တရုတ်သို့ ထောပတ်သီးပို့ရန် မူအားဖြင့် သဘောတူထားပြီး ရာသီချိန်မီရန်လိုအပ်

မြန်မာပြည်မှာ စိုက်ပျိုးထွက်ရှိတဲ့ ထောပတ်သီးတွေကို တရုတ်နိုင်ငံဆီ တရားဝင်တင်ပို့ဖို့ မူအားဖြင့် သဘောတူထားပေမဲ့ ရာသီချိန်အမီ တင်ပို့နိုင်ဖို့လိုအပ်တယ်လို့ ထောပတ်သီးစိုက်တောင်သူတွေက ပြောပါတယ်။
ထောပတ်သီးတွေကို တရားဝင်တင်ပို့နိုင်ဖို့အတွက် လိုအပ်တာတွေကို ပြင်ဆင်ဆောင်ရွက်ရာမှာ ထောပတ်သီးထွက်ရှိတဲ့ ရာသီချိန်မီဖို့လိုပြီး မမီဘူးဆိုရင် တောင်သူတွေ အရှုံးများနိုင်တယ်လို့ သိရပါတယ်။
တောင်ကြီးမြို့က ထောပတ်သီးစိုက်တောင်သူတယောက်က “မူကြမ်းအားဖြင့် သဘောတူ လက်မှတ်ရေးထိုးထားပြီးပြီ။ ဒါပေမဲ့ လိုတဲ့အချက်အလက်တွေကို ပြင်ဆင်နေတယ်ပေါ့။ ဒီနှစ်ရာသီမှာ အမီတင်ပို့ခွင့်ရရင်တော့ မဆိုးဘူးပေါ့။ အခုက ပြည်ပအဝယ် မရှိဘူးလေ။ ပြည်ပအဝယ်မရှိတော့ တောင်သူတွေက ရှုံးတာပေါ့။ ပြည်တွင်းဈေးကွက်က အဲဒီလောက် အဝယ်မရှိဘူး။ အဓိက ပြည်ပကို အားကိုးရတာ။ ဒီနှစ်တော့ အရှုံးကြီး ရှုံးမဲ့နှစ်ပဲ” လို့ ပြောပါတယ်။
အခုနှစ်ရာသီမှာ ထိုင်းနိုင်ငံဘက်က တင်ပို့ခွင့်ပိတ်ပင်မှုကြောင့် ပြည်တွင်းဈေးကျပြီး တောင်သူတွေ ဆုံးရှုံးခဲ့ပေမဲ့ ကျန်ရှိရာသီချိန်မှာ ပြန်လည်တင်ပို့နိုင်ဖို့ ဆွေးနွေးနေတာ ဖြစ်ပါတယ်။
လက်ရှိမှာ မြန်မာ့ထောပတ်သီးတွေကို တရုတ်နိုင်ငံ အကောက်ခွန် အထွေထွေအုပ်ချုပ်မှု အာဏာပိုင်အဖွဲ့ (GACC) သတ်မှတ်ချက်တွေနဲ့အညီ တရားဝင်စတင်တင်ပို့နိုင်ဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။
ထောပတ်သီး စတင်ထွက်ရှိတဲ့ ပြီးခဲ့တဲ့ အောက်တိုဘာလက ထောပတ်သီးတပိဿာကို ကျပ် ၇၀၀ ဝန်းကျင်ပဲ ဈေးရရှိခဲ့ပြီး၊ နိုဝင်ဘာလမှာတော့ တပိဿာကို ကျပ် ၉၀ဝ ကနေ ၁,၁၀၀ ဝန်းကျင် ဈေးရနေပါတယ်။
မြန်မာ့ထောပတ်သီးတွေကို ပြည်တွင်းထက် ပြည်ပဈေးကွက်ကို အဓိကမှီခိုနေရတာဖြစ်ပြီး ပြည်ပဈေးကွက်ပွင့်လာရင် တင်ပို့မှုကနေ တနှစ်ကို အမေရိကန်ဒေါ်လာ သန်း ၁၀၀ အထက် ရရှိနိုင်တယ်လို့လည်း မြန်မာနိုင်ငံ ထောပတ်သီးစိုက်ပျိုး ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း တာဝန်ရှိသူတယောက်က ပြောထားပါတယ်။
မြန်မာနိုင်ငံမှာ တနှစ်ကို ထောပတ်သီး တန်ချိန် ၂ သောင်းကျော်ကနေ ၃ သောင်းလောက်ထွက်ပေမဲ့ ပြည်တွင်းစားသုံးမှုက တန်ချိန် ၅,၀၀၀ လောက်ပဲရှိတာကြောင့် ပြည်ပဈေးကွက်ကို အဓိကအားထားနေရတာ ဖြစ်တယ်လို့ သိရပါတယ်။
Photo : MOI











