DVB Logo
Home
မြန်မာသတင်း

ICJ စီရင်ချက်ကိုမျက်ကွယ်ပြုတဲ့ တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှုဆွေးနွေးပွဲ ဘယ်သဘောဆောင်နေလဲ

သုတချမ်းသာ
·
November 29, 2026
Photo: Head of State
Photo: Head of State
Donate to DVB

မြန်မာ-တရုတ် ရင်းနှီးမြှုပ်နှံမှုနဲ့ ကုန်သွယ်ရေး ထိပ်သီးဆွေးနွေးပွဲကို  ဒီဇင်ဘာ ၁၅ ရက် နေပြည်တော်မှာ လုပ်မယ်လို့ စစ်အာဏာရှင်မီဒီယာတွေက သတင်းထုတ်ပြန်ထားပြီး ဆွေးနွေးပွဲနဲ့အတူ ဒီဇင်ဘာ ၁၆ ရက်ကနေ ၂၀ ရက်နေ့အထိ နှစ်နိုင်ငံကုန်စည်ပြပွဲ ဆက်လုပ်သွားမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ တရုတ်အစိုးရက ရင်းနှီးမြှုပ်နှံမှုနဲ့ ကုန်သွယ်ရေး ထိပ်သီးဆွေးနွေးပွဲပြုလုပ်တာဟာ နိုဝင်ဘာ ၁၉ ရက်နေ့မှာချမှတ်ထားတဲ့ အပြည်ပြည်ဆိုင်ရာတရားရုံး ICJ ရဲ့ မြန်မာနိုင်ငံက ရိုဟင်ဂျာလူမျိုးတုံး သတ်ဖြတ်မှုကို ကျူးလွန်ခဲ့တယ်ဆိုတဲ့ စီရင်ချက်ကို မျက်ကွယ်ပြုရာ ရောက်ခဲ့တာပါ။

ဆွေးနွေးပွဲကို တရုတ်ဘက်က အစိုးရကိုယ်စားလှယ် ဘယ်သူတက်ရောက်မယ်ဆိုတာ ထုတ်ပြန်ထားတာမရှိသေးဘဲ မြန်မာဘက်ကတော့ စစ်အာဏာရှင်ကိုယ်တိုင်တက်ရောက်မယ်လို့ သတင်းထွက်ပေါ်နေပါတယ်။ 

ထိပ်သီးဆွေးနွေးပွဲရည်ရွယ်ချက်ကတော့ နှစ်နိုင်ငံကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ဖို့၊ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ (CMEC) နဲ့ ပိုးလမ်းမ စီမံကိန်း (BRI) တို့အတွက် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု အားကောင်းလာစေဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။

တရုတ်အစိုးရရဲ့ အခုခြေလှမ်းဟာ စီးပွားရေးကိုအသုံးပြုပြီး စစ်အာဏာရှင်ကို ဆက်လက်ချိတ်ဆက်တဲ့နည်းလမ်းနဲ့ မြန်မာပြည်မှာ တရားဝင်စီမံကိန်းလုပ်ပိုင်ခွင့်ကို ချုပ်ကိုင်ထားဖို့ဖြစ်ပြီး အရှေ့တောင်အာရှမှာ တရုတ်ရဲ့ နက်ရှိုင်းတဲ့ဩဇာလွှမ်းမိုး မှုရှိနေတယ်ဆိုတာကို အမေရိကန်အပါအဝင် အင်အားကြီးနိုင်ငံတွေကို သွယ်ဝိုက်ပြီး သတိပေးရာရောက်တယ်လို့ ကျွမ်းကျင်သူတွေက မှတ်ချက်ပေးပါတယ်။

မြန်မာ့ဒီမိုကရေစီအရေးမဟာမိတ်များအဖွဲ့က ခင်သီရိနန္ဒာစိုး က “နှစ်ဦးနှစ်ဖက်အကျိုးစီးပွားတွေ တွက်ချက်ပြီးတော့ လုပ်ကိုင်တဲ့ကိစ္စဖြစ်တယ်။ စီးပွားရေးကို နိုင်ငံရေးလက်နက်သဖွယ် အသုံးချတာဖြစ်တယ်။ နိုင်ငံတွေက ကိုယ့်ရဲ့အာဏာစက်ကိုပြသဖို့ ဒါမှမဟုတ် သံတမန်ရေးရာ ဆက်ဆံမှုတွေကို ပုံမှန်ဖြစ်ပါတယ်ဆိုတာမျိုး ပြသဖို့၊ မဟာဗျူဟာမြောက် နယ်မြေတွေကို ထိန်းချုပ်နိုင်ဖို့ ဒီစီးပွားရေးထိပ်သီးဆွေးနွေးပွဲတွေကို သူတို့က အသုံးပြုလေ့ရှိတယ်။ စစ်အုပ်စုအတွက် ၂ နိုင်ငံထိပ်သီးအစည်းအဝေးပွဲကြီးတွေကို အိမ်ရှင်အဖြစ်လက်ခံကျင်းပတာဟာ အချုပ်အခြာအာဏာပိုင်ဆိုင်တယ်ဆိုတာကို ဟန်ပြ သရုပ်ဖော်တာဖြစ်တယ်။ အနောက်နိုင်ငံတွေရဲ့ ပိတ်ဆို့အရေးယူမှုတွေနဲ့ အာဆီယံအတွင်းက ဖယ်ကျဉ်ခံထားရတဲ့အချိန်မှာ တရုတ်စီးပွားရေးလုပ်ငန်းရှင်တွေ အလုံးအရင်းနဲ့ ပါဝင်လာတာပြသခြင်းအားဖြင့် သူတို့ရဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို စွဲဆောင်နိုင်စွမ်းရှိပါတယ် ပုံမှန်လည်ပတ်နေပါတယ်ဆိုတာမျိုး အသိအမှတ်ပြုခံရတဲ့အစိုးရတရပ် ‘ဟန်’ ပြချင်တဲ့သဘောမျိုးလည်း ဖြစ်တယ်” လို့ ပြောပါတယ်။

တရုတ်အစိုးရက မြန်မာပြည် ပြန်တည်ငြိမ်တဲ့အချိန်အထိ သူ့ရဲ့ပိုးလမ်းမအပါအဝင် စီမံကိန်းတွေ မပျက်စီးဘဲ တည်တံ့နေဖို့ ရည်ရွယ်ပြီး စစ်အာဏာရှင်နဲ့ဆက်လက် ထိတွေ့မှုပြုလုပ်နေတာပါ။

တရုတ်နိုင်ငံရဲ့ ကုန်သွယ်မှု ၈၀ ရာခိုင်နှုန်းဟာ မလက္ကာရေလက်ကြားကိုဖြတ်နေရပြီး နိုင်ငံရေး၊ ကုန်သွယ်ရေးပြဿနာတွေ ကြီးထွားလာရင် ရေကြောင်းကုန်သွယ်ရေးလမ်းပိတ်ဆို့ခံရမဲ့ အန္တရာယ်ရှိနေတာပါ။ 

ဒီပြဿနာကို ဖြေရှင်းနိုင်ဖို့ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ကနေ ရေလမ်းထွက်ပေါက်ရယူနိုင်ဖို့ တရုတ်အစိုးရက ဗျူဟာမြောက် ကြိုးစားနေတာဖြစ်ပါတယ်။

လက်တွေ့အခြေအနေမှာ ရခိုင်ပြည်နယ်တခုလုံးနီးပါးကို အာရက္ခတပ်တော် AA က စစ်ရေးအသာစီးယူ ထိန်းချုပ်ထားပြီး နိုင်ငံတကာကစောင့်ကြည့်နေတဲ့ ရိုဟင်ဂျာလူမျိုးတုန်းသတ်ဖြတ်မှုအရေးဟာလည်း ရခိုင်ပြည်နယ်ကို အခြေပြုနေတာပါ။

ICJ စီရင်ချက်ကို မသိကျိုးကျွံပြုပြီး စစ်အာဏာရှင်နဲ့ဆက်ဆံနေပေမဲ့ တကယ့်အခြေအနေမှာတော့ ပင်လယ်ရေလမ်းထွက်ပေါက်ရဖို့ရည်ရွယ်ထားတဲ့ ရခိုင်ပြည်နယ်တည်ငြိမ်ရေးဟာ တရုတ်အစိုးရရဲ့ ဗျူဟာမြောက်ပိုးလမ်းမစီမံကိန်း အကောင်အထည်ပေါ်ရေးနဲ့ တိုက်ရိုက်အချိုးကျနေတာ ဖြစ်ပါတယ်။

ဗြိတိန်အခြေစိုက် မြန်မာ-ရိုဟင်ဂျာအဖွဲ့ BROUK က ဦးထွန်းခင် “တရုတ်ကတော့ လောလောဆယ်တော့ အကာအကွယ်ပေးပေမဲ့ ဒီနေရာမှာ တရားရုံးဆုံးဖြတ်ချက် အကြီးတခုဆိုတော့ ဒါကို တရုတ်အနေနဲ့ဆန့်ကျင်ဖို့ ခက်သွားလိမ့်မယ်။ ဒါပေမဲ့လည်း ကျနော်တို့ စောင့်ကြည့်ရတာပေါ့။ အာဆီယံနဲ့တော့ ဘာမှလုပ်လို့မရဘူး။ ကျနော်တို့ကတော့ ပြင်းပြင်းထန်ထန်အရေးယူမဲ့ လုံခြုံရေးကောင်စီကနေဖြစ်ဖြစ် တခြားဥရောပနိုင်ငံတွေကနေဖြစ်ဖြစ်  အဲဒီလိုလုပ်မှပဲရမယ်။ ယူအက်စ်၊ ယူကေပေါ့ ဒီနိုင်ငံတွေပါဝင်ဖို့လိုတယ်။ ကျနော်တို့ ယူကေကို တောက်လျှောက်တွန်းနေတာပေါ့နော်။ လုံခြုရေးကောင်စီမှာထိုင်ပြီးတော့ မြန်မာနိုင်ငံကို အရေးယူဖို့ပေါ့နော်။ အထူးသဖြင့် ဂျက်လေယာဉ်ဆီဖြတ်တောက်မှုတွေလုပ်ဖို့၊ တခြားသော ဆန်ရှင်တွေလုပ်ဖို့၊ စစ်တပ်ကိုအသိအမှတ်မပြုဖို့၊ ရိုဟင်ဂျာတွေကို လူသားစာနာတဲ့ အထောက်အပံ့တွေမြှင့်တင်ပေးဖို့ တခြားနိုင်ငံ ၁၁ နိုင်ငံပူးပေါင်းပြီးပါလာတာကို လုပ်ဖို့လည်း ပြောနေပါတယ်။ ဂမ်ဘီယာနဲ့အတူ ယူကေ၊ ပြင်သစ်၊ ဂျာမနီ၊ နယ်သာလန်၊ ကနေဒါ၊ ဒိန်းမတ်၊ ဘယ်လ်ဂျီယံ၊ ဆလိုဗေးနီးယား၊ မော်လ်ဒိုက်၊ အိုင်ယာလန် ဒီလိုနိုင်ငံတွေ တောက်လျှောက်ရှိနေတယ်။ ဒီနိုင်ငံတွေ သပ်သပ်ပူးပေါင်းပြီး အရေးယူမှုတခုတော့လိုတယ်။ တဘက်မှာ လုံခြုံရေးကောင်စီလိုတယ်။ နောက်တဘက်မှာ OIC လို့ခေါ်တဲ့ အရှေ့အလယ်ပိုင်းကနိုင်ငံတွေပါ ပူးပေါင်းပြီးလုပ်ဖို့လိုတယ်ပေါ့” လို့ ပြောပါတယ်။

ကုန်စည်ပြပွဲမှာ တရုတ်လုပ်ငန်းရှင် ၁,၀၀၀ ကျော်က လျှပ်စစ်နဲ့နည်းပညာဆိုင်ရာ ပြခန်းတွေပြသသွားမှာဖြစ်ပြီး မြန်မာဘက်ကတော့ ကချင်ပြည်နယ်က သဘာဝသယံဇာတတွေအပါအဝင် တိုင်းနဲ့ပြည်နယ်အသီးသီးက ထုတ်ကုန်တွေကို ပြသမယ်လို့ ဆိုပါတယ်။

တရုတ်ရဲ့စက်မှုမူဝါဒမှာ မြန်မာနိုင်ငံကထွက်တဲ့ မြေရှားအပါအဝင် သတ္တုကုန်ကြမ်းတွေဟာ အရေးပါတဲ့ အခန်းကဏ္ဍမှာရှိနေပြီး တရုတ်အစိုးရက စက်မှုမူဝါဒ ကုန်ကြမ်းထောက်ပံ့ရေးကွင်းဆက်ကို ကာကွယ်ချင်တဲ့ အခြေအနေလည်းရှိနေတာပါ။ 

မြေရှားထွက်တဲ့ ကချင်ပြည်နယ်ကို နှစ်နိုင်ငံကုန်သွယ်ရေးမူဘောင်တွေထဲကို ဆွဲသွင်းလိုက်တဲ့နည်းလမ်းနဲ့  ဒေသငြိမ်ဝပ်ရေးကို နှစ်နိုင်ငံအရှိန်နဲ့ ဖိအားပေးဆောင်ရွက်ဖို့ ကြံရွယ်ရာလည်း သက်ရောက်နေတာ ဖြစ်ပါတယ်။

တရုတ်ရဲ့စီမံကိန်း၊ ရင်းနှီးမြှုပ်နှံမှုနဲ့ ကုန်သွယ်ရေးတွေကို မြန်မာစစ်တပ်က အသက်ဆက်ဖို့မှီခိုနေရပြီး ရေတိုဘဏ္ဏာရေးရှင်သန်ဖို့၊ သံတမန်ရေးအသက်ရှုပေါက်ရဖို့၊ ရေရှည်ဗျူဟာမြောက် နိုင်ငံရေးလုပ်ပိုင်ခွင့်အာဏာရရှိဖို့အတွက် သယံဇာတတွေကို တရုတ်အစိုးရအလိုကျ မြန်မာစစ်အာဏာရှင်က စီမံခွင့်ပေးနေရတာဖြစ်ပါတယ်။ 

Photo : MRTV

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013