းပုန်းဝပ်တာ၊ မြို့တွင်းကင်းပတ်တာတွေနဲ့ အချက်အခြာ ကျတဲ့နေရာတွေမှာ စစ်တပ်နဲ့ ရဲအင်အား အလုံးအရင်းနဲ့ချထားပြီး လုံခြုံရေးယူထားတယ်လို့ မြို့ခံတွေက ပြောပါတယ်။
လမ်းမတော်မြို့နယ်မှာနေထိုင်တယောက်က " ဒီလ ၅ ရက်နေ့ ညကတည်းက တင်းကျပ်ထားတာ။ ဒီမနက်အထိပတ်နေတုန်းပဲ။ အခုမနက် ဒလတံတားအတက်နားက သူနာပြုတက္ကသိုလ်နားမှာ လမ်းဖြတ်ကူးတဲ့ လူငယ်ကောင်လေး တယောက်ကို ဖမ်းပြီး မီးပွိုင့်နားက ယာဉ်ထိန်းရုံးနားခေါ် ဒူးထောက်ခိုင်းထားပြီး အော်ဟစ်ဆဲဆိုနေတာ တွေ့တယ်။ တအောင့်နေတော့ စစ်ကားပေါ် တင်ခေါ်သွားတယ်၊ ဘာဖြစ်လို့လည်းတွေမသိဘူး" လို့ DVB ကို ပြောပါတယ်။
ဒီမနက်ပိုင်းမှာ မင်းအောင်လှိုင် ရန်ကုန်မြို့မှာ ရှိနေသေးပြီး အင်းစိန်၊ ရွှေပြည်သာနဲ့ လှိုင်သာယာ မြို့နယ်တွေဘက်ကို လုံခြုံရေး ပိုမိုတင်းကျပ်ထားတာတွေ့ရတယ်လို့လည်း မြို့ခံတွေဆီက သိရပါတယ်။











