
ရှမ်းပြည်နယ်မြောက်ပိုင်းက စစ်ရေးပဋိပက္ခတွေနဲ့ပတ်သက်ပြီး တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA)နဲ့ ကိုးကန့်တပ်(MNDAA)တို့ လောက်ကိုင်မြို့မှာ မတ် ၁၇ ရက် ဒီနေ့ မနက်ပိုင်းကစပြီး တွေ့ဆုံဆွေးနွေးနေပြီလို့ နှစ်ဖက်တပ်တွေက အတည်ပြုပါတယ်။
နှစ်ဖက်တပ်တွေအပစ်ရပ်လိုက်ပြီး မနေ့ညနေပိုင်းမှာ TNLA ဘက်က တာဝန်ရှိသူတွေ MNDAA နဲ့ ဆွေးနွေးဖို့ လောက်ကိုင်မြို့ကို ရောက်ရှိခဲ့ကြတာဖြစ်ပြီး ဒီနေ့မှာတော့ တွေ့ဆုံဆွေးနွေးနေပြီ ဖြစ်တယ်လို့ ဆိုပါတယ်။
TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက “နှစ်ဖက်ခေါင်းဆောင်တွေ တွေ့ဆုံဆွေးနွေးနေတာ ဟုတ်ပါတယ်။ အခြေအနေအသေးစိတ်ကို ပြောလို့မရသေးပါ။ ဆွေးနွေးပွဲပြီးမှ သိရပါမယ်”လို့ DVB ကို ပြောပါတယ်။
အဲဒီလို တွေ့ဆုံဆွေးနွေးတာဟာ တရုတ်ရဲ့ ကြားဝင်စေ့စပ်မှုမပါဘဲ တွေ့ဆုံကြတာလို့လည်း ဆိုပါတယ်။
MNDAA ရဲ့ စစ်ရေးသတင်းအရင်းအမြစ်က “တွေ့ဆုံနေကြတာ ဟုတ်ပါတယ်။ အသေးစိတ်ကို ကျနော်လည်း မသိရသေးဘူး”လို့ ပြောပါတယ်။
MNDAA ဟာ ကွတ်ခိုင်မြို့ကို တိုက်ခိုက်သိမ်းယူလိုက်တာကြောင့် TNLA တပ်တွေဟာ နမ့်ဖက်ကာ၊ မူဆယ်၊ ကွတ်ခိုင်မြို့တွေကနေ ဆုတ်ခွါပေးလိုက်ရတာဖြစ်ပြီး လက်ရှိမှာလည်း ပစ်ခတ်မှုတွေရှိ မနေတော့ဘူးလို့ မြေပြင် မှာရှိတဲ့ TNLA ရဲဘော်တဦးက အတည်ပြုပါတယ်။
ညီနောင်မဟာမိတ်တပ်တွေအကြား စစ်ရေးနဲ့ဖြေရှင်းတာမလုပ်ပဲ ညှိနှိုင်းဖြေရှင်းကြဖို့နဲ့ ဘုံရန်သူ စစ်ကောင်စီကိုသာ စည်းစည်းလုံးလုံး တိုက်ခိုက်ကြဖို့ တော်လှန်ရေးအင်အားစုတွေက တိုက်တွန်းထားပါတယ်။










