စစ်အာဏာရှင် မင်းအောင်လှိုင် ဗီယက်နမ် ရောက်

မြန်မာနိုင်ငံအနေနဲ့ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့ကြောင်း အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) က စီရင်ချက် ချမှတ်ခံရပြီးနောက် စစ်အာဏာရှင် သမ္မတ မင်းအောင်လှိုင်ဟာ ပထမဆုံး ပြည်ပခရီးစဉ်အဖြစ် ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့ကို ဒီကနေ့ နိုဝင်ဘာ ၂၇ ရက် ညနေပိုင်းမှာ ရောက်ရှိနေပါတယ်။
မင်းအောင်လှိုင် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ လိုက်ပါလာတဲ့ အထူးလေယာဉ်ဟာ ဟနွိုင်းမြို့ရှိ Noi Bai အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ရောက်နေတယ်လို့ စစ်အာဏာရှင် သမ္မတရုံးက သတင်း ထုတ်ပြန်ပါတယ်။
နိုဝင်ဘာ ၁၉ ရက်က ICJ ရဲ့ သမိုင်းဝင်စီရင်ချက် ထွက်ပေါ်လာပြီးနောက် စစ်အာဏာရှင်သမ္မတ အနေနဲ့ ပထမဆုံးအကြိမ်အဖြစ် ပြည်ပနိုင်ငံတခုဆီ တရားဝင် သွားရောက်ခဲ့တာ ဖြစ်ပါတယ်။
မဲခေါင်ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုတွေ မြှင့်တင်ဖို့အတွက် ၁၂ ကြိမ်မြောက် CLMV ထိပ်သီး အစည်းအဝေးနဲ့ ၁၁ ကြိမ်မြောက် ACMECS ထိပ်သီးအစည်းအဝေးကို လာမဲ့ နိုဝင်ဘာ ၂၈ ရက်မှာ ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့မှာ ကျင်းပဖို့ ရှိနေတာဖြစ်ပါတယ်။
ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ သတင်းထုတ်ပြန်ချက်အရ လာအို၊ ကမ္ဘောဒီးယား၊ မြန်မာနဲ့ ဗီယက်နမ် (CLMV) ၄ နိုင်ငံအဖွဲ့ရဲ့ ၂၀၂၆ ခုနှစ် အလှည့်ကျဥက္ကဋ္ဌဖြစ်တဲ့ ဗီယက်နမ်က ၁၂ ကြိမ် မြောက် CLMV ထိပ်သီးအစည်းအဝေးကို အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမှာလို့ အသိပေး ပါတယ်။
ဒီပွဲနဲ့ တဆက်တည်းမှာပဲ ဧရာဝတီ-ကျောက်ဖရား-မဲခေါင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာ (ACMECS) ရဲ့ လက်ရှိ အလှည့်ကျဥက္ကဋ္ဌဖြစ်တဲ့ မြန်မာနိုင်ငံနဲ့ ပူးပေါင်းပြီး ၁၁ ကြိမ် မြောက် ACMECS ထိပ်သီးအစည်းအဝေးကိုလည်း ကျင်းပသွားမယ်လို့ ဆိုပါတယ်။
ထိပ်သီးအစည်းအဝေးတွေကို ဗီယက်နမ်ဝန်ကြီးချုပ် လီမင်းဟွန်း၊ မြန်မာစစ်အာဏာရှင် သမ္မတ မင်းအောင်လှိုင်၊ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက်၊ လာအိုဝန်ကြီးချုပ် ဆလမ်ဆိုင်း ကိုမာဆစ်နဲ့ ထိုင်းဝန်ကြီးချုပ် အနုထင်း ချန်းဝီရကွန်း တို့အပြင် အာဆီယံအတွင်းရေးမှူးချုပ် ကာအိုကင်ဟွန်းနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေ တက်ရောက်မယ်လို့ ထုတ်ပြန်ထားပါတယ်။
စစ်အာဏာရှင် မင်းအောင်လှိုင်နဲ့အဖွဲ့ဟာ ဒီနေ့ မွန်းလွဲပိုင်းက နေပြည်တော်လေဆိပ်မှ အထူးလေယာဉ်နဲ့ ထွက်ခွာကြတာဖြစ်ပြီး ခရီးစဉ်မှာ စစ်အာဏာရှင်ခန့် ပြည်ထောင်စု ဝန်ကြီးတွေဖြစ်တဲ့ ဦးခင်မောင်ရီ၊ ဦးတင်မောင်ဆွေ၊ ဒေါက်တာကံဇော်၊ ဦးမင်းနောင်၊ ဒုတိယဝန်ကြီးတွေနဲ့ တာဝန်ရှိသူတွေ လိုက်ပါသွားကြတယ်လို့ ထုတ်ပြန်ထားပါတယ်။











