DVB Logo
Home
မြန်မာသတင်း
လောက်ကိုင်တွင် ဖြိုဖျက်ခံရသည့် ဗမာတန်းအပါအဝင် နေအိမ်များ အစားထိုးမပေးသေး
DVB
·
March 18, 2024
လောက်ကိုင်တွင် ဖြိုဖျက်ခံရသည့် ဗမာတန်းအပါအဝင် နေအိမ်များ အစားထိုးမပေးသေး
Donate to DVB

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့ရှိ ဗမာတန်း အပါအဝင် နေအိမ်အဆောက်အဦတွေ ဖြိုဖျက်ခံရပေမဲ့ အစားထိုးပေးတာ မရှိသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံ အမျိုးသမီးတဦးက “ဗမာတန်း မနေ့ မတ်လ ၁၇ ရက်နေ့က စဖျက်တယ်။ ပစ္စည်းမယူလိုက်ရတဲ့လူ ဆိုတာကတော့ ဟိုဘက် ဗမာတန်းက တော်တော် အရှည်ကြီးဆိုတော့။ ဘုံခုနှစ်ဆင့်ရဲ့ ဒီဘက်အခြမ်းကတော့ ပစ္စည်းမယူလိုက်ရတဲ့လူ မရှိဘူးဘဲ။ နေရာအစားထိုးပေးမယ်တို့ ဘာတို့လည်း မကြားသေးဘူး အခုထိ” လို့ ပြောပါတယ်။

မတ် ၁၇ ရက်က ဖြိုဖျက်လိုက်တဲ့ ဗမာတန်းမှာ ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၅ ရက်က တာဝန်မှ ရပ်စဲခံခဲ့ရတဲ့ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဆွေရဲ့ မိခင်နေအိမ်လည်း ပါဝင်ပြီး ဗမာအိမ်ကတော့ ခြောက်အိမ်၊ ခုနှစ်အိမ်လောက်ပဲပါကာ များသောအားဖြင့် ကိုးကန့်၊ တရုတ်လူမျိုးတွေအိမ်ပဲ များတယ်လို့ ဆိုပါတယ်။

“ဗမာတန်းက အိမ်ဝယ်တဲ့လူကို ဂရံမချထားပေးထားဘူးလို့ ပြောတယ်။ အဲဒီတတန်းလုံးက လူတွေက ဂရံရှိတဲ့အိမ် လေးအိမ်ပဲ ရှိတယ်လို့ ပြောတယ်ကော။ ကျနော့်သူငယ်ချင်းကလည်း မြေစာရင်းရုံးကလည်း ရှိတယ်၊ တရားရေးကလည်းရှိတယ်။ သူတို့လည်း ကျနော့်ကို ပြောဖူးတယ်။ ဖြိုမှာတော့ သေချာတယ်။ ဘယ်တော့ဖြိုမှာတော့ မသိဘူးပေါ့နော်” လို့ ဒေသခံ အမျိုးသမီးက ရှင်းပြပါတယ်။

တိုက်ပွဲတွေမဖြစ်ခင် စစ်ကောင်စီက ရှိစဉ်ကတည်းက အဲဒီဗမာတန်းကို ဖြိုမယ်လို့ သတင်းက ထွက်ပြီးသားဖြစ်ပေမဲ့ မဖြိုဖြစ်ဘဲ အိမ်ပိုင်ရှင်တွေကလည်း ဖြိုမှာသိသိနဲ့ ဝယ်ကြတာလို့ သူက ပြောပါတယ်။

MNDAA ရဲ့ ပြောရေးဆိုခွင့်ရှိသူ လီကျားဝင်းကတော့ ဗမာတန်း ဆိုပြီးတော့ ဖြိုတာမဟုတ်ဘဲ အဲဒီလမ်းကြောမှာ ကျောင်းရှိပြီး လမ်းအရမ်းကျဉ်းတဲ့အပြင် လမ်းနှစ်ခုကြား အလယ်ခေါင်မှာ အိမ်ရာတွေ၊ ဆိုင်ခန်းတွေ ဆောက်ထားတော့ လမ်းချဲ့ဖို့အတွက် မဖြစ်မနေ ဖြိုရမယ့် လုပ်ငန်းစဉ်ကြီး ဖြစ်တယ်လို့ မတ် ၁၂ ရက်က DVB ကို ဖြေကြားထားပါတယ်။

“ပြန်လည်အစားထိုးဖို့ ဒီနေရာချဖို့ အစီအစဉ်ကတော့ ဗဟိုကော်မတီက ကျနော်တို့ ဆွေးနွေးတိုင်ပင် စီစဉ်ဆောင်ရွက်နေပါတယ်ဗျနော်။ အခြေအနေ အသေးစိတ်ကိုတော့ ကျနော်လည်း မသိရသေးပါဘူးဗျ။” 

ဗမာတန်းတတန်းကိုပဲ ဖြိုတာမဟုတ်ဘဲ လမ်းဧရိယာမှာ ဆောက်ထားလို့ ဖြိုဖို့ သတ်မှတ်ထားတဲ့ နေရာ နှစ်နေရာ၊ သုံးနေရာလောက် ရှိပြီး တနေရာက လုံးဝ အပြီးအစီး ဖြိုပြီးသွားပြီလို့ သူက ရှင်းပြပါတယ်။

လောက်ကိုင် ဗမာတန်းက နေအိမ်၊ ဆိုင်ခန်းတွေမှာရှိနေတဲ့ လူတွေကိုတော့ ပြီးခဲ့တဲ့ မတ် ၉ ရက် မနက်မှာ သုံးရက်အတွင်း ဖယ်ပေးဖို့ MNDAA ဘက်က လာရောက်ပြောထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

MNDAA ထိန်းချုပ်ထားတဲ့ ကြူကုတ် (ပန်ဆိုင်း) မြို့နယ်နဲ့ ၁၀၅ မိုင်တွေမှာလည်း လမ်းဧရိယာမှာ ဆောက်ထားတဲ့ ဆိုင်ခန်းတွေ၊ လမ်းဘက်ထွက်နေတဲ့ အဖီတွေကို ပြီးခဲ့တဲ့ လပိုင်းတွေက ဖြိုဖျက်ခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013