
စစ်အာဏာရှင်တပ်က အင်အားထပ်ဖြည့်ပြီး ထိုးစစ်ဆင်လို့ ချင်းနဲ့ ယောအစပ်က ၄ နေရာမှာ စစ်ရေးတင်းမာနေပါတယ်။
ဒါ့အပြင် စစ်တပ်က ကျောက်ထုနဲ့ ထီးလင်းကြားက ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့နယ်ရှိ ရွှေအောင်သာရွာကို ဝင်ရောက်နိုင်တဲ့အတွက် ယော၊ ချင်းနဲ့ ရခိုင်ကြားက ကုန်သွယ်ရေးလမ်းကြောင်းကို ပိတ်ဆို့လိုက်နိုင်ပြီလို့ ယူဆရတဲ့အကြောင်း လေ့လာသူတွေက ပြောပါတယ်။
ချင်းပြည်နယ်တောင်ပိုင်းက မင်းတပ်မြို့ကို မေလကတည်းက ထိုးစစ်ဆင်နေတဲ့ စစ်အာဏာရှင်တပ်ဟာ လမ်းခုလတ်မှာတင် ပြန်လန်ကျခဲ့ပြီးနောက် ချင်းနဲ့ ယောနယ်အစပ်က ကံကြီး၊ ရေရှင်နဲ့ ကျောက်တောင်ရွာတွေဘက်မှာ ရှေ့တန်းခြေကုပ်ယူထားခဲ့တာပါ။
နိုဝင်ဘာလဆန်းပိုင်းမှာတော့ ပေါက်မြို့နယ် ကပစ ၂၄ ကနေ နောက်ထပ် အင်အားအလုံးအရင်း ထပ်မံပို့ဆောင်ပြီး ကန်ပက်လက်နယ်စပ် မင်းတပ်အတက်လမ်း ကျောက်တောင်လမ်းခွဲဘက်ကို အင်အား ၄၀၀ နဲ့ စတင် စစ်ရေးလှုပ်ရှားလာသလို ရွှေအောင်သာရွာဘက်ကိုလည်း ဝင်ရောက် တပ်စွဲလာတာ ဖြစ်ပါတယ်။
စစ်အာဏာရှင်တပ်ရဲ့ အင်အားဖြည့်တင်းမှုနဲ့ စစ်ရေးလှုပ်ရှားနေတဲ့ အခြေအနေနဲ့ပတ်သက်ပြီး တော်လှန်ရေးတပ်နဲ့ အဆက်သွယ်ရှိတဲ့ ယောဒေသခံ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
“ကပစ ၂၄ ကနေမှ ပို့တာက ၂ ရက်နေ့မှာ ထွက်ခဲ့တာ။ ၅ ရက်နေ့မှာ ကျောက်ထုကိုဝင်တယ်။ အဲဒါက အင်အား ၆၀၀။ အဲဒီအင်အား ၆၀၀ က အခုလက်ရှိ ရွှေအောင်သာမှာ ၁၀၀ ထိုင်ထားတယ်။ ကျန်တဲ့အင်အား ၅၀၀ က မင်းတပ်ကို ပို့မှာ။ ကြီးရွာမှာကလည်း အင်အားက ၁၅၀ ကနေ ၂၀၀ ကြားမှာ ရှိတယ်ဗျ။ အဲမှာပဲ ဆက်လက်ရှိနေသေးတယ်။ အခြေအနေအရ သူတို့က ကျင်ဒွေးဘက်ကိုလည်း တက်နေတယ်ဆိုတော့ ချင်းတောင်ပိုင်းကို အပြည့်အဝ ထိန်းချုပ်ဖို့ လုပ်နေတယ်ပေါ့ဗျာ။ အဲတော့ တောင်ခြေတွေကို အကုန်လုံး ဝိုင်းဝန်း ပိတ်ဆို့ထားနိုင်တဲ့ အခြေအနေ ဖြစ်ပြီပေါ့။ ဘာကြောင့်လဲဆိုတော့ ရွှေအောင်သာကို သူတို့ရလိုက်တဲ့အတွက်။”
၅ လဝန်းကျင်ကြာ တိုက်ပွဲပြင်းထန်ခဲ့ပြီး လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ရှိနေတဲ့ ကြီးရွာ စစ်မျက်နှာကနေ တော်လှန်ရေးတပ်ဖွဲ့တွေ ယာယီခွာပေးလိုက်တဲ့အတွက် နိုဝင်ဘာ ၇ ရက်မှာ စစ်တပ်က ၁၀ မိုင်ခန့်ဝေးတဲ့ ရွှေအောင်သာရွာကို ရောက်ရှိလာခဲ့တာပါ။
လက်ရှိမှာတော့ ကန်ပက်လက်-ဆောကြား၊ ကြီး-ရွှေအောင်သာကြား၊ ကျင်ဒွေးဘက်နဲ့ မင်းတပ်အတက်လမ်း ဝါးဘိုးတောင်ခြေအနီးတဝိုက်တွေမှာ နှစ်ဖက် စစ်ရေးတင်းမာနေပြီး အချိန်မရွေး တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားနိုင်တဲ့ အခြေအနေ ရှိနေတယ်လို့ ဆိုပါတယ်။
ရွှေအောင်သာရွာကို စစ်တပ်က ဝင်ရောက်ထိန်းချုပ်လိုက်နိုင်တဲ့အပေါ် စစ်ရေးလေ့လာသူ CDM ဗိုလ်ကြီး ကိုဇင်ယော်က “အဲဒီနေရာက ကျနော်တို့ မကွေး၊ ချင်းတောင်ပိုင်း၊ ချင်းတောင်ပိုင်းရော၊ ချင်းမြောက်ပိုင်းရော ပေါ့နော်၊ အဓိကကတော့ ချင်းတောင်ပိုင်းပေါ့၊ ပြီးရင် စစ်ကိုင်း၊ အဲဒီကနေ ကျနော်တို့ ကုန်စည်တွေ ကျနော်တို့ ဒါ ရိက္ခာတွေ၊ ဆေးဝါးတွေပေါ့နော် ဝင်နေတဲ့လမ်း။ အဲဒီတော့ ပြောရမယ်ဆိုရင် အခု ရခိုင်နဲ့ ချင်းတောင်ပိုင်းကို စစ်တပ်က ပိတ်ဆို့နေတဲ့ နေရာမှာပေါ့နော် အကုန်လုံး တော်တော်များများ ဒါ နေရာတော်တော်များများမှာ ပိတ်ဆို့ပြီးသား ဖြစ်သွားပြီ”လို့ ပြောပါတယ်။
အခုလို ရွှေအောင်သာရွာအထိ စစ်တပ်က ရောက်ရှိလာတဲ့အတွက် ယောတောင်ပိုင်းကို စိုးမိုးသွားလာနိုင်ခြေ ရှိတယ်လို့ စစ်ရေးလေ့လာသူက ထောက်ပြပါတယ်။
တဖက်မှာလည်း တိုက်ပွဲနဲ့ စစ်ရေးတင်းမာမှုတွေကြောင့် ဆော၊ တပြင်းနဲ့ ကျောက်ထု-ထီးလင်း ဝန်းကျင်က ဒေသခံ ထောင်နဲ့ချီ စစ်ရှောင်နေရပြီး လမ်းပန်းဆက်သွယ်ရေး ခက်ခဲတာကြောင့် ကုန်ဈေးနှုန်းတွေ မြင့်တက်နေတယ်လို့ ယောဒေသခံ လူသားစာနာတာဝန်ခံက ကိုမိုးနေက ပြောပါတယ်။
“ကုန်စည်စီးဆင်းမှု အရမ်းပြတ်တယ်။ ပြီးတော့ ဈေးနှုန်းကတော့ အဆမတန် များတယ်ပေါ့။ စစ်ရှောင်တွေအနေနဲ့ စားဝတ်နေရေးဆိုလည်း တော်တော်ခက်တယ်ပေါ့။ တချို့ဆိုရင် စစ်ရှောင်လာတာ ၄ နှစ်ကျော်၊ ၅ နှစ်လောက် ဖြစ်လာတဲ့အလျောက် ကျနော်တို့ကိုယ်တိုင် ကွင်းဆင်းတာတွေ ရှိတယ်။ အဲဒါဆိုရင် တော်တော်လေးကို အဆင်မပြေ ဖြစ်လာတယ်ပေါ့နော်။ ဒါတွေလည်း ပြေလည်အောင်တော့ ကျနော်တို့ ဖြေရှင်းတော့ ဖြေရှင်းတာပဲ။ ဒါပေမဲ့ အလုံအလောက် ကျနော်တို့ မလုပ်ပေးနိုင်ဘူးပေါ့။ လတ်တလောအရဆို စစ်ရေးအရ ရွှေအောင်သာစစ်ရေးက ၅ လတာလောက် ကြာပြီဆိုတော့ စစ်ရှောင်က တော်တော်လေးတော့ များလာပြီပေါ့။ ဒါ ထီးလင်းနဲ့ ဆောမြို့နယ် ကျောက်ထုနဲ့ ပေါင်းမယ်ဆိုရင် အားလုံးပေါင်း ၁၀,၀၀၀ ကျော်သွားပြီပေါ့။”
ဒါ့အတူ စစ်ရှောင်တွေထဲ ရာသီဥတုကြောင့် ဖျားနာတာ၊ ဝမ်းပျက်ဝမ်းလျှောနဲ့ ငှက်ဖျားဖြစ်တာတွေလည်း ရှိနေပြီး တချို့စခန်းတွေမှာ အရေပြားရောဂါတွေ ဖြစ်ပွားနေတဲ့အကြောင်း သိရပါတယ်။
တဖက်မှာလည်း ယောနဲ့ ချင်းအစပ်က ဒေသတွေမှာ စစ်တပ်က အင်အားဖြည့်တာကြောင့် တိုက်ပွဲတွေ ဆက်လက်ပြင်းထန်လာနိုင်ဖွယ်လည်း ရှိနေပါတယ်။











