ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင်ရဒေသ၊ လောက်ကိုင်မြို့နယ်၊ ထင်ပါကျိုင်း ကျေးရွာအုပ်စု၊ ဆီအောရွာမှာ မိုးသည်းထန်စွာ အဆက်မပြတ် ရွာသွန်းမှုကြောင့် ဇူလိုင် ၃ ရက် မွန်းလွဲပိုင်းက ရေကြီးရေလျှံ ဖြစ်ပြီး လယ်သမား မိသားစုရေထဲမျောပါ သေဆုံးခဲ့ကြောင်း ကိုးကန့်တပ်ဖွဲ့ (MNDAA) ထုတ်ပြန်ချက်နဲ့ ဒေသခံတွေဆီက သိရပါတယ်။
ဇူလိုင် ၃ ရက် မနက်ပိုင်းက MNDAA ထိန်းချုပ်ထားတဲ့ လောက်ကိုင်မြို့နယ်မှာ မိုးသည်း ရေကြီးပြီး ရေလှောင်ကန်ငယ်တခု ပြိုကျခဲ့လို့ အနီးရှိ နေအိမ်က မိသားစု ရေထဲ မျောပါသွားတယ်လို့ ဒေသခံ အမျိုးသားတယောက်က ပြောပါတယ်။
MNDAA တပ်ဖွဲ့က ကယ်ဆယ်ရေး လုပ်ခဲ့ပေမဲ့ မနေ့ မွန်းလွဲပိုင်းမှပဲ ရေထဲ မျောပါသွားတဲ့ မိသားစုရဲ့ သေဆုံးနေတဲ့ ရုပ်အလောင်းတွေသာရှာတွေ့ ဆယ်ယူ ရရှိခဲ့တယ်လို့ ဒေသခံက ပြောပါတယ်။
သိန္နီ ဒေသခံအမျိုးသမီးတယောက်က "ရေကြီးတာ တရွာတည်း မဟုတ်ဘူး။ မြစ်ကမ်းတလျှောက်က ရွာ ၄ ရွာလောက်လို့ ကြားသိရတယ်" လို့ ပြောပါတယ်။
နေအိမ် တချို့ ရေနစ်တာရှိပြီး စပါးခင်းတွေရော ရေနစ်ကုန်ကာ လမ်းတွေလည်း ပျက်သွားပါတယ်။
လောက်ကိုင်မြို့နယ်၊ ဆီအောရွာမှာ မိုးသည်းထန်စွာ ဆက်တိုက်ရွာသွန်းမှုကြောင့် ဇူလိုင် ၃ ရက်က ရွာအပေါ်ဘက်ရှိ ရေလှောင်တမံတခု ကျိုးပျက်သွားကာ ရေကြီးရေလျှံခဲ့တယ်လို့ MNDAA က သတင်းထုတ်ထားပါတယ်။
ရေကြီးလာတာကြောင့် မြေနိမ့်ပိုင်းရှိ တဲအိမ် တအိမ် ရေထဲပြိုကျပြီး အဲဒီ နေအိမ်က လယ်သမား ဇနီး မောင်နှံနဲ့ မြေးတယောက် စုစုပေါင်း ၃ ယောက် ရေစီးထဲမမျောပါ သေဆုံးသွားခဲ့တယ်လို့ ဖော်ပြထားပါတယ်။
သေဆုံးသွားတဲ့ မိသားစု ၃ ယောက်ရဲ့ ရုပ်အလောင်းတွေကို ရှာဖွေတွေ့ရှိခဲ့ပြီဖြစ်ပြီး ရေကြီးမှုကြောင့် နေအိမ်များစွာ ရေဘေးသင့် ပျက်စီးခဲ့ကာ ရွာအတွင်း လမ်းတွေ ပိတ်ဆို့သွားခဲ့သလို မြစ်ကမ်းဘေးရှိ လယ်ကွင်းရှိ စိုက်ပျိုး သီးနှံတွေ အများအပြားပျက်စီးဆုံးရှုံးသွားပါတယ်။
လောက်ကိုင်မြို့နယ် အပြင် မြစ်ကမ်းနီး ဒေသတွေမှာ ရေဘေးအန္တရာယ် ဆက်လက်ရှိနိုင်လို့ ဒေသခံတွေအနေနဲ့ ကြိုတင်ကာကွယ်မှု ပြုလုပ်နိုင်ရန်နဲ့ အန္တရာယ်ရှိနိုင်တဲ့ နေရာတွေဘက် မသွားရောက်ကြဖို့လည်း တိုက်တွန်းထားပါတယ်။
ဇူလိုင် ၃ ရက်မှာပဲ ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့ပေါ် မြေနိမ်ပိုင်းရှိ နေအိမ်တချို့ ရေနစ်မြုပ်ခဲ့ပြီး တရုတ် - မြန်မာနယ်စပ် ဂိတ်ရှိရာ ကျင်စန်းကျော့ ရွာဘက်မှာလည်း ရေကြီးရေလျှံကာ နေအိမ်၊ ဆိုင်၊ လမ်းတွေ ရေနစ်မြုပ်ခဲ့ပါသေးတယ်။