Home
မြန်မာသတင်း
ဖလမ်းမြို့အနောက်ဘက်ခြမ်းကို ချင်းကာကွယ်ရေးတပ်ဖွဲ့များ ထိန်းချုပ်ထား
DVB
·
November 15, 2023

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ သီးဘွာလ်ကျေးရွာက သီးဘွာလ်စစ်ကောင်စီတပ်စခန်းကို ချင်းအမျိုးသားကာကွယ်ရေးတပ် CNDF က သိမ်းပိုက်ပြီးနောက် ဖ လမ်းမြို့နယ် အနောက်ဘက်ခြမ်းကို ချင်းကာကွယ်​ရေးတပ်ဖွဲ့တွေက ထိန်းချုပ်လိုက်နိုင်ပြီလို့ CNDF တာဝန်ရှိသူက ပြောပါတယ်။

နိုဝင်ဘာ ၁၅ ရက် ဒီနေ့မနက်၄ နာရီက ဖလမ်းမြို့ သီးဘွာလ်စစ်ကောင်စီတပ်စခန်းကို CNDF က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် မနက် ၆ နာရီလောက်မှာ သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

သီးဘွာလ်စစ်ကောင်စီတပ်စခန်းဟာ စစ်သားအင်အား ၄၀ ခန့်ရှိပြီး ခလရ-၂၆၉ လက်အောက်ခံ တပ်စခန်းတခု ဖြစ်ပါတယ်။

တိုက်ပွဲအတွင်းမှာ စစ်ကောင်စီတပ်သား ၂ ဦးသေဆုံးပြီး ကျန်တဲ့သူတွေကတော့ ထွက်ပြေးလွတ်မြောက်သွားလို့ အခုထိ လိုက်လံရှာဖွေနေတယ်လို့ CNDF ဘက်က ပြောပါတယ်။

CNDF တာဝန်ရှိသူက “တိုက်ပွဲအတွင်း ပြေးသွားတဲ့ စစ်သားတွေကို အခုထိ လိုက်ရှာနေတုန်းပါပဲ။ CNA က နယ်စပ်မြို့ ရိဒ်စခန်းသိမ်းတာနဲ့ ကျနော်တို့ အခု သီးဘွာလ်စခန်းသိမ်းတာနဲ့ဆို ဖလမ်းအနောက်ပိုင်း တခုလုံးကို ကာကွယ်ရေးဘက်က ထိန်းထားလိုက်ပါပြီ” လို့ ပြောပါတယ်။

အိန္ဒိယ-မြန်မာ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းပေါ်က ဖလမ်းမြို့နယ် ရိဒ်ခေါဒါရ်မြို့ကို ချင်းအမျိုးသားတပ်ဦး CNF က ဦးဆောင်ပြီး ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က နိုဝင်ဘာ ၁၃ ရက် ညနေမှာ တိုက်ခိုက်သိမ်းပိုက်ခဲ့တာ ဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024