
ရန်ကုန်မြို့အတွင်းက ခြေလျင်သွားလာသူတွေကို လူကူးမျဉ်ကျားနဲ့ သတ်မှတ်နေရာတွေကပဲ လမ်းကူးဖို့ စီမံချက်နဲ့ ဆောင်ရွက်နေပေမဲ့ ရက်ပိုင်းအတွင်းမှာပဲ မူလအခြေအနေကိုပြန်ရောက်ပြီး ကြုံရာနေရာကနေ လမ်းဖြတ်ကူးနေကြတယ်လို့ မြို့ခံတွေက ပြောပါတယ်။
လမ်းသွားလမ်းလာတွေအနေနဲ့ မြေအောက်လမ်း၊ လူကူးခုံးကျော်တံတားနဲ့ လူကူးမျဉ်းကျား (သို့မဟုတ်) ခွင့်ပြုထားတဲ့ နေရာတွေကသာ လမ်းဖြတ်ကူးဖို့နဲ့ မလိုက်နာရင် အရေးယူမယ်လို့ ရန်ကုန်တိုင်းယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီက အောက်တိုဘာလကစပြီး ညွှန်ကြားခဲ့တာပါ။
ဒါပေမဲ့ အဲဒီညွှန်ကြားချက်ဟာ ရက်ပိုင်းပဲအသက်ဝင်ပြီး လက်ရှိမှာ လမ်းသွားလမ်းလာတွေ အနေနဲ့ အဆင်ပြေသလို ကြုံရာနေရာတွေကပဲ လမ်းဖြတ်ကူးနေတာတွေ့ရတယ်လို့ ရန်ကုန်မြို့ခံတယောက်က DVB ကို ပြောပါတယ်။
"တပတ်လောက်ပဲ၊ အဖမ်းပြထားတော့ အဲဒီလောက်တော့ လိုက်နာကြပါတယ်။ နောက်ပိုင်း ကြုံသလိုပဲ ကူးကြတာ။ မျဉ်ကျားတွေ ခုံးကျော်တံတားတွေ လုပ်မနေဘူး။ အဆင်ပြေသလို ဖြတ်ကူးနေကြတာပဲ။”
ရန်ကုန်မြို့ဟာ မြန်မာနိုင်ငံရဲ့ စီးပွားရေးမြို့တော်ဖြစ်ပြီး လူဦးရေထူထပ်တဲ့မြို့တမြို့ဖြစ်တဲ့အပြင် နေ့စဉ် လမ်းအသုံးပြုသူ သိန်းနဲ့ချီရှိနေတာကြောင့် နေ့စဉ်နီးပါး ယာဉ်မတော်တဆမှုတွေ ဖြစ်ပွားနေတာပါ။
အဲဒီလို မတော်တဆမှုတွေကို ထိန်းချုပ်နိုင်ဖို့ အခုလို စည်းကမ်းချက်တွေထုတ်ပြန်ခဲ့ပေမဲ့ ထိရောက်စွာအကောင်အထည်မဖော်နိုင်ဘဲ ပြည်သူလူထုကလည်း စည်းကမ်းလိုက်နာမှု အားနည်းတယ်လို့ မြို့ခံတချို့က ဆိုပါတယ်။
မော်တော်ယာဉ်မောင်းနှင်သူတွေအနေနဲ့ လူကူးမျဉ်းကျားတွေမှာ လမ်းဖြတ်ကူးသူတွေကို အချိန်ပေး စောင့်ဆိုင်းတာမျိုးမရှိဘဲ အလုအယက်မောင်းနှင်နေတာကြောင့် လမ်းသွားလမ်းလာပြည်သူတွေ ယာဉ်အန္တရာယ်ရှိတဲ့အခြေအနေဖြစ်တယ်လို့လည်း မြို့ခံတွေက ဆိုကြပါတယ်။
အောက်တိုဘာ ၁၂ ရက်ကစပြီး လမ်းသွားလမ်းလာတွေအနေနဲ့ လူကူးမျဉ်းကျားနဲ့ ခုံးကျော်တံတားတွေက ဖြတ်ကြဖို့ ညွှန်ကြားခဲ့တာဖြစ်ပြီး မလိုက်နာတဲ့သူတွေကို ၂၀၂၀ ပြည့်နှစ်၊ ယာဉ်အန္တရာယ်ကင်းရှင်းရေးနဲ့ မော်တော်ယာဉ် စီမံခန့်ခွဲမှု ဥပဒေပုဒ်မ (၉၆) နဲ့ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမယ်လို့ ရန်ကုန်တိုင်း ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး ကောင်စီက အသိပေးထားပါတယ်။
Photo: DVB











