DVB Logo
Home
မြန်မာသတင်း
လောက်ကိုင်တွင် အမှုကြီး ၇ မှုကို လူထုရှေ့ တရားစီရင်၊ သေဒဏ်ကျ ၄ ဦးကို ကွပ်မျက်
DVB
·
June 14, 2026
လောက်ကိုင်တွင် အမှုကြီး ၇ မှုကို လူထုရှေ့ တရားစီရင်၊ သေဒဏ်ကျ ၄ ဦးကို ကွပ်မျက်
1 / 18
Photo : The Kokang
Donate to DVB

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့်အထူးဒေသ ၁၊ လောက်ကိုင်မြို့မှာ လူသတ်မှုနဲ့ ပြင်းထန်နာကျင် စေမှုအပါအဝင် အမှုကြီး ၇ မှုကို လူထုရှေ့ တရားစီရင်ခဲ့ပြီး သေဒဏ်ချမှတ်ခံထားရသူ ၄ ယောက် ကို သေနတ်နဲ့ ပစ်ခတ်ကွပ်မျက်ခဲ့တယ်လို့ ကိုးကန့်အာဏာပိုင်တွေက ထုတ်ပြန်ပါတယ်။

ဇွန် ၁၃ ရက် မနက်ပိုင်းက လောက်ကိုင်မြို့၊ တုံချိန်ရပ်ကွက် အားကစားကွင်းမှာ လုပ်တဲ့ လူထု ရှေ့မှောက် တရားစီရင်ရေး မဟာသဘင်အခမ်းအနားအတွင်း အဲဒီအမှုတွေကို စီရင်ခဲ့တာပါ။

ဒေသခံ အမျိုးသားတယောက်က “လောက်ကိုင်မှာ ပြစ်မှုစီရင်တာ ဟုတ်တယ်။ ပြစ်မှု ကျူးလွန် တဲ့ သူတွေကို ချက်ချင်း သတ်တာရှိတယ်” လို့ ပြောပါတယ်။

တချို့က ထောင်ဒဏ် ၁၀ နှစ်၊ တချို့က နောက်ထပ် ၂ နှစ်မှ သတ်မဲ့ဟာတွေဖြစ်ပြီး သူတို့လုပ်တာ ကြောက်စရာကြီးလို့ သူက ဆိုပါတယ်။

တရားစီရင်ခံရသူ ၇ ‌ယေက်ထဲမှာ တမင်တကာ လူသတ်မှု ၅ မှုနဲ့ တမင်တကာ နာကျင်စေမှု ၂ မှု ပါဝင်ပြီး၊ သေဒဏ်ချမှတ်ခံရသူတွေထဲမှာ ဖခင်အား သတ်ဖြတ်ခဲ့သူ၊ မိခင်အား သတ်ဖြတ်ခဲ့သူ၊ ကြွေးမြီပြဿနာကြောင့် လူ ၂ ယောက်အား သေနတ်နဲ့ ပစ်သတ်ခဲ့သူ၊ မူးယစ်ဆေးဝါးသုံးစွဲပြီး အသက် ၈ နှစ်အရွယ် သမီးဖြစ်သူအား သတ်ဖြတ်ခဲ့သူတို့ ပါဝင်ပါတယ်။

ဒေသခံနောက်တယောက်က “မနေ့က လောက်ကိုင်မှာ ပြစ်မှုကျူးလွန်သူတွေကို တရားစီရင်တာပါ။ တချို့က ၂၀၂၅ မှာ ဖမ်းမိထားသူတွေ” လို့ ပြောပါတယ်။

အဲဒီထဲက မြန်မာနိုင်ငံသား မောင်ဖြိုးဟာ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလအတွင်း မူးယစ်ဆေးဝါး သုံးစွဲထားတဲ့ အခြေအနေမှာ ကျောင်းကြိုလာတဲ့သမီးဖြစ်သူအား တောဝက်လို့ ထင်မှတ်ပြီး ဓားနဲ့ သတ်ဖြတ်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် Yang Jia Jian ဆိုသူဟာ ဖခင်ဖြစ်သူအား သတ်ဖြတ်ခဲ့သလို Wang An Quan ဆိုသူက လည်း မိခင်ဖြစ်သူကို ဓားနဲ့ ခုတ်သတ်ခဲ့တယ်လို့ ဆိုပါတယ်။ 

Zhang Tao Qing ဆိုသူကတော့ ကြွေးမြီအငြင်းပွားမှုအတွင်း လူ ၂ ယောက်အား သေနတ်နဲ့ ပစ်သတ်ခဲ့တယ်လို့ သိရပါတယ်။

တရားရုံးရဲ့ စီရင်ချက်အရ အဲဒီ ၄ ယောက်ကို သေဒဏ်ချမှတ်ခဲ့ပြီး စီရင်ချက်ဖတ်ကြားအပြီး လူထုရှေ့မှာ လှည့်လည်ပြသခဲ့ပြီးနောက် ကွပ်မျက်ရာနေရာကို ခေါ်ဆောင်ပြီး သေနတ်နဲ့ ပစ်ခတ် သေဒဏ်စီရင်ခဲ့တယ်လို့ ကိုးကန့်သတင်းကွန်ရက်က ဖော်ပြပါတယ်။

ကျန်တရားခံ ၃ ယောက်ကိုတော့ ထောင်ဒဏ် ၇ နှစ်ကနေ ၁၂ နှစ်အထိ အသီးသီးချမှတ်ခဲ့ပြီး လူသတ်မှု တခုကို သေဒဏ်ချမှတ်ကာ ၂ နှစ် ဆိုင်းငံ့ထားတဲ့ စီရင်ချက်လည်း ပါဝင်ပါတယ်။

ကိုးကန့်အုပ်ချုပ်ရေးကော်မတီကတော့ အခုလို လူထုရှေ့တရားစီရင်တာဟာ ဒေသအတွင်း ဥပဒေ စိုးမိုးရေး ပြန်လည်တည်ဆောက်ဖို့၊ ရာဇဝတ်မှုတွေကို ဟန့်တားဖို့နဲ့ လူမှုအသိုက်အဝန်းအတွင်း တရားမျှတမှုကို ဖော်ဆောင်ဖို့ ရည်ရွယ်တယ်လို့ ပြောထားပါတယ်။

ဒါ့အပြင် မူးယစ်ဆေးဝါးနဲ့ နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုတွေကို ဆက်လက်နှိမ်နင်းသွားမှာဖြစ်ပြီး ဥပဒေချိုးဖောက်သူတွေကို ပြင်းပြင်းထန်ထန် အရေးယူသွားမယ်လို့လည်း သတိပေးထားပါတယ်။

ကိုးကန့်ဒေသမှာ လူထုရှေ့တရားစီရင်မှုတွေကို အခုမှပြုလုပ်တာမဟုတ်ဘဲ ပြီးခဲ့တဲ့ နှစ်ပိုင်းတွေ ကတည်းက ဆက်တိုက်လုပ်ဆောင်လာတာ ဖြစ်ပါတယ်။

၂၀၂၄ ခုနှစ်၊ ဧပြီ ၂၄ ရက်က လောက်ကိုင်မြို့မှာ လူသတ်မှု၊ ပြန်ပေးဆွဲမှုနဲ့ အွန်လိုင်း ငွေလိမ်လုပ်ငန်းဆိုင်ရာ အမှုတွေမှာ ပါဝင်သူ ၁၀ ယောက်အား လူထုရှေ့ စီရင်ခဲ့ပြီး အဲဒီထဲက MNDAA တပ်ဖွဲ့ဝင် ၃ ယောက်ကို သေဒဏ်ချမှတ် ကွပ်မျက်ခဲ့ပါတယ်။

၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၂၆ ရက်မှာတော့ သိန္နီမြို့နယ်၊ မန်ပန်ဒေသမှာ လူသတ်မှု၊ ဓားပြတိုက်မှု၊ ပြန်ပေးဆွဲမှုနဲ့ မုဒိမ်းမှုတွေ ကျူးလွန်ခဲ့သူ ၇ ယောက်အား လူထုရှေ့ကွပ်မျက်ခဲ့ပြီး၊ နိုဝင်ဘာ ၁၁ ရက်မှာလည်း မုံးကိုးမြို့မှာ လူသတ်မှုနဲ့ မုဒိမ်းမှုအပါအဝင် ပြင်းထန်ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့သူ ၅ ယောက်အား စီရင်ရာမှာ ၃ ယောက်ကို သေဒဏ်ချမှတ်ခဲ့ပါတယ်။

အဲဒီနောက် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၅ ရက်မှာလည်း လောက်ကိုင်မှာပဲ ပြန်ပေးဆွဲမှု၊ ငွေညှစ်မှုနဲ့ လူသတ်မှုအပါအဝင် အမှုတွေကြောင့် တရားခံ ၂၁ ယောက်အား စီရင်ခဲ့ပြီး ၆ ယောက်ကို သေဒဏ်ပေးခဲ့ပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013