
ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်မှာ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ထုကို စစ်အာဏာရှင်တပ်က အဓမ္မဖြိုချ ဖျက်ဆီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မအူပင်မြို့နယ်၊ လယ်ကိုင်းကျေးရွာမှာ အရပ်သားတွေရဲ့ သဘောထားဆန္ဒနဲ့အညီ စိုက်ထူဂုဏ်ပြုထားတဲ့ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တုကို စစ်အာဏာရှင်တပ်နဲ့အဖွဲ့က ဇွန် ၃၀ ရက် ည ၁၂ နာရီဝန်းကျင်မှာ ဖျက်ဆီးဖယ်ရှားသွားတာလို့ ဆိုပါတယ်။
မအူပင်မြို့ခံတယောက်က “လွတ်လပ်ရေးဖခင်ဖြစ်လို့ စိုက်ထူဂုဏ်ပြုထားတာ။ သူတို့နဲ့ ဘာဆိုင်လဲ။ ဗိုလ်ချုပ်က တိုင်းပြည်ကို ကာကွယ်ခဲ့သူပါ။ အခု ဗိုလ်ချုပ်ရုပ်တုက သူတို့(စစ်အာဏာရှင်)ကို ဘာလုပ်နိုင်လဲ။ အတွင်းစိတ်မကောင်းတာ ပေါ်လွင်တာပေါ့။ နီးရာဓား ကြောက်နေရတော့ ငြိမ်နေရတယ်” လို့ ပြောပါတယ်။
ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တုကို စစ်အာဏာရှင်တပ်နဲ့အဖွဲ့ဟာ ညဘက်မှာ ဘူဒိုဇာနဲ့ လာရောက်ဖျက်ဆီး သယ်ယူသွားတယ်လို့ သိရပါတယ်။
ဇူလိုင် ၂ ရက်ကလည်း ကျုံပျော်မြို့၊ အောင်ဆန်းရပ်ကွက်က ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တုကို စစ်အာဏာရှင်တပ်နဲ့အဖွဲ့က မနက်အရုဏ်တက်အချိန်မှာ ဖျက်ဆီးဖြိုချခဲ့သေးတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၅ နိုဝင်ဘာလတုန်းကလည်း ဧရာဝတီတိုင်း၊ ပုသိမ်မြို့က ဗိုလ်ချုပ်ရုပ်တုကို စစ်ကောင်စီတပ်က ဖျက်ဆီးဖယ်ရှားခဲ့ပါသေးတယ်။











