DVB Logo
Home
မြန်မာသတင်း
လောက်ကိုင်ရှိ ဗမာတန်းက အဆောက်အဦများ ဖြိုချမည်၊ နေထိုင်သူများကို ပြောင်းရွှေ့ခိုင်း
DVB
·
March 12, 2024
လောက်ကိုင်ရှိ ဗမာတန်းက အဆောက်အဦများ ဖြိုချမည်၊ နေထိုင်သူများကို ပြောင်းရွှေ့ခိုင်း
Donate to DVB

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့ရှိ လောက်ကိုင် ဗမာတန်းက အဆောက်အဦတွေ ဖြိုပစ်မှာဖြစ်တာကြောင့် နေထိုင်သူတွေကို မတ် ၉ ရက်ကစပြီး ရွှေ့ခိုင်းနေကြောင်း ဒေသခံတွေက ပြောပါတယ်။

ဒေသခံ အမျိုးသားတဦးက “ဗမာတန်းက အိမ်တွေ၊ ပစ္စည်းတွေ ရွှေ့‌ပြောင်းယူပြီး ဖယ်ပေးဖို့ သုံးရက် အချိန်ပေးထားပါတယ်။ လူတွေရှိတဲ့အိမ်တွေက ဘယ်ဘက်ပြောင်းခိုင်းလဲတော့ မပြောတတ်ဘူး။ အခန်းလေးတွေများတော့ အခန်းနဲ့တွက်ရင် အိမ်တွေ ခန့်မှန်းခြေ ရာချီ ရှိနိုင်ပါတယ်။ မြန်မာတွေ အများဆုံး ဆုံးရှုံးတာပေါ့။ လောက်ကိုင် တက်လာဖို့တောင် မလွယ်တာ၊ ပစ္စည်း ဘယ်လိုသွားရွှေ့ကြမလဲ။ လူသားချင်းစာနာစိတ် မရှိဘူးလို့ ပြောရမယ် ထင်တယ်” လို့ ပြောပါတယ်။

မတ် ၉ ရက် မနက် ၉ နာရီလောက်က ဗမာတန်း အလယ်တန်း အကုန်ဖြိုမှာဖြစ်တာကြောင့် ရွှေ့ပြောင်းဖို့အတွက် အဲဒီနေ့ အပါအဝင် သုံးရက်ပဲ အချိန်ပေးမှာဖြစ်ကာ သုံးရက်အတွင်း အပြီး ဖယ်ပေးဖို့ လာပြောတယ်လို့ သူကပြောပါတယ်။

“အိမ်တလုံးကို ပိုင်ဆိုင်ဖို့ ဘဝရဲ့ သက်တမ်း အနည်းဆုံး သုံးပုံတပုံလောက် ကြိုးစားထားကြရတာ၊ စိတ်မသက်သာလိုက်တာ” လို့ နောက်ထပ် ဒေသခံတဦးက ပြောပါတယ်။

နေအိမ်တွေကို ဖြိုပြီး လမ်းမကြီးအဖြစ် ပြောင်းလဲသွားမှာဖြစ်ကြောင်း သိရလို့ ကြီးမားတဲ့ ဆုံးရှုံးမှု မဖြစ်စေဖို့ နေအိမ်ပိုင်ရှင် ပြည်သူတွေကို ငဲ့ညှာပြီး ဆုံးဖြတ်ချက်ကို ပြန်လည်ညှိနှိုင်းပေးဖို့ သက်ဆိုင်ရာရုံးမှာ တောင်းဆိုခဲ့ပေမဲ့ ရုံးက ဆွေးနွေးစရာမရှိဘူးလို့သာ ပြန်ပြောခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

နယ်စပ် လုပ်ငန်းရှင်တဦးက “ဗမာတန်းဆိုတဲ့နေရာ ဖြုတ်ခိုင်းတယ်လို့ ပြောတယ်။ ဖြုတ်ခိုင်းတယ်ဆိုတာ ဒီလိုထင်တယ်။ ဟိုတုန်းက သူတို့မြေပေါ့နော်။ ဟိုကောင်တွေက ကျူးကျော် ဆောက်ထားတဲ့ဟာတွေ ဖြစ်ရင် ဖြစ်မယ်။ ကျနော့်အထင် သူတို့ (ကိုးကန့်) ခေတ်တုန်းက သူတို့မြေလေ။ ဆရာကြီးတွေ (စစ်တပ်) က သိမ်းပြီး ပြန်ရောင်းစားတဲ့ဟာတွေ ဘာတွေ ဖြစ်ရင်လည်း ဖြစ်နိုင်တာပေါ့နော်။ လမ်းချဲ့မယ်ဆိုတာလည်း ဖြစ်နိုင်တယ်” လို့ ပြောပါတယ်။

အဲဒီ ဗမာတန်းရဲ့ ဘေးနှစ်ဖက် လမ်းတွေကတော့ ကားနှစ်စီးစာ သွားလို့ရတဲ့ တလမ်းသွားလမ်း ဖြစ်ပြီး ၁၃ ပေခန့်ကျယ်တဲ့ လူသွားလမ်း နှစ်ဖက်စီရှိကာ အိမ်ခြေ ၆၀ ကျော် အခိုင်အမာ ဆောက်ထားတဲ့ နေအိမ်တွေ ဖြစ်တယ်လို့ ဆိုပါတယ်။

ဘုံ ၇ ဆင့်နားက ကားဂိတ်ဘက်ဆင်းလာတဲ့ အဆင်းလမ်းတလျှောက်လုံးက အဆောက်အဦတွေတော့ တချို့ ဖျက်လိုက်ကုန်ပြီလို့ လောက်ကိုင်မှာနေထိုင်တဲ့ မိန်းကလေး တဦးက ပြောပါတယ်။

လောက်ကိုင်မြို့သာမက မြောက်ပိုင်း မဟာမိတ်ညီနောင်တွေရဲ့ ၁၀၂၇ စစ်ဆင်ရေး ကာလအတွင်း ကိုးကန့်တပ်ဖွဲ့ (MNDAA) က သိမ်းပိုက်ထားတဲ့ မုံးကိုး၊ ကြူကုတ် (ပန်ဆိုင်း)၊ ၁၀၅ မိုင် စတဲ့ နေရာတွေမှာလည်း အဆောက်အဦ အများအပြား ဖြိုခဲ့တာ မရှိခဲ့ပေမဲ့ လမ်းဧရိယာမှာ ဈေးရောင်းချတဲ့တဲတွေ၊ အဖီထိုးတာတွေကို အကုန်ဖျက်ခိုင်းတာမျိုး ရှိကြောင်း ‌အဲဒီနေရာတွေမှာရှိတဲ့ ဒေသခံတွေက ပြောပါတယ်။

ကိုးကန့်ပြောရေးဆိုခွင့်ရှိသူ လီကျားဝင်းက “ကျနော်တို့က ဗမာတန်းဆိုပြီးတော့ ဖြိုတာ မဟုတ်ပါဘူးဗျ။ ဘာလို့ဆိုတော့ အဲဒီလမ်းကြောမှာ သူက ကျောင်းရှိပါတယ်ဗျ။ ပြီးတော့ ဒီလမ်းက အရမ်းကျဉ်းပါတယ်။ သူက လမ်းနှစ်ခုကြား အလယ်ကောင်မှာ အိမ်ရာတွေ၊ ဆိုင်ခန်းတွေ ဆောက်ထားတော့၊ ဒါက လမ်းချဲ့ဖို့အတွက် မဖြစ်မနေ ဖြိုရမယ့် လုပ်ငန်းစဉ်ကြီး ဖြစ်ပါတယ်ဗျ။ ကျနော်တို့က အဲနားတတန်းကိုပဲ ဖြိုတာမဟုတ်ပါဘူး။ ကျနော်တို့ ဒီ လမ်းအလယ်ကောင်မှာပေါ့နော်၊ ဆောက်ထားတဲ့ ဒီနေရာကိုပေါ့ ကျနော်တို့က ဖြိုဖို့အတွက် ကျနော်တို့ သတ်မှတ်ထားတဲ့ နှစ်နေရာ၊ သုံးနေရာလောက် ရှိပါတယ်ဗျ။ အခုတောင် ကျနော်တို့ တနေရာက လုံးဝ အပြီးအစီး ဖြိုပြီးသွားပြီဗျ။ ကျူးကျော်မြေတွေနဲ့ ပြောတာထက် သူက လမ်းအလယ်ကောင်မှာကို သွားဆောက်ထားတဲ့အတွက် ဒါက မဖြစ်မနေ ဖြိုရမယ့်နေရာ ဖြစ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ သူက ကျောင်းနဲ့လည်း နီးတယ်။ ဈေးနဲ့လည်း နီးတယ်ဆိုတော့ အဲဒီနားလေးက သူက ယာဉ်သွား၊ ယာဉ်လာက အရမ်းများတယ်ဗျ။ အရမ် ရှုပ်ထွေးတယ်။ လမ်းက အရမ်းကျပ်တယ်ဗျ။ ဆိုတော့ ဒါက ကျနော်တို့ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒါကတော့ ဖြိုရမယ့်နေရာ ဖြစ်တယ်ဗျ” လို့ ပြောပါတယ်။

၁၀၂၇ စစ်ဆင်ရေး ကာလအတွင်း ကိုးကန့်တပ်ဖွဲ့ (MNDAA) က ရှမ်းပြည်နယ်မြောက်ပိုင်း ချင်းရွှေဟော်၊ ကွမ်လုံ၊ မုံးကိုး၊ ကြူကုတ်(ပန်ဆိုင်း)၊ ကုန်းကြမ်း၊ သိန္နီ စတဲ့မြို့တွေကို သိမ်းပိုက်ထိန်းချုပ်ထားပြီး လက်ရှိ MNDAA ရဲ့ အုပ်ချုပ်ရေးယန္တရား စတင်လည်ပတ်နေပြီ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013