DVB Logo
Home
မြန်မာသတင်း
ပလက်ဝ ဒေသတစ်ခုလုံးကို သိမ်းပိုက်ထိန်းချုပ်နိုင်ပြီဟု အေအေ ကြေညာ
DVB
·
January 15, 2024
ပလက်ဝ ဒေသတစ်ခုလုံးကို သိမ်းပိုက်ထိန်းချုပ်နိုင်ပြီဟု အေအေ ကြေညာ
1 / 8
Donate to DVB

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ပလက်ဝဒေသတစ်ခုလုံးရှိ စစ်ကောင်စီတပ်စခန်းတွေအားလုံး တစ်ခုမကျန်၊ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တစ်ယောက်မကျန်အောင် ထိုးစစ်ဆင် တိုက်ခိုက်ပြီး နောက် ပလက်ဝဒေသတစ်ခုလုံးကို သိမ်းပိုက်ထိန်းချုပ်လိုက်ပြီလို့ အေအေက ဇန်နဝါရီ ၁၄ မှာ ကြေညာပါတယ်။

ပလက်ဝဒေသမှာ နောက်ဆုံးကျန်ရှိတဲ့ နှမဒါဗျူဟာစခန်းကိုမနေ့ နေ့လယ် ၃ နာရီမှာ အေအေတပ်တွေက တိုက်ခိုက်သိမ်းပိုက်ပြီးနောက်ပိုင်း ပလက်ဝဒေသတစ်ခုလုံး စစ်ကောင်စီ ကင်းစင်တဲ့ ဒေသဖြစ်လာခဲ့ပြီလို့ အေအေက ကြေညာလိုက်တာပါ။

ပလက်ဝမြို့နယ်ရှိ အဓိကအကြီးဆုံးဗျူဟာကုန်းဖြစ်တဲ့ လခရ ၂၈၉ တပ်ရင်းကိုတော့  ဇန်နဝါရီ ၁၀ ရက်မှာ အေအေက အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီး တပ်ရင်းဗျူဟာကုန်းကနေ လက်နက်ခဲယမ်းနဲ့ စစ်အသုံးအဆောင်ပစ္စည်းအမြောက်အမြားတို့ကို သိမ်းဆည်းရမိခဲ့ပါတယ်။

ခလရ (၂၈၉) တပ်ရင်းဌာနချုပ်ဟာ ပလက်ဝဒေသတစ်ခုလုံးရှိ စစ်ကောင်စီတ တပ်စခန်းအားလုံးကို စီမံခန့်ခွဲပြီး အမိန့်ပေးကွပ်ကဲနေတဲ့ အဓိကတပ်မဌာနချုပ်တစ်ခုဖြစ်ပြီး တပ်မမှူးတွေ ပူးတွဲကြီးကြပ်ကွပ်ကဲနေတဲ့  စစ်ဗျူဟာကုန်းကြီးလည်း ဖြစ်ပါတယ်။

ဒ့ါအပြင် ပလက်ဝဒေသတစ်ခုလုံးနဲ့ အိန္ဒိယ-ဘင်္ဂလားဒေ့ရှ်-မြန်မာ (ပလက်ဝ) သုံးနိုင်ငံ နယ်စပ်အထိ စစ်ကောင်စီရဲ့ စစ်စခန်းတွေကို ထောက်ပို့ပေးနေတဲ့ ထောက်ပို့ဗျူဟာကုန်းကြီးလည်း ဖြစ်ပါတယ်။

ပလက်ဝမြို့နယ် တစ်ခုလုံးကို သိမ်းပိုက်ရရှိခဲ့တာဟာ အာရက္ခစစ်သည်တော်တွေရဲ့ ထိုက်သင့်တဲ့ ပေးဆပ်မှု၊ စွန့်လွှတ်စွန့်စားတဲ့ စစ်သည်တော်တွေရဲ့ သတ္တိပြောင်မြောက်စွာ တိုက်ပွဲဝင်နိုင်မှု၊ စစ်ဒေသအချင်းချင်း ချိတ်ဆက်တိုက်ပွဲဝင်နိုင်မှု‌ စတာတွေကြောင့်ဖြစ်တယ်လို့ အေအေက ဆိုထားပါတယ်။

ပလက်ဝကို ထိန်းချုပ်နိုင်ပြီဆိုပေမဲ့ တိုက်ပွဲတွေအတွင်း တစ်ယောက်ချင်း ဒါမှမဟုတ် အုပ်စုလိုက် ထွက်ပြေးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို အေအေက လိုက်လံတိုက်ခိုက်နေပြီး ပြည်သူတွေ သတိထားသွားလာကြဖို့ သတိပေးထားပါတယ်။

အဆိုပါ တိုက်ပွဲတွေမှာ နှစ်ဖက်တပ်တွေ ထိခိုက်ဒဏ်ရာရ ကျဆုံးတဲ့ အခြေအနေကို မသိရသေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်တာ မရှိပါဘူး။ 

ပလက်ဝဒေသမှာ စစ်ဆင်ရေးစတင်ချိန်ကနေ ဇန်နဝါရီလဆန်းအထိ နေရပ်စွန့်ခွါထွက်ပြေးရသူ ၄၀,၀၀၀ ကျော်ရှိနေပြီလို့လည်း စစ်ဘေးရှောင်အကူအညီပေးနေသူတွေက ပြောပါတယ်။

ပလက်ဝဒေသခံတစ်ဦးက “၂၀၂၃ ဒီဇင်ဘာလကစပြီး တိုက်ပွဲတွေဖြစ်တော့ တောက်လျှောက်ပေါ့။ နှစ်သစ်ကူး နောက်ပိုင်းအထိ ဒီနေ့အချိန်ထိပေါ့၊ တိုက်ပွဲကတော့ ခဏငြိမ်နေပေမယ့် ပြည်သူတွေက မပြန်ရဲသေးဘဲ တိမ်းရှောင်နေတော့ မြို့ပေါ်မှာ လူမရှိတဲ့အနေအထားပေါ့” လို့ ပြောပါတယ်။

ပလက်ဝမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းတွေကို အေအေက နိုဝင်ဘာလ ၁၃ ရက်ကတည်းက တရွန်အိုင်ဗျူဟာကုန်းနဲ့ နှုံးဘူးဗျူဟာကုန်းတို့ကို စတင်ထိုးစစ်ဆင်တိုက်ခဲ့ပြီးနောက် စစ်ကောင်စီရဲ့ ဗျူဟာကုန်း တပ်စခန်းတွေကို တခုပြီးတစ်ခု သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013