
ဗိုလ်ချုပ်အောင်ဆန်းရုပ်တုတွေကို ဖြိုဖျက်နေတယ်လို့ စစ်အာဏာရှင်သမ္မတရဲ့ ပြောရေးဆိုခွင့် ရှိသူက ဝန်ခံခဲ့ပြီး အချိုးအစားနဲ့ ပုံသဏ္ဌာန် မမှန်တဲ့ ရုပ်ထုတွေကို ဖြိုဖျက်နေတာလို့ ဆိုပါတယ်။
စစ်အာဏာရှင်သမ္မတရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါ်ခိုင်ခိုင်စိုးက သူအသုံးပြုနေတဲ့ Dr.Khaing Khaing Soe တယ်လီဂရမ်အကောင့်ကနေ ရေးသားဖော်ပြခဲ့တာ ဖြစ်ပါတယ်။
‘လက်ရှိတွင် အချို့ဒေသများရှိ ဗိုလ်ချုပ်အောင်ဆန်းရုပ်တုများကို ဖယ်ရှားနေသည်ဟု မီဒီယာ အချို့တွင် ဖော်ပြနေသည်ကို တွေ့ရှိရပါတယ်။ အမှန်မှာ ဗိုလ်ချုပ်အောင်ဆန်း၏ ရုပ်တုအားလုံးကို ဖယ်ရှားနေခြင်းမဟုတ်ဘဲ အချိုးအစားနဲ့ပုံသဏ္ဌာန်မမှန်ကန်သည့် ရုပ်တုများကို သာ ဥပဒေနှင့်အညီ ပြန်လည်စိစစ် ဆောင်ရွက်နေခြင်းဖြစ်ပါတယ်’ လို့ဖော်ပြထားပါတယ်။
၂၀၁၆ ခုနှစ်၊ ဧပြီ ၁ ရက်ကနေ ဇူလိုင် ၁၀ ရက်အထိ မြို့နယ်ပေါင်း ၁၀၀ ကျော်မှာရှိတဲ့ ဗိုလ်ချုပ်အောင်ဆန်းရုပ်တုတွေကို စိစစ်ခဲ့တာမှာ တချို့ရုပ်တုတွေရဲ့ အချိုးအစား၊ ပုံသဏ္ဌာန်နဲ့ အနုပညာဖော်ပြမှုဟာ သမိုင်းဝင်ပုဂ္ဂိုလ်တယောက်ရဲ့ ဂုဏ်သိက္ခာနဲ့ မလျော်ညီတဲ့ အနေအထား တွေကို တွေ့ရှိခဲ့ရတယ်လို့လည်း ဆိုပါတယ်။
‘ဒါကြောင့်မို့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမိုင်းဝင်ဂုဏ်သိက္ခာကို ထိန်းသိမ်းမြှင့်တင်ဖို့ အထိမ်းအမှတ် ရုပ်တုတွေကို အရိုအသေမဲ့သလို မဖြစ်စေဖို့နဲ့ နောင်လာနောက်သားတွေအနေနဲ့ မြန်မာ့သမိုင်း အမွေအနှစ်တွေကို မှန်ကန်သင့်လျော်တဲ့ ပုံစံနဲ့ ဆက်လက်လေ့လာနိုင်ဖို ရည်ရွယ်ချက်နဲ့ စနစ်တကျ ထိန်းသိမ်းဆောင်ရွက်နေတာပဲ ဖြစ်ပါတယ်’ လို့ ဆိုပါတယ်။
အာဏာရှင်စစ်တပ်အနေနဲ့ ဗိုလ်ချုပ်အောင်ဆန်းကိုစာသင်ခန်းအတွင်းကနေ ဖယ်ရှားသလို ဗိုလ်ချုပ်ရုပ်တုကိုလည်း ဖယ်ရှားတာမျိုးဖြစ်တယ်လို့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ တယောက်က DVB ကိုပြောပါတယ်။
“ကျနော်တို့ငယ်ငယ်က ကျောင်းခန်းထဲက ဗိုလ်ချုပ်အောင်ဆန်းပုံကို ဖြုတ်တယ်။ အစပိုင်းတော့ ဘယ်ပုံမှမကပ်ဘူး။ နောက်ပိုင်း ဦးသန်းရွှေပုံပဲကပ်တယ်။ အခုလည်း ဒီလိုပဲ ဗိုလ်ချုပ်ရုပ်ထုတွေ ဖြိုတယ်ဆိုတာ စစ်အုပ်စုက သမိုင်းထဲက ထုတ်ပစ်ချင်တာ” လို့ပြောပါတယ်။
ဗိုလ်ချုပ်ရုပ်တုတွေဖြိုချတာနဲ့ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က ‘မြန်မာ့ တပ်မတော်ကို တည်ထောင်ခဲ့တဲ့ လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ ရုပ်ပုံလွှာ တွေကို ဖြိုချဖျက်ဆီးနေသူတွေကို ထိရောက်စွာ အရေးယူနိုင်ဖို့ ဆက်လက် ဆောင်ရွက် သွားမယ်လို့’ ဇူလိုင် ၈ ရက်က ထုတ်ပြန်ထားပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက် နိုင်ငံတဝန်း ဗိုလ်ချုပ်အောင်ဆန်းရုပ်တုတွေနဲ့ NLD ပါတီရုံးတွေ ဖျက်ဆီးခံခဲ့ရပြီး ၂၀၂၆ ခုနှစ်မှာ အရင်ကထက် ပိုများလာပါတယ်။










