DVB Logo
Home
ငြိမ်းချမ်းရေး/စစ်ရေး
အေအေ သိမ်းပိုက်လိုက်သည့် ပလက်ဝဒေသ ဘယ်လောက်အရေးပါသလဲ
DVB
·
January 16, 2024
အေအေ သိမ်းပိုက်လိုက်သည့် ပလက်ဝဒေသ ဘယ်လောက်အရေးပါသလဲ
Donate to DVB

ချင်းပြည်နယ်၊ ပလက်ဝဒေသတခုလုံးကို ရက္ခိုင့်တပ်တော်(အေ‌အေ) တပ်ဖွဲ့တွေက ၂ လဝန်းကျင်ကြာ တိုက်ခိုက် သိမ်းပိုက်လိုက်ပြီးတဲ့နောက် စစ်ကောင်စီတွေ လုံးဝမရှိတော့ဘဲ စစ်ကောင်စီကင်းစင်တဲ့ လွတ်မြောက်နယ်မြေအဖြစ် အေအေက ကြေညာနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

စစ်ကောင်စီ တပ်စွဲထားတဲ့ ထရွန်အိုင်နဲ့  နှုံးဘူးဗျူဟာကို အေအေတပ်တွေက နိုဝင်ဘာ ၁၃ ရက်မှာ စတင်တိုက်ခိုက်ခဲ့ပြီး နောက်ဆုံးကျန်ရှိတဲ့ နှမဒါဗျူဟာစခန်းကိုတော့ ဇန်နဝါရီ ၁၄ ရက် နေ့လယ် ၃ နာရီမှာ သိမ်းယူပြီးနောက် အခုလို ကြေညာခဲ့တာ ဖြစ်ပါတယ်။

ပလက်ဝဒေသတစ်ခုလုံးကို အမိန့်ပေးကွပ်ကဲနေတဲ့ အဓိကအကြီးဆုံးဗျူဟာကုန်းဖြစ်တဲ့ ခလရ ၂၈၉ တပ်ရင်း ဌာနချုပ်ကိုတော့ ဇန်နဝါရီ ၁၀ ရက်မှာ ရှင်းလင်းနိုင်ခဲ့တာလို့ ဆိုပါတယ်။

အဲဒီဌာနချုပ်ဟာ ပလက်ဝဒေသတစ်ခုလုံးနှင့် အိန္ဒိယ-ဘင်္ဂလားဒေ့ရှ်-မြန်မာ (ပလက်ဝ) သုံးနိုင်ငံ နယ်စပ်အထိ သူတို့ရဲ့ စစ်ကောင်စီစခန်းတွေကို ထောက်ပို့ပေးနေတဲ့ ဗျူဟာကုန်းကြီးလည်း ဖြစ်ပါတယ်။

၂၀၁၉ လောက်ကတည်းက ပလက်ဝမြောက်ခြမ်းကို အေအေက တိုက်ခိုက်ခဲ့ဖူးပေမဲ့ မအောင်မြင်ခဲ့ဘဲ အခု ၂၀၂၄ ခုနှစ်ကျမှ ထိန်းလိုက်နိုင်တာလို့ CDM ဗိုလ်ကြီးဇင်ယော်က မှတ်ချက်ပြုပါတယ်။

ဗိုလ်ကြီးဇင်ယော်က “အဲဒီရသွားတာ ဘယ်လိုအရေးပါလဲဆိုတော့ အရင်က အေအေက လူသူ၊ လက်နက်ဖြည့်တင်းတာတို့၊ လက်နက်တွေ၊ အဓိကလက်နက်ခဲယမ်းဖြည့်တင်းတဲ့ နေရာမှာ အိန္ဒိယဘက်ကနေ၊ မီဇိုရမ်ဘက်ကနေ၊ ဘင်္ဂလားဒေ့ရှ်ဘက်ကနေ ဝင်ပြီးတော့ လုပ်နေရတဲ့အ နေအထားပေါ့နော်။ အခု ပလက်ဝကို ရလိုက်ပြီဆိုတော့ ချင်းဘက်၊ မ‌ကွေးဘက်၊ စစ်ကိုင်းဘက်ကနေ တောက်လျှောက် ပြည်တွင်းကနေပဲ သူတို့ သယ်ယူပို့ဆောင်မှု လုပ်လာနိုင်တယ်ပေါ့နော်။ အဲလောက်အထိပေါ့နော်။ သူတို့ရဲ့ ဆက်သွယ်ထောက်ပံ့မှု လမ်းကြောင်း ကောင်းသွားပြီ။ ကောင်းသွားပြီဆိုတော့ ရခိုင်မှာ၊ ပလက်ဝမှာ အခြေကုပ်ယူပြီးတော့ ဒါ စစ်မျက်နှာပြင်တွေ ပိုပြီးတော့ဖွင့်လာနိုင်တယ်”လို့ ပြောပါတယ်။

နယ်မြေအနေအထားအရဆိုရင် ပလက်ဝဒေသရဲ့ အရှေ့ဘက်မှာ ကန်ပက်လက်နဲ့ မတူပီတို့ တည်ရှိသလို အနောက်ဘက်မှာတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ ဘူးသီးတောင်မြို့တို့ ရှိနေပါတယ်။

တောင်ဘက်မှာဆိုရင် ကျောက်တော်၊ မြောက်ဦးနဲ့ မင်းပြားမြို့နယ်တို့ရှိပြီး မြောက်ဘက်မှာ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်တို့ ရှိနေပြန်ပါတယ်။

ဒါ့အပြင် ကုလားတန်မြစ်ဝှမ်းစီမံကိန်းလည်းရှိနေတာကြောင့် အိန္ဒိယအစိုးရအနေနဲ့ ဒီစီမံကိန်းကို ရှေ့ဆက်မယ်ဆိုရင် အေအေနဲ့ ညှိနှိုင်းရမယ့်အနေအထားကို ရောက်ရှိသွားပြီလို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောပါတယ်။

“အိန္ဒိယပြည်နဲ့ မြန်မာပြည်ဆက်သွယ်ရေးလမ်းကြောင်းမှာ အရေးကြီးတဲ့ စီးပွားရေး လမ်းကြောင်းကြီးတစ်ခုလုံးကို သူက လွှမ်းမိုးထားနိုင်တဲ့ အခြေအနေရှိတာပေါ့။ အဲဒါကြောင့်လည်း သူတို့ ပလက်ဝမြို့နယ်ထဲမှာရှိနေတဲ့ စစ်စခန်းတွေကို အဓိကအားဖြင့် လွှမ်းမိုးချုပ်ကိုင်နိုင်အောင် ကြိုးစားနေရတဲ့အနေအထား ဖြစ်ပါတယ်။ အခုကတော့ အဲဒီစခန်းတွေအားလုံးမှာ အေအေက လွှမ်းမိုးထားပြီဆိုတော့ အိန္ဒိယ-မြန်မာ ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းအတွက် အရေးကြီးတဲ့ မဟာဗျူဟာလမ်းကြောင်းတခုလုံးကို အေအေက ရရှိသွားပြီလို့ ကျနော်တို့ ပြောနိုင်တဲ့ အနေအထား ဖြစ်ပါတယ်။”

ဒီကိစ္စတွေနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာမရှိသေးသလို  အေအေ ပြောခွင့်ရသူကိုရော  ချင်းအမျိုးသားတပ်မတော် CNF ပြောခွင့်ရသူတွေဆီပါ  ဒီဗွီဘီက ဖုန်းနဲ့ဆက်သွယ်ပေမယ့် ပြန်လည်ဖြေကြားတာ မရှိသေးပါဘူး။

ပလက်ဝဒေသခံ နိုင်ငံရေးသမားတစ်ယောက်ကတော့ ပလက်ဝဒေသဟာ အားလုံးအတွက် အရေးပါကြောင်း ပြောပါတယ်။

“အခုတော်လှန်ရေးနဲ့ ဖွံ့ဖြိုးရေးလုပ်တဲ့အချိန်မှာဆိုရင် ပလက်ဝဟာ ပင်လယ်ထွက်ပေါက် ရေလမ်းကြောင်း ဖြစ်တယ်။ ကျနော်တို့ ချင်းပြည်နယ်မှာဆိုရင် တခုတည်းသော ရေကြောင်းလိုင်းလည်း ဖြစ်တယ်ဆိုတဲ့ဟာတွေ အများကြီးရှိတာပေါ့။ စီးပွားရေးအရရော၊ လူနေမှုအရရော ကျနော်တို့ရဲ့ ပြောမယ်ဆိုရင်  အခုနပြောသလို ထိုးစစ်ဆင်မှုအရရော အရေးပါတဲ့နေရာမှာ ရှိမှာပါ။ တော်လှန်ရေးကာလမှာ ဆိုရင်တော့။ ချင်းပြည်နယ် မြို့နယ်အားလုံးက အတူတူပါပဲ။”

အေအေက သိမ်းပိုက်ခဲ့ပြီးနောက်ပိုင်း ဇန်နဝါရီ ၁၅ ရက်မှာတော့ ပလက်ဝမြို့ဝန်းကျင်ကို စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်လို့ အသက် ၅ နှစ်အရွယ် ကလေးငယ် ၁ ယောက်အပါအဝင် ပြည်သူ ၃ ယောက် ဗုံးစထိမှန်သေဆုံးခဲ့ရပြီး တခြားအမျိုးသမီး ၂ ယောက်လည်း ဒဏ်ရာပြင်းပြင်းထန်ထန် ရရှိခဲ့တယ်လို့ ညီနောင် ၃ ဖွဲ့က ထုတ်ပြန်ပါတယ်။

ဒါ့အပြင် ပလက်ဝဒေသမှာ စစ်ဆင်ရေးစတင်ချိန်ကစလို့ ဇန်နဝါရီလဆန်းအထိဆိုရင် စစ်ဘေးရှောင် ၄၀,၀၀၀ ကျော်အထိ ရှိလာခဲ့ပြီး အရေးပေါ်အကူအညီတွေလိုအပ်နေတယ်လို့ ကူညီပေးနေသူတွေကပြောကြပါတယ်။

ဒါပေမဲ့ ဆက်သွယ်ရေးလိုင်းအခက်အခဲကြောင့် အရပ်သားထိခိုက်မှု စာရင်းအတိအကျကို အတည်မပြုနိုင်သေးဘဲ ဆမီးမြို့ဝန်းကျင်မှာလည်း ပစ်ခတ်မှုတွေဆက်ရှိနေကြောင်း ပြောပါတယ်။ 

စိုးသူအောင်

PHOTO-AA 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013