DVB Logo
Home
Lead Story
လောက်ကိုင်တောလား
DVB
·
November 1, 2026
လောက်ကိုင်တောလား
Donate to DVB

ချိုင့်များစွာကို ဖုန်တထောင်းထောင်းနှင့် ဖြတ်ကျော်ခဲ့ပြီးနောက် တောင်ကြားထဲမှ ကွန်ကရစ်မြို့တော်ကြီးကို ဘွားကနဲ တွေ့လိုက်ရ၏။

ကိုးကန့် အုပ်ချုပ်ရေးပိုင်းက မြို့အဝင်လမ်းကို သေချာပြုပြင်နေပုံရ၏။ ပေ ၁၅၀ ခန့်ကျယ်မည့် မြို့အဝင်လမ်းသည် ပြုပြင်နေဆဲမို့ ချိုင့်များ ဖုန်များအကြားမှ ဖြတ်သန်းခဲ့ရသော်လည်း မြို့ထဲရောက်သည်နှင့် ကွန်ကရစ်လမ်းမကျယ်ကြီးများက ညင်သာစွာ ဆီးကြိုကြတော့သည်။ ကွန်ကရစ်လမ်းမကျယ်ကြီးများ အလယ်က သစ်ပင်များဖြင့် ပနံတင့်နေသည့် လမ်းလယ်ကျွန်းများ၊ လမ်းဘေး ဝဲယာတလျှောက်မှ အထပ်မြင့် ကွန်ကရစ်တိုက်ကြီးများကို ကြည့်၍ အံ့ဩရ၏။ မြန်မာ-တရုတ် နယ်စပ်မြို့ လောက်ကိုင်အကြောင်းကို ယခင်က ကြားခဲ့ဖူးသော်လည်း ဤမျှလောက် ဖွံ့ထွားလိမ့်မည်ဟု မထင်ခဲ့။ မြို့၏ လေးပုံသုံးပုံခန့်ကို ကွန်ကရစ် အထပ်မြင့် တိုက်ကြီးများက စီးမိုး နေရာယူထားသည်ကို တည်းခိုမည့် နေရာဆီသွားရင်း သတိထားမိသည်။

တည်းခိုမည့်နေရာတွင် အိတ်များ ချထားပြီးသည်နှင့် ထမင်းဆိုင်ဘက် ဆက်ထွက်ခဲ့ကြသည်။ ဒေသခံတို့က ဆင်ဝိုင်းဟုခေါ်သည့် ဆင်ရုပ်များရှိသည့် အဝိုင်းပတ်အနီးမှ  မြန်မာထမင်းဆိုင်တဆိုင်ထဲ ဝင်လိုက်၏။ ထမင်းစားဧည့်သည်များ ရှိနေသည်ကို မတွေ့ရ။ ကျနော်တို့ ထမင်းစားဝင်ချိန်သည် မွန်းလွဲ ၂ နာရီကျော်နေ၍ လူမရှိတော့ခြင်းလည်း ဖြစ်နိုင်သည်။ ပါဆယ်လာဝယ်သူအချို့ကိုမူ တွေ့ရ၏။ ဟင်းပါဆယ်အတွက် ယွမ်ငွေဖြင့် ပေးချေသွားကြသည်ကို မြင်ရ၏။

“ထမင်းဖိုးက မြန်မာငွေနဲ့ ရှင်းလို့ရလား”

ထမင်းစားရင်း လှမ်းမေးသည့် ကျနော်၏ အမေးကို ဆိုင်ရှင်က ပြုံးရင်း “ရပါတယ်” ဟု ဖြေသည်။

“ရောင်းကောင်းလား” ဟု ထပ်မေးတော့ “အခုရက်ပိုင်း နည်းနည်းပါးတယ်” ဟု ဖြေသည်။  ထမင်းလက်စ သတ်စားပြီးမှ ဆိုင်ရှင်၏ အရောင်းပါးမှု အကြောင်းကို ထပ်ပြီး တီးခေါက်ကြည့်သည်။

“အခုရက်ပိုင်း နေထိုင်ခွင့်ကတ်တွေ စစ်တယ်လေ။ တချို့ နေထိုင်ခွင့်ကတ် လုပ်မထားတဲ့ မြန်မာ အလုပ်သမားတွေ ပြန်ကုန်ကြတော့ နည်းနည်း အရောင်းပါးသွားတာပေါ့” ဟု ဆိုင်ရှင်က ဆိုသည်။

ထမင်းဆိုင်ရှင်ထံ နေထိုင်ခွင့်ကတ်အကြောင်း ထပ်မေးကြည့်ချင်သော်လည်း အတူပါလာသူတို့က ခရီးပန်း၍ နားချင်ကြပြီ ဖြစ်သဖြင့် စကားလက်စသတ်လိုက်ရ၏။ တည်းခိုရာနေရာ ခဏပြန်၍ ခြေညောင်းလက်ဆန့် လှဲကြသည်။

“မြို့သိမ်းတိုက်ပွဲ မဖြစ်ခင်က အဲဒီနေရာက ဘုံခုနှစ်ဆင့်ပေါ့။ အခု MNDAA က နှစ်ဆင့်တိုး ဆောက်လိုက်တော့ ဘုံကိုးဆင့်ဖြစ်သွားရော”

ခဏလှဲနေရာမှ ထကာ တည်းခိုရာအဆောင်၏ အပြင်ထွက်ကြည့်စဉ် အဆောင်တာဝန်ခံက ကျနော့်နံဘေး ရောက်လာကာ လှမ်းကြည့်မိနေသည့် အဆောက်အအုံ အကြောင်း ရှင်းပြသည်။

“ဘာဖြစ်လို့ နှစ်ထပ်တိုးဆောက်လိုက်တာတဲ့လဲ”

“မသိပါဘူးဗျာ၊ သူတို့လည်း ကိုးနဝင်းတွေ ဘာတွေ ကြေချင်လို့လားမှ မသိတာ၊ ဟားဟား” ဟု ရယ်ရင်း ဖြေသည်။ သူပြောလိုက်မှ မြန်မာစစ်အာဏာရှင်တို့၏ ဗေဒင်၊ ယတြာ ယုံကြည်မှုများကို သတိရမိပြီး ကျနော်လည်း ပြုံးမိရသည်။

လောက်ကိုင်မြို့ စဝင်စက တွေ့ခဲ့ရသော ကြာပန်းအဝိုင်း၊ ဆင်ရုပ်အဝိုင်းတို့ကဲ့သို့ပင် တရုတ်ရိုးရာ အဆောက်အအုံ ဘုံကိုးဆင့်သည်လည်း အဝိုင်းပတ်တခုပင်။ ထိုအဝိုင်းကိုပတ်၍ ယာဉ်များ သွားလာရ၏။ အခြားအဝိုင်းပတ်များနှင့် မတူသည်မှာ ပေတရာခန့်မြင့်ကာ လူအများ ဝင်နေနိုင်သည့် အဆောက်အအုံ ဖြစ်နေခြင်းပင်။ ညပိုင်း နီယွန်မီးများဖြင့် ဆင်ယင်လိုက်သောအခါ ဘုံကိုးဆင့်သည် အင်မတန် တင့်တယ်လှ၏။ ဘုံကိုးဆင့်သို့ လေးဖက်လေးတန်မှ ဦးတည်လာသည့် လမ်းမကျယ်ကြီးများကလည်း သစ်ပင်များရှိသည့် လမ်းလယ်ကျွန်းများဖြင့် ပနံရလှသည်။ လောက်ကိုင်မြို့၏ လမ်းမကြီးများသည် ပေ ၁၅၀ ခန့် ကျယ်ဝန်းရာ မြို့ကို စတင် တည်ဆောက်စဉ်က ရေရှည်အတွက် ထည့်တွက် စဉ်းစားနိုင်စွမ်းရှိခဲ့သော ကိုးကန့်လူကြီးများ၏ အမြော်အမြင်ကြီးမှုပင်။

တကယ်တော့ လောက်ကိုင်သည် မာလီပါဟူသော ရွာကလေးမှတဆင့် ဖွံ့ထွားလာခြင်းဖြစ်၏။ မာလီပါရွာလေးသည် တချိန်က ကိုးကန့်နယ်တခွင်လုံးက လာရောက် ရောင်းဝယ်ဖောက်ကားရာ ရွာကလေး။ ထိုရွာကလေးကို ဖုန်မိသားစုနှင့် MNDAA က လောက်ကိုင်မြို့အဖြစ် အဆင့်မြှင့်တင်ခဲ့ခြင်းပင်။ သို့သော် ဦးဖုန်ကြားရှင်တို့ မိသားစုသည် မင်းအောင်လှိုင်၏ မြန်မာစစ်တပ်က နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းခိုင်းသည်ကို လက်မခံခဲ့၍ ၂၀၀၉ ခုနှစ်တွင် မြန်မာစစ်တပ်၏ တိုက်ခိုက်မောင်းထုတ်ခြင်းကို ခံရသည်။ မင်းအောင်လှိုင်က လောက်ကိုင်နှင့် ကိုးကန့်နယ်တခွင်ကို ၎င်းတို့နှင့် ပုလဲနံပသင့်သော ပယ်၊ မင်၊ လျှူနှင့် ဝေ မိသားစုကြီး လေးစုတို့ထံ ထိုးအပ်လိုက်သည်။ စစ်အာဏာရှင် အလောင်းအလျာနှင့်အတူ တန်ခိုးထွားလာသည့်  မိသားစုတို့သည် လောက်ကိုင်မြို့ကို ရက်စက်မှုအပေါင်း သရဖူဆောင်းသော ကျားဖြန့်မြို့တော်ကြီးအဖြစ် အသွင်ပြောင်းလိုက်ကြသည်။

တရုတ်နိုင်ငံသားတို့ကို ဖမ်းဆီး မတရားခိုင်းစေကာ တရုတ်နိုင်ငံသားတို့ကိုပင် ပြန်လိမ်နေသော ကျားဖြန့်ဂိုဏ်းတို့၏ ရာဇဝတ်မှု အနံဆိုးက ပေကျင်းနန်းဆောင်အထိ ဆိုက်ရောက်သွားသည်။ ထို့နောက် ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂၇ ရက်တွင် နိုင်ငံကျော် ၁၀၂၇ စစ်ဆင်ရေးကို မြောက်ပိုင်းညီနောင် သုံးဖော်က ဖော်ဆောင်လိုက်သည်။ ၁၀၂၇ စစ်ဆင်ရေးသည် တရုတ်အစိုးရ၏ မီးစိမ်းပြမှုနှင့် စတင်ခဲ့သည်ဟု စစ်ရေး၊ နိုင်ငံရေး လေ့လာသူများက လက်ခံထားကြသည်။ ကျားဖြန့်နှိမ်နင်းရေးနှင့်အတူ လာရှိုးမြို့ရှိ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်ကြီးပါ ကျဆုံးခဲ့ရသည်။  မြန်မာစစ်တပ်သမိုင်းတွင် တပ်ချုပ်မင်းအောင်လှိုင် လက်ထက်၌ ပထမဆုံးအကြိမ် တိုင်းစစ်ဌာနချုပ်ကြီး ကျဆုံးရခြင်းပင်။ မဟာမိတ်အဖွဲ့များ၏ ၁၀၂၇ စစ်ဆင်ရေးနှင့်အတူ လောက်ကိုင်ကို MNDAA က ပြန်ရလိုက်ပေပြီ။

MNDAA လက်ထဲ ပြန်ရောက်လာသည့် လောက်ကိုင်ကို မြင်ချင်တွေ့ချင်၍ ဤခရီးကို ကျနော်လာခဲ့ခြင်းဖြစ်၏။ သာမန်ခရီးသွားပြည်သူတယောက် အနေဖြင့် လောက်ကိုင်ကို လည်ပတ်မည်၊ လောက်ကိုင်ရှိ ပြည်သူတို့၏ အသံစစ်စစ်ကို နားထောင်မည်။ နောက်တရက် မနက်ခင်းတွင် မြန်မာလက်ဖက်ရည်ဆိုင်ရှိရာကို မေးမြန်းပြီး ကျနော် ထွက်လာလိုက်သည်။ လမ်းတလျှောက်ရှိ ဆိုင်များ အားလုံး၏ ဆိုင်းဘုတ်တိုင်းသည် မြန်မာစာနှင့် တရုတ်စာ နှစ်ဘာသာတွဲ၍ ရေးသားထားကြသည်ကို သတိထားမိသည်။ တပ်လော်ဘီများ ကိုးကန့်၏ အထူးဒေသအကြောင်း ပြောဆိုကြသည့်အခါတိုင်း တရုတ်စာတွေချည်းပဲ သုံးတယ်ဟူသော ပြောဆိုချက်များနှင့် မြေပြင်တွင် တွေ့မြင်နေရသည့် မြင်ကွင်းက တခြားစီ။

“အလကားပါဗျာ၊ ဒီကောင်တွေက မြေပြင်ဆင်းမကြည့်ဘဲ လျှောက်ပြောနေကြတာပါ။ ကျနော်တို့ဆိုရင် ဆိုင်စဖွင့်မယ်‌ ဆိုတာနဲ့ ကိုးကန့်စည်ပင်က ‌ဆိုင်းဘုတ်လုပ်ရင် မြန်မာစာကို အပေါ်ကထားပြီး အောက်က တရုတ်စာ တွဲထည့်ပေးရမယ်လို့ တခါတည်း ညွှန်ကြားလိုက်တာ၊ အစ်ကို လမ်းမှာ တွေ့ခဲ့မှာပဲ၊ ဆိုင်းဘုတ်တိုင်းမှာ မြန်မာစာပါရသလို တရုတ်စာလည်း ပါရတယ်လေ”

လက်ဖက်ရည်ဆိုင်ပိုင်ရှင်က ဆိုင်းဘုတ်နှင့် ပတ်သက်သည့် ကျနော်၏ မေးခွန်းကို ရှင်းပြ၏။ မှန်ပါသည်။ ကျနော် လမ်းတလျှောက်ရှိ ဆိုင်းဘုတ်များကို မြင်တွေ့ခဲ့ပါပြီ။ စာဖတ်သူကိုပင် စိတ်ညစ်နေပါက လောက်ကိုင်က ဆိုင်းဘုတ်များကို သွားဖတ်ကြည့်ပါဟု တိုက်တွန်းချင်ပါ၏။ “မုန့်ပဲသရေစာ အလုပ်ရှုပ်” ဟု ရေးထားသည့် မုန့်ဆိုင်၊ “အလှတရားကြီးမားသောအိမ်” ဆိုသော အထည်ဆိုင်၊ “ထမင်းကောင်းကောင်းစား” ဟူသည့် စားသောက်ဆိုင်၊ “မြင်မြင်ချင်းချစ်မိ နာရီနှင့် ဖကါ့ရှင်” အမည်ရ စတိုးဆိုင်တို့၏ ဆိုင်းဘုတ်များကို မြင်ပါက မပြုံးဘဲ ဝါးလုံးကွဲပင် ရယ်ချင်လာပါလိမ့်မည်။ ကိုးကန့်အုပ်ချုပ်ရေးအဖွဲ့၏ တိုက်တွန်းချက်အရ ကိုးကန့်ဆိုင်ရှင်တို့သည် တရုတ်ဘာသာမှ မြန်မာဘာသာသို့ တိုက်ရိုက် ဘာသာပြန်ဆိုလိုက်ပုံရ၏။ ဆိုင်းဘုတ်စာသားများမှာ အိုးနင်းခွက်နင်း ကသောင်းကနင်း။ ရယ်ချင်စရာ ကောင်းလှ၏။

စကားစမြည်ပြောရင်းမှ သိလာရသည်မှာ လက်ဖက်ရည်ဆိုင်ရှင်သည် သီပေါက ရှမ်းတိုင်းရင်းသား။ လောက်ကိုင်တွင် စီးပွားလာရှာနေသူ။ ရှမ်းပြည် ပူးပေါင်းဆောင်ရွက်ရေး ကော်မတီ (SSJAC) ဆိုသည့် အဖွဲ့၏ မကြာမီက ထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး သူ့သဘောထားကို ကျနော် တီးခေါက်ကြည့်မိပြန်သည်။

“ဟာ... အစ်ကိုရာ အဲဒီအဖွဲ့က ရှမ်းအဖွဲ့သာဆိုတာ ဘယ်သူတွေ ပါဝင်လဲ၊ ဘာအဖွဲ့တွေပါလဲ ဆိုတာတောင် ကျနော်တို့ဖြင့် မသိပါဘူး။ သူတို့အလုပ်က စာထုတ်တဲ့အလုပ်ပဲ ထင်ပါရဲ့၊ သီပေါအဝင် မုခ်ဦးတုန်းကလည်း TNLA ကို ကန့်ကွက်တယ်လို့ စာထုတ်ခဲ့ဖူးတယ်။ စာထုတ်တာကလွဲရင် အပြင်မှာ ဘာလုပ်ပြတာမျိုးကိုမှ မတွေ့ဖူးပါဘူးဗျာ။ တရုတ်-မြန်မာ နယ်စပ်မှာ တရုတ်စာပါ ထည့်မရေးလို့ မဖြစ်ဘူးလေ၊ သူတို့လာလည်တာတို့  လာကုန်သွယ်တာတို့ လုပ်မှ ကျနော်တို့က ပိုက်ဆံရမှာလေ၊ ရှမ်းစာနဲ့ရေးထားတော့ တရုတ်ကုန်သည်က ဖတ်တတ်ပါ့မလား၊ အလကားအဖွဲ့တွေ၊ စာလျှောက်ထုတ်နေကြတာပါဗျာ”

လက်ဖက်ရည်ဆိုင်ပိုင်ရှင် ရှမ်းသည် SSJAC ၏ ထုတ်ပြန်ချက်ကို အလိုမတူ။ သူ့အမြင်က ရှင်းသည်။ နယ်စပ်ကုန်သွယ်ရေးတွင် နှစ်ဖက်နားလည်သော ဘာသာစကားများကို သုံးစွဲမှသာ ဆက်ဆံရေး ပြေလည်မည်။ ငွေရမည်။ သူ့အမြင်က လက်တွေ့ကျ၏။ သူသည် ကျနော့်ကို ဂျာနယ်လစ်မှန်းသိ၍ ပြောနေခြင်းမဟုတ်။ ကျနော်ကလည်း ဂျာနယ်လစ်ဟု ကြိုတင် မိတ်ဆက်မထား။ ဂျာနယ်လစ်ဟု မိတ်ဆက်ထားလျှင် အုပ်ချုပ်သူကို လိုလားသူတို့ အုပ်ချုပ်သူ ကောင်းကြောင်း ပြောတတ်ကြပြီး မလိုလားသူတို့က မကောင်းကြောင်း ပြောတတ်ကြ၍ စကားမှန်မရတတ်သဖြင့် Exclusive Interview မျိုး မဟုတ်လျှင် ကျနော်သည် ဂျာနယ်လစ်ပါဟု ကြိုတင်ပြောလေ့မရှိ။ သာမန် ခရီးသွားသူတဦးကဲ့သို့ မေးမြန်း၍ နားထောင်ရသည်က အမှန်စကားကို ပိုကြားရသည် မဟုတ်ပါလား။ ယခုလည်း လက်ဖက်ရည်ဆိုင်ရှင်၏ စကားနှင့် ပြောဟန်သည် သူ့ရင်ထဲကလာသည့် စကားအမှန်များဖြစ်ကြောင်း မြင်တွေ့နေရသည်။

လောက်ကိုင်မြို့အတွင်း ကျင့်သုံးနေသည့် နေထိုင်ခွင့်ကတ်အကြောင်း ကျနော် ဆက်မေးကြည့်တော့…

“နေထိုင်ခွင့်ကတ်ကတော့ လုပ်ရတယ်။ ကျနော်တို့ဆိုရင် ဆိုင်ခန်းပိုင်ရှင် ကိုးကန့်ရဲ့ ထောက်ခံချက်နဲ့ နေထိုင်ခွင့် လုပ်ရတယ်။ တခြား ပန်းရံတို့၊ လက်သမားတို့လို အလုပ်ကြမ်းသမားတွေဆိုရင်လည်း ဒေသခံ သူဌေးရှာပြီး နေထိုင်ခွင့်ကတ်ကို သူ့ထောက်ခံချက်နဲ့ လုပ်မှရတယ်။ နေထိုင်ခွင့်ကတ်အတွက် ပေးရတဲ့ငွေနဲ့ ဒေသခံရဲ့ ထောက်ခံချက်ရဖို့ ပေးရတဲ့ငွေပါ ပေါင်းရင် ပြည်မကလာတဲ့ အလုပ်သမားတွေအတွက်တော့ နည်းနည်း ဝန်ပိတာပေါ့။ နေထိုင်ခွင့်ကတ်အတွက် ပေးရတဲ့ ယွမ်ငွေက တဦးနဲ့တဦး မတူဘူးဗျ။ မတူဘူးဆိုတာ ဒီလိုလေ၊ ကျနော်တို့လို အရင်လုပ်ထားတဲ့သူတွေက တနှစ်တာ နေထိုင်ခွင့်ကတ်ရတယ်၊ တချို့ကျ ခြောက်လတာ နေထိုင်ခွင့်ကတ်ပဲ ရတယ်။ အဲ့တော့ ကိုးကန့် အုပ်ချုပ်ရေးဌာနကို သွင်းရတဲ့ ကုန်ကျစရိတ်က မတူတော့ဘူး။ နေထိုင်ခွင့်ကတ်အတွက် ကုန်ရတာက အရေးမကြီးဘူးအစ်ကို၊ အရေးကြီးတာက နေထိုင်ခွင့်အတွက် ထောက်ခံပေးမဲ့ ဒေသခံကို ငွေပေးနေရတာ ခက်တာပဲ။ အဲဒီစနစ်ကို ပြင်လိုက်ရင်တော့ ကောင်းမယ်ဗျာ။ ဟိုလိုလေ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ကပဲ တာဝန်ယူပြီး ထောက်ခံချက် ပေးတာမျိုးပေါ့။ အဲ့လိုလေး လုပ်ပေးရင် ဒီကိုလာပြီး အလုပ်လုပ်မဲ့လူတွေ အတွက်လည်း အဆင်ပြေသွားမယ်၊ အခုက ငွေပေးပြီး အငှားသူဌေးရှာနေကြရတာ အဆင်မပြေဘူး၊ ဟုတ်တယ် ....ဟုတ်တယ် ... အခုရက်ပိုင်း နေထိုင်ခွင့်ကတ် အဖမ်းအဆီးကြောင့် အလုပ်သမားတချို့ ပြန်သွားကြတော့ ကျနော်တို့လည်း နည်းနည်း အရောင်းပါးသွားတယ်” ဟု သူက ရှင်းပြသည်။

စကားကောင်းနေခိုက် လက်ဖက်ရည်ပါဆယ်လာဝယ်သူ ဝင်လာ၍ သူ လက်ဖက်ရည် ထဖျော်ရတော့ ကျနော်လည်း နှုတ်ဆက်ကာ ပြန်ခဲ့လိုက်သည်။ အပြန် ကားဖြင့် မြို့ကို တပတ်ပတ်ကြည့်တော့ KFC ကြက်ကြော်ဆိုင်နှင့် Starbucks Coffee ဆိုင်တို့ကို တွေ့ခဲ့ရ၍ အံ့ဩမိရသည်။ တရုတ်၊ မြန်မာ အစားအစာဆိုင်များကြားမှ အနောက်တိုင်း အထင်ကရ ဆိုင်ကြီးများကို မြင်ရ၍ တချို့က ကွန်မြူနစ်ဟု တံဆိပ်ကပ်နေကြသည့် ကိုးကန့်သည် ကမ္ဘာနှင့် လိုက်လျောညီထွေ နေထိုင်နိုင်စွမ်းရှိသူများ ဖြစ်မည်ဟု မှန်းဆမိသည်။ လောက်ကိုင် မြို့လယ်ရှိ ဘုန်းကြီးကျောင်းဘက်သို့ သွားကြည့်မိတော့ “ပထမအကြိမ် သီတင်းကျွတ် ဆီမီးထွန်းပွဲတော်” ဟူသည့် ဗီနိုင်း ခေါင်းစီးစာတန်းက ဆီးကြို နှုတ်ဆက်နေ၏။ မြို့လယ် ဘုန်းကြီးကျောင်းဝန်းအတွင်းရှိ စေတီကို ညပိုင်း ဆီမီးပူဇော်ရန်အတွက် သန့်ရှင်းရေး လုပ်နေသူများ ရှိသလို စတုဒိသာ ကျွေးသူ၊ စားသူများဖြင့် စည်ကားနေသည်။ ဤမြင်ကွင်းကို ကြည့်၍ “လူမျိုး၊ ဘာသာ မခွဲခြား တိုင်းရင်းသားအားလုံး တန်းတူညီမျှစွာဖြင့် အေးချမ်းတည်ငြိမ် တိုးတက်သော အထူးဒေသ (၁) ကို ဝိုင်းဝန်းတည်ဆောက်ကြပါစို့” ဟူသော ဖတ်ခဲ့ဖူးသည့် ဆောင်ပုဒ်ကို ကျနော် သတိရလာသည်။

လောက်ကိုင်မြို့အတွင်း သွားလာရင်း သတိထားမိသည်မှာ မြို့တွင်းသွား တက္ကစီလေးများပင်။ တရုတ်နယ်စပ်မြို့တွင် တရုတ်ဆိုင်ကယ်များ ပေါများလိမ့်မည်ဟု ထင်ခဲ့သော ကျနော့် အတွေးသည် ပါစင်အောင် လွဲခဲ့ရ၏။ ဆိုင်ကယ်အနည်းငယ်သာ တွေ့ရ၍ လမ်းများပေါ် ဥဒဟို သွားလာနေသည်မှာ တက္ကစီကားလေးများသာ။ တက္ကစီကားအများစုမှာ ဆီစားသက်သာသည့် Honda Fit ကားလေးများ ဖြစ်ကာ ယာဉ်မောင်း အများစုသည် အမျိုးသမီးများ ဖြစ်နေ၏။ Honda Fit အပြင် EV ကားများ၊ ဂေါက်ကွင်းသုံး ဘက်ဂီကားလေးများလည်း ရှိ၏။ သုံးယောက်ထိုင် ခုံတန်း လေးတန်းပါသော ဘက်ဂီကားလေးများမှာ ကားခ ဈေးသက်သာသည် ဆို၏။ တက္ကစီများကို ကိုးကန့်ကုမ္ပဏီတခုက ပိုင်ပြီး ယာဉ်မောင်းလိုသူသည် ကိုယ်ရေးအချက်အလက်ပေး စပေါ်ငွေတင်ကာ ကားထုတ်ယူ မောင်းနှင်နိုင်သည်ဟု ကျနော့်မိတ်ဆွေ အလှကုန်‌ဆိုင်ပိုင်ရှင်က ပြောပြသည်။

“ဒရိုင်ဘာအများစုက အမျိုးသမီးတွေဆိုတော့ ကားလုခံရတဲ့ မှုခင်းမျိုး သိပ်မရှိလို့ ဖြစ်မယ်”

ကျနော်၏ မှတ်ချက်ကို အလှကုန်ဆိုင်ရှင်က ခေါင်းညိမ့်ပြရင်း…

“အမှန်ပေါ့ဗျာ၊ MNDAA စဝင်လာပြီးကတည်းက ခိုးဆိုးလုနှိုက် ဒုစရိုက်တွေ မရှိတော့သလောက်ပါပဲ။ မရှိဆို အပြတ်ကိုင်တာကိုး။ ဘိန်းစားသူခိုးလည်း အတော်ပါးသွားတယ်။ CCTV တွေကလည်း လမ်းတိုင်းမှာ ရှိတယ်လေဗျာ၊ လျှပ်စစ်မီးကလည်း ပြတ်တယ်မရှိတော့ ရန်ကုန်၊ မန္တလေးက CCTV တွေလို ဒီက CCTV တွေက ဖော်ရှိုးမဟုတ်ဘူးလေ”

ရန်ကုန်၊ မန္တလေးမှ တက္ကစီယာဉ်မောင်း အမျိုးသားများ ဓားထောက် လုယက်ခံနေရချိန်တွင် လောက်ကိုင်မှ အမျိုးသမီးယာဉ်မောင်းများက နေ့ရော ညပါ အေးအေးလူလူ မောင်းနှင်နေနိုင်ကြသည်။ လောက်ကိုင်သည် ညပိုင်းတွင် နီယွန်မီးများဖြင့် ပို၍ လှုပ်ရှား သက်ဝင်၏။ ညလုံးပေါက်ဖွင့်သည့် ဘိလိယက်ကလပ်များ၊ နိုက်ကလပ်များ၊ ဘားများတွင် လာရောက်အပန်းဖြေသည့်  တဖက်နိုင်ငံသားများကို တွေ့ရသည်။ ကြယ်သုံးပွင့်အဆင့်ရှိသည့် ဟိုတယ်အများအပြား ရှိသော်လည်း တဝက်ခန့်သာ ပြန်ဖွင့်သေးသည်ဟု မြို့ခံတချို့ထံမှ သိရသည်။ အထပ် ၂၀ အထက်ရှိသော အထပ်မြင့် အဆောက်အအုံများစွာ ရှိသော်လည်း သုံးလေးငါးထပ်ထက်ပို၍ မီးဖွင့်ထားသည့် အဆောက်အအုံက မရှိသလောက်ပင်။ အထပ်မြင့်များ၌ လူနေ ကျဲပါးနေသေးသည့် လက္ခဏာ။ လောက်ကိုင်ရှိ ဗမာတန်းကို ဖြိုဖျက်လိုက်ပြီဟု သတင်းများ ပေါ်ထွက်ခဲ့သော်လည်း ကျနော်တွေ့ခဲ့ရသည့် ဗမာတန်းကမူ ဈေးရောင်း၊ ဈေးဝယ်များဖြင့် စည်ကားလျက်။

ညနေခင်းတွင် ကော်တုံးအထက်တန်းကျောင်း ဟူသည့် တရုတ်ဘာသာသင် အထက်တန်းကျောင်းဝန်း အတွင်းသို့ ကျနော်တို့ ဝင်ကြည့်ကြသည်။ ပင်မ နှစ်ထပ်ကျောင်းဆောင် ရှေ့ရှိ အလံတိုင်တွင် မြန်မာနိုင်ငံအလံသည် အလယ်မှ မားမားမတ်မတ် တည်ရှိကာ တဖက်တချက်တွင် အထူးဒေသ (၁) အလံနှင့် ကျောင်းအလံတို့ကို တွေ့ရ၏။ တရုတ်စာသင်ကျောင်းအတွင်းက မြန်မာအလံသည် ပြည်ထောင်စုထဲမှ ခွဲမထွက်ပါဟု အစဉ်တစိုက် ပြောခဲ့သော MNDAA ခေါင်းဆောင်များ၏ စကားကို ပြညွှန်းနေသည့်သဏ္ဌာန်။

မာလီပါ ဟူသော ရွာကလေးမှ MNDAA လက်ထဲတွင် မြို့အဖြစ် ကြီးထွားလာသည့် လောက်ကိုင်သည် ကျားဖြန့်မိစ္ဆာတို့လက်မှ လွတ်မြောက်ကာ MNDAA လက်ထဲ ပြန်ရောက်လာပေပြီ။ ယခုအခါ လောက်ကိုင်သည် ကုန်းကြမ်းတည်း ဟူသော အဖော်တဦးတည်းသာ ရှိ‌သည့်အဖြစ်မျိုး မဟုတ်‌တော့၊ ကွမ်လုံ၊ သိန္နီ၊ ကွတ်ခိုင်၊ မုံးကိုးဟူသော အဖော်အပေါင်းများပါ တိုးလာပေပြီ။  MNDAA ၏ အထူးဒေသ (၁) သည် အဘယ်မျှအထိ ဆက်လက်ဖွံ့ထွားလာမည်လဲ၊ စစ်အာဏာရှင်လက်အောက် မနေလိုသည့် မြန်မာပြည်ဖွား  တိုင်းရင်းသားတို့ကို အဘယ်မျှအထိ အရိပ်ပေးနိုင်မည်လဲ၊ စစ်အာဏာရှင်၏ စိတ်ဓာတ်စစ်ဆင်ရေး ဌာနကရော တိုင်းရင်းသားအချင်းချင်းကြား သွေးကွဲအောင်၊ ဒေသတွင်း မတည်မငြိမ်ဖြစ်အောင် မည်မျှအထိ သွေးထိုး လှုံ့ဆော်ဦးမည်လဲ၊ အာဏာရှင်နှင့် လက်ကိုင်တုတ်အဖွဲ့များ၏ သွေးထိုးမှုကို ယုံစားပြီး လှုပ်ရှားမိသည့် မည်သူတွေ ဓားစားခံအဖြစ် ဖမ်းဆီးထိန်းသိမ်းခံကြရဦးမည်လဲ၊   စိတ်ဝင်စားစွာ စောင့်ကြည့်ကြရပေဦးမည်။

စိုင်းမင်းအောင်

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013