DVB Logo
Home
မြန်မာသတင်း
ဗဟိုဘဏ်မူဝါဒအပြောင်းအလဲများကြောင့်  ကုန်ဈေးနှုန်းထပ်မံ ကြီးမြင့်လာနိုင်
DVB
·
December 9, 2023
ဗဟိုဘဏ်မူဝါဒအပြောင်းအလဲများကြောင့်  ကုန်ဈေးနှုန်းထပ်မံ ကြီးမြင့်လာနိုင်
Donate to DVB

ပို့ကုန်ရဝင်ငွေကနေ မြန်မာကျပ်ငွေနဲ့ လဲလှယ်ရမယ့် ပမဏာကို စစ်ကောင်စီဗဟိုဘဏ်က လျှော့ချသတ်မှတ်လိုက်တာက ပို့ကုန်တင်ပို့သူတွေကို မက်လုံးပေးတာဖြစ်ပေမဲ့ ကုန်ဈေးနှုန်းတွေ ထပ်မံကြီးမြင့်လာနိုင်တယ်လို့ စီးပွားရေး လေ့လာစောင့်ကြည့်သူတွေက သုံးသပ်ပြောပါတယ်။

အရင်က ပို့ကုန်ရငွေ ပမာဏရဲ့ ၅၀ ရာခိုင်နှုန်းကို  မြန်မာကျပ်ငွေအစိုးရသတ်မှတ်ဈေးနဲ့ လဲလှယ်ရမယ်လို့ သတ်မှတ်ထားရကနေ  ၃၅ ရာခိုင်နှုန်းကို မြန်မာကျပ်ငွေနဲ့ လဲလှယ်ဆောင်ရွက်ဖို့ ပြင်ဆင်သတ်မှတ်လိုက်ကြောင်း စစ်ကောင်စီ ဗဟိုဘဏ်က ဒီဇင်ဘာ ၆ ရက်မှာ ထုတ်ပြန်ခဲ့တာပါ။

စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဖို့ ကုန်ထုတ်လုပ်မှုကို အားပေးတဲ့ အနေနဲ့ ပို့ကုန်လုပ်ငန်းရှင်တွေကို အခုလို ဖြေလျှော့ ပေးတာဖြစ်တယ်လို့ ပြောဆိုထားပါတယ်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက “နံပါတ်တစ်ကတော့ ဖြေလျှော့ခြင်းဖြစ်ပါတယ်။ နံပါတ် ၂ က ကျနော်တို့နိုင်ငံမှာ ဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် ကုန်ထုတ်လုပ်မှုကို နံပါတ် တစ်အားပေးရမယ်။ နံပါတ် ၂ ကတော့ ပို့ကုန်ပမာဏ ပိုပြီးမြင့်တက်လာရမယ်။ ပြီးရင် ထုတ်ကုန်ပစ္စည်းတွေ နိုင်ငံတွင်းမှာရှိတဲ့ ထုတ်ကုန်ပစ္စည်းတွေကို မြှင့်တင်နိုင်ဖို့အတွက်ရည်ရွယ်ပြီး ဆောင်ရွက်ရခြင်းဖြစ်ပါတယ်”လို့ ပြောပါတယ်။

ပို့ကုန်လုပ်ငန်းလုပ်ကိုင်သူတွေကို စစ်ကောင်စီက မက်လုံးပေးဆွဲဆောင်တာဖြစ်ပေမဲ့ နောက်ဆက်တွဲ ကုန်ဈေးနှုန်းကြီးမြင့်မှုတွေကို ပြည်သူတွေ ထပ်မံခံရနိုင်တယ်လို့စီးပွားရေး လေ့လာသုံးသပ်သူ တဦးက ပြောပါတယ်။

“တပတ်လည်ပြီး ထိန်းချုပ်မှုကနေ နှုန်းရှင်မျော (floating rate) ပြန်ရောက်တာပါပဲ။ သဘောကတော့ Export ကို အားပေးချင်တဲ့သဘောပါ။ Export လုပ်သူတွေအတွက် မက်လုံးအနည်းငယ် ပိုဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ သူ့ဝင်ငွေ ၃၅ ရာခိုင်နှုန်းကို မဖြစ်မနေ သတ်မှတ်နှုန်းနဲ့လဲရဖို့က ရှိ‌နေတုန်းပါ။   ဝန်ခံလိုက်တာက စကစအနေနဲ့ သူ့မှာ ဒေါ်လာ ထုတ်ပေးဖို့ တာဝန်မယူတော့ပါဘူး။ အပြင်မှာ ကြိုက်ရောင်း- ကြိုက်ဝယ်ဆိုတဲ့ အတိုင်းပါ။ Import ပစ္စည်းတွေ ပေါက်ဈေးအတိုင်း ဈေးတက်ပြီး စားသုံးသူတွေက ကျခံရမှာပါ။ ပြည်သူတွေကတော့ ကုန်ဈေးနှုန်းကြီးမြင့်မှုဒဏ်ကို ခံရမှာပေါ့။ သက်သာဖို့ မရှိပါ။ သူများနိုင်ငံတွေမှာ ဈေးကွက်ကို လွတ်လပ်စွာလွှတ်ပေးထားပေမဲ့ အစိုးရက ကုန်ဈေးနှုန်း ကျဆင်းရေးကို တနည်းတဖုံ ကြိုးပမ်းကြပါတယ်။ အခုက စစ်ကောင်စီက ဘယ်လို လုပ်မလဲ မသိဘူးလေ။ လူတွေကတော့ ဗဟိုဘဏ် ဒုက္ခပေးသမျှ ခံနေရတာပဲ။”

အလားတူ နိုင်ငံခြားငွေလဲလှယ်နှုန်းကိုလည်း  ဗဟိုဘဏ်က အရင်လိုသတ်မှတ်ပေးတော့မှာ မဟုတ်ဘဲ ပြင်ပဈေးကွက်ပေါက်ဈေး အတိုင်းလဲလှယ်ဖို့ စစ်ကောင်စီ ဗဟိုဘဏ်က ဒီဇင်ဘာ ၅ ရက်တုန်းက ကြေညာခဲ့ပါသေးတယ်။

ဒါနဲ့ပတ်သက်ပြီး  စီးပွားရေးလေ့လာသူတစ်ယောက်က “ဒါက ရှင်းပါတယ်။ တကယ့်တကယ်ကျ သူတို့ သတ်မှတ်ထားတဲ့ နှုန်းဆို ဘယ်လုပ်ငန်းရှင်ကမှ ပိုက်ဆံတွေ ထွက်လာမှာမဟုတ်ဘူး။ သူတို့မှာလည်း နိုင်ငံခြားကနေ စက်သုံးဆီတို့ စသဖြင့် ဝယ်တဲ့အခါ ဒီဒေါ်လာနဲ့ ဝယ်မှ ရမှာဖြစ်တဲ့အတွက် ဒေါ်လာထွက်အောင် အရင်ဆုံး လမ်းဖွင့်ပေးလိုက်တာပေါ့။ လုပ်ငန်းရှင်တွေက EXPORT  မလုပ်ရင်နေ ဆိုတဲ့ သဘောထားမျိုးလည်း သူတို့မရှိဘူး။ မဖြစ်မနေ လုပ်အောင် လုပ်ရမယ်ဆိုတဲ့ စည်းမျဉ်းလည်း ရှိသလို လုပ်လာအောင်လည်း သူတို့ဘက်က မက်လုံးပေးတဲ့သဘောပေါ့။  ဒီ နှစ်ချက်ကိုကြည့်ခြင်းအားဖြင့် သူတို့မှာ  တကယ်ကို နိုင်ငံခြားငွေ အခက်အခဲရှိနေပြီဆိုတာ  သိသာပါတယ်”လို့ ပြောပါတယ်။

ပို့ကုန်လုပ်ငန်းကရတဲ့ နိုင်ငံခြားဝင်ငွေ ၅၀ ရာခိုင်နှုန်းကို မြန်မာကျပ်ငွေနဲ့ လဲလှယ်ဖို့ ပြီးခဲ့တဲ့ ဇူလိုင်လမှာ စစ်ကောင်စီ ဗဟိုဘဏ်က စာထုတ်ကြေညာခဲ့ပြီး ၅ လ အကြာမှာတော့ ၃၅ ရာခိုင်နှုန်း လဲလှယ်ဖို့  ထပ်မံအမိန့်နဲ့ ထုတ်ပြန်ခဲ့တာလည်း ဖြစ်ပါတယ်။

ထုတ်ပြန်ချက်ပါအမိန့်ကို မလိုက်နာရင် နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှု ဥပဒေရ အရေးယူခြင်းခံရမယ်လို့  ဗဟိုဘဏ်ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဝေဝေ

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013