DVB Logo
Home
မြန်မာသတင်း
ကုန်ဈေးနှုန်း ၃ ဆတက်၊  လုပ်ခလစာ မတက်သဖြင့် အခြေခံလူတန်းစားများ ပိုမိုကျပ်တည်းလာ
DVB
·
May 5, 2024
ကုန်ဈေးနှုန်း ၃ ဆတက်၊  လုပ်ခလစာ မတက်သဖြင့် အခြေခံလူတန်းစားများ ပိုမိုကျပ်တည်းလာ
Donate to DVB

စားသောက်ကုန်ဈေးနှုန်းတွေဟာ အာဏာမသိမ်းခင်က ဈေးနှုန်းနဲ့ယှဉ်ရင် ၃ ဆလောက် တက်နေပြီး လုပ်ခလစာ တိုးမလာတာကြောင့် အခြေခံပြည်သူတွေ ပိုမိုခက်ခဲ ကျပ်တည်းလာနေကြပါတယ်။ 

စစ်တပ်က အာဏာသိမ်းပြီးနောက် နိုင်ငံရေး မတည်ငြိမ်တာ၊ စီးပွားရေးကျဆင်းတာနဲ့ အလုပ်အကိုင် ရှားပါးတာတွေကြောင့် ပြည်သူတွေ စားဝတ်နေရေးကအစ အထွေထွေ အကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရတာပါ။ 

စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေး၊ စီးပွားရေး၊ မတည်ငြိမ်မှုတွေကြောင့် အလုပ်အကိုင် ရှားပါးပြီး ဝင်ငွေလျော့နည်းလာတဲ့ ပြည်သူတွေဟာ ကုန်ဈေးနှုန်းကြီးမြင့်တဲ့ဒဏ်ကို အလူးအလဲ ခံစားနေရပါတယ်။ စားသောက်ကုန်ဈေးနှုန်းတွေဟာ အာဏာမသိမ်းခင်က ဈေးနှုန်းနဲ့ယှဉ်ရင် သုံးဆလောက် ကြီးမြင့်နေပါတယ်။

ကုန်စျေးနှုန်းတွေ တက်လာပေမဲ့ စက်ရုံအလုပ်သမားတွေ အပါအဝင်၊ အခြေခံ အလုပ်သမားတွေအဖို့ တနေ့ဝင်ငွေက လွန်ခဲ့တဲ့ နှစ်တွေက အတိုင်းပဲ မပြောင်းလဲသေးတာကြောင့် လုပ်ခလစာနဲ့ဝင်ငွေတွေက ပညာရေး၊ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေးတွေထက် အစားအသောက်  စရိတ်အတွက်ပဲ အဓိကအသုံးပြုနေရတယ်လို့ ရန်ကုန်မြို့ တောင်ဥက္ကလာပမြို့နယ်က အိမ်ရှင်မတယောက်က ပြောပါတယ်။

“ခက်ခဲတာပေါ့ အစ်မရယ်။ အများကြီးပဲ။ အဆင်ကတော့မပြေဘဲ ကုန်ဈေးနှုန်းတက်နေမှတော့ ဘယ်လိုလုပ် အဆင်ပြေမလဲ၊ ဒီလိုပဲ ရလိုက်စားလိုက်ပေါ့။”

ဟင်းတမယ် အနည်းဆုံးဖန်တီးနိုင်တဲ့ ကန်စွန်းရွက်တစီးက ကျပ် ၂၀၀ ကနေ ကျပ် ၅၀၀၊ ဘဲဥတလုံးကျပ် ၁၅၀ ကနေ ကျပ် ၄၀၀ ရာ၊ ပဲပြုတ် ၁၀ သား ကျပ် ၄၀၀ ကနေ  ကျပ် ၉၀၀၊ လက်ဖက် ၁၀ သား ကျပ် ၃၀၀ ကနေ ကျပ် ၉၀၀ အထိ မြင့်တက်လာနေတာက ဝင်ငွေနည်းပါးလာတဲ့ အခြေခံမိသားစုတွေအတွက် ဝန်ထုတ်ဝန်ပိုးဖြစ်လာနေပါတယ်။

ကုန်ဈေးနှုန်းကြောင့် ဝန်ထုတ်ဝန်ပိုးဖြစ်ရသလို အပိုကုန်ကျစရိတ် သက်သာအောင် လမ်းလျှောက်သူများလာလို့ ဝင်ငွေကျဆင်းနေတယ်လို့ ရန်ကုန်မြို့လယ်မှာ ဆိုက်ကားနင်းသူတယောက်က ပြောပါတယ်။

“အခက်အခဲကတော့ ကျနော်တယောက်တည်းတော့မဟုတ်ဘူး။ လူတွေ တော်တော်များများက အခက်တွေ့နေကြတယ်၊ ခက်ခဲတဲ့သူတွေချည်းပဲ။ ဒါ ကျနော်တို့ ဆိုက်ကားစီးတဲ့လူတွေက အစ။ တချို့က ညည်းကြတယ် မစီးတော့ဘူး၊ လမ်းလျှောက် သွားတယ်တို့။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ချွေတာလာကြတယ်။ သူတို့တွေ အဆင်မပြေတော့ ကျနော်တို့ ဆိုက်ကားသမားတွေကျတော့ သိပ်မစီးတော့တဲ့အခြေအနေမှာ ကျနော်တို့ပါ ထိခိုက်လာဘယ်။”

စစ်တပ်က အာဏာသိမ်းလိုက်တဲ့ ၂၀၂၁ နွေရာသီမှာပဲ လောင်စာဆီအပြင် စိုက်ပျိုးရေးသွင်း အားစုတွေ အဆမတန်ဈေးတက်လာတာ၊ တဆက်တည်းမှာပဲ ကျပ်ငွေတန်ဖိုးကျဆင်းလာတာ၊ အလုပ်အကိုင်အခွင့်လမ်း လျော့ကျလာတာ၊ လောင်စာဆီ ရှားပါးလာတာနဲ့ လမ်းပိတ် ဆို့မှုတွေကြောင့် ကုန်စည်စီးဆင်းမှုကို အကြီးအကျယ်ထိခိုက်လာပြီး အခြေခံကုန်ဈေးနှုန်း မြင့်တက်လာသလို အကျပ်အတည်းတွေနဲ့ ပိုပြီးရင်ဆိုင်လာရပါတယ်။

အခြေခံစားသောက်ကုန်တွေအပါအဝင် ဆန်၊ ဆီဈေးနှုန်းတွေ အဆမတန် မြင့်တက်နေမှုကို ထိန်းချုပ်ဖို့ စစ်ကောင်စီက ပြည်ထောင်စု ကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီကို ပြီးခဲ့တဲ့နှစ် ဇွန်လမှာ ဖွဲ့စည်းခဲ့ပေမဲ့ ကုန်ဈေးနှုန်းတွေကတော့ ဆက်လက်မြင့်တက်နေဆဲ ဖြစ်ပါတယ်။ 

ဟန်န

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013