
စစ်ကိုင်းတိုင်း၊ ရေဦးမြို့ပေါ်က ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တုကို ဇွန် ၂၇ ရက် ညပိုင်းမှာ စစ်အာဏာရှင်က လာရောက်ဖျက်ဆီးဖယ်ရှားသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ပင်မသတင်းဌာန (ရွှေဘိုခရိုင်) ရဲ့ ပြန်ကြားရေးတာဝန်ခံက “ရေဦးမြို့ပေါ် အောင်မင်္ဂလာရပ်ကွက်က မြို့မရဲစခန်းရှေ့မှာရှိတဲ့ ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်တုကို ဇွန်လ ၂၇ ရက်နေ့ည ၁၂ နာရီခွဲလောက်မှာ ရေဦးမြို့နယ်စည်ပင်က Non CDM ဦးစီးမှူး ဦးစီးပြီးတော့ ဘက်ဟိုးကား ၁ စီးနဲ့ ဖြိုချဖျက်ဆီးသွားတာပါ” လို့ ပြောပါတယ်။
ဖျက်ဆီးခံလိုက်ရတဲ့ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တုကို ပြီးခဲ့တဲ့ ၈ နှစ်ဝန်းကျင်က ပြည်သူတွေ စုပေါင်းထည့်ဝင်ငွေတွေနဲ့ တည်ဆောက်ခဲ့တာလို့ ဆိုပါတယ်။
ရေဦးမြို့နယ် ပကဖ တာဝန်ခံက “ဗိုလ်ချုပ်ကြေးရုပ်က ရေဦးရဲစခန်းရှေ့တည့်တည့်မှာ ရှိပြီးတော့ ရဲစခန်းဝန်ထမ်း ဆိုင်ခန်းတွေရှေ့မှာပါ။ အဲဒီတော့ ဓာတ်ပုံရိုက်ဖို့ကို နည်းနည်းလေးခက်ခဲနေတယ်။ ဘာလို့ ဖျက်တာလဲဆိုတော့ စစ်တပ်က ခေတ်အဆက်ဆက် ထစ်ခနဲရှိ ဗိုလ်ချုပ်ကြေးရုပ်တွေ ဖျက်ဆီးလာခဲ့တာပဲလေ။ အတည်မပြုနိုင်သေးတဲ့သတင်းအရတော့ အဲဒီနေရာမှာ မင်းအောင်လှိုင်ရုပ်တု အစားထိုးတည်မယ်လို့တော့ ကြားနေတယ်။ နောက်တချက်အနေနဲ့ သူတို့ဘက်က လူလိုလုပ်တဲ့အလုပ်တွေကို တခုမှမလုပ်တော့လည်း ခန့်မှန်းရခက်တယ်ဗျ။ တော်တော်လေးကို အာဏာရူးသွားပြီ” လို့ DVB ကို ပြောပါတယ်။
ဖြိုချဖျက်ဆီးခံလိုက်ရတဲ့ ဗိုလ်ချုပ်ကြေးရုပ်တုကို ဘယ်နေရာကို သယ်ဆောင်သွားတယ်ဆိုတာ မသိရသေးဘဲ စုံစမ်းနေတယ်လို့လည်း သူက ဆက်ပြောပါတယ်။
စစ်တပ်ဟာ ဇွန် ၂၇ ညနေပိုင်းမှာ ရေဦးမြို့ပေါ်ကို ညမထွက်ရ ဒေသန္တရအမိန့် အရေးပေါ် ထုတ်ပြန်ခဲ့ပြီးနောက် စစ်တပ်လက်အောက်ခံအများအပြား မြို့ပေါ်အနှံ့ လုံခြုံရေးတွေ ချထားခဲ့ပါတယ်။
အဲဒီ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တုကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက် ပြီးခဲ့တဲ့ ၂၀၁၈ ဇွန် ၁၀ ရက်နေ့မှာ စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင် တက်ရောက် ဖွင့်လှစ်ပေးခဲ့တာ ဖြစ်ပါတယ်။
အခု ဖြိုချဖျက်ဆီးခံလိုက်ရတဲ့ ရေဦးမြို့က ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်တု အပါအဝင် ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်တု ၆ ခုထက်မနည်းကို စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်က ဖြိုချဖျက်ဆီးခဲ့တယ်လို့ မှတ်တမ်းတွေအရ သိရပါတယ်။











