
ချင်းပြည်နယ်ရဲ့ ဒုတိယမြို့တော် ဖလမ်းမြို့ကို စစ်အာဏာရှင်တပ်က လေကြောင်းနဲ့ မြေပြင်အင်အား အလုံးအရင်းအသုံးပြုပြီး ၆ လကျော်ကြာ ထိုးစစ်ဆင်ခဲ့ပြီးနောက် ပြီးခဲ့တဲ့ ဧပြီ ၂၅ ရက်မှာ ပြန်လည် ထိန်းချုပ်လိုက်ပါတယ်။
ဖလမ်းမြို့ဟာ ချင်းပြည်နယ်ရဲ့ ဗျူဟာကျတဲ့ မြို့တမြို့ဖြစ်သလို အိန္ဒိယနယ်စပ်ကုန်သွယ်ရေး အတွက်လည်း အရေးပါတဲ့မြို့ ဖြစ်ပါတယ်။
ချင်းပြည်နယ်ရဲ့ ပထမဆုံးလေဆိပ်ဖြစ်တဲ့ ဆူရ်ဘုန်လေဆိပ် အခြေစိုက်ရာ ဖလမ်းမြို့ကို ပြန်လည်ရရှိဖို့ စစ်တပ်က ပြီးခဲ့တဲ့နှစ် အောက်တိုဘာလကတည်းက အပြင်းအထန် ထိုးစစ်ဆင် ခဲ့တာပါ။
ချင်းညီနောင် (CB) နဲ့ ချင်းပြည်ကောင်စီ (CC) ပူးပေါင်းတပ်တွေဟာ အင်အားမမျှပေမဲ့ ၆ လကျော်ကြာအောင် ကြံ့ကြံ့ခံ ခုခံနိုင်ခဲ့ကြပါတယ်။
ဒီတိုက်ပွဲအတွင်း စစ်တပ်ဟာ ထိုးစစ် စစ်ကြောင်း ၃ ကြောင်း၊ နောက်ချန်ထောက်ပို့အင်အား ၄၀၀ အပါအဝင် စုစုပေါင်း အင်အား ၁,၀၀၀ ဝန်းကျင် သုံးခဲ့တာပါ။
ခုခံစစ် ၆ လတာအတွင်းမှာ ချင်းပူးပေါင်းတပ်တွေဟာ စစ်အာဏာရှင်ဘက်က အင်အား ၃၀၀ ကနေ ၅၀၀ ကြားအထိ ကျဆုံး၊ ထိခိုက်ဒဏ်ရာရအောင် တိုက်ခိုက်နိုင်ခဲ့ပါတယ်။
ဒါဟာ ချင်းတော်လှန်ရေး အင်အားစုတွေကြား နိုင်ငံရေးအရ ကွဲလွဲမှုတွေ ရှိနေပေမဲ့ စစ်ရေးအရ စုပေါင်းခုခံမှုဟာ ထိရောက်မှုရှိခဲ့တာကို ပြသနေတာပါ။
စစ်တပ်ဟာ ဖလမ်းမြို့ကို ရရှိဖို့ ထိခိုက်သွားတဲ့ လူအင်အားတွေနေရာမှာ ချက်ချင်း အစားထိုး ဖြည့်တင်းခဲ့သလို ခဲယမ်းမီးကျောက် ပြတ်လပ်မှု မရှိအောင် ထောက်ပံ့နိုင်ခဲ့တာတွေက မြို့ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့တဲ့ အဓိကအချက်တွေ ဖြစ်တယ်လို့ DVB ရဲ့ စစ်ရေးရင်းမြစ်က သုံးသပ် ပြောပါတယ်။
စစ်ရေးရင်းမြစ်က “ကျနော်တို့ဘက်ကလည်း လူအင်အား ထပ်ဖြည့်နိုင်မယ်၊ ခဲယမ်း လုံလောက်မယ် ဆိုရင် ဖလမ်းကို ပြန်ပေးရစရာအကြောင်း မရှိပါဘူး။ အဓိကက ဒါပါပဲ။ ညီညွတ်ကြတယ်၊ စုစည်းကြတယ် ဆိုပေမဲ့လည်း ခံစစ်ကို တုံ့ပြန်နိုင်လောက်တဲ့ တပ်အင်အားနဲ့ ခဲယမ်းပမာဏ မရှိရင် ကာကွယ်နိုင်ဖို့ဆိုတာ ခက်ခဲပါတယ်။ တိုက်ပွဲကတော့ မပြီးသေးပါဘူး၊ နေ့တိုင်း ထိတွေ့မှုတွေ ရှိနေသလို သူတို့(စစ်တပ်)ဘက်ကလည်း စစ်ကူတွေဖြည့်နေတယ်” လို့ ပြောပါတယ်။
လက်ရှိမှာ ချင်းပြည်နယ်တောင်ပိုင်းဖြစ်တဲ့ မတူပီ၊ မင်းတပ်နဲ့ ကန်ပက်လက်တို့ကို ချင်းညီနောင်က ထိန်းချုပ်ထားသလို ပလက်ဝမြို့ကိုတော့ အာရက္ခတပ်တော် (AA) က စိုးမိုးထားပါတယ်။
ဒါပေမဲ့ ဖလမ်းမြို့ကို စစ်တပ်က ပြန်လည်ထိန်းချုပ်လိုက်နိုင်တာကြောင့် ချင်းပြည်နယ် မြောက်ပိုင်းမှာ နယ်မြေပြန်လည်စိုးမိုးနိုင်ဖို့ စစ်တပ်က စစ်ရှိန်မြှင့်တင်လာမဲ့ အလားအလာ ရှိနေပါတယ်။
အထူးသဖြင့် ဟားခါး-ဖလမ်း လမ်းပိုင်းကို ပြန်လည်စိုးမိုးဖို့နဲ့ ထန်တလန်က စစ်ကြောင်းတွေနဲ့ ပေါင်းစပ်ဖို့ ကြိုးစားလာနိုင်တာကြောင့် ရှေ့တန်းစစ်ရေးအခြေအနေတွေဟာ ပိုမိုတင်းမာလာဖို့ ရှိနေပါတယ်။
စစ်ရေးလေ့လာသုံးသပ်သူ ဗိုလ်ကြီးဇင်ယော်က “ရိခေါဒါရ်ကို တိုက်စစ်ဆင်သွားမဲ့ အနေအထား ရှိနေတယ်။ ပြီးရင် ထန်တလန်၊ ထန်တလန်မှာ သူတို့မြို့ပေါ်မှာ တပ်မ ၇၇ ပေါ့။ တပ်မ ၇၇ ရဲ့ ထုတ်နုတ်တပ်တွေ၊ ရဲတပ်ရင်းတွေ၊ ရဲတပ်ရင်းအဖွဲ့တွေ ရှိနေတယ်။ အဲဒီအဖွဲ့တွေနဲ့ သူတို့ လက်ချင်းချိတ်လို့ရအောင် လုပ်လာနိုင်မဲ့ အနေအထားမျိုး ရှိပါတယ်။ အဲ့တော့ ထန်တလန်နဲ့ ပြန်ပြီးတော့ အဆက်သွယ်ယူမယ်။ ပြီးရင်တော့ ကျနော်တို့ ရိခေါဒါရ်ကို ဖြတ်တောက်ပြီးကာမှ တိုက်စစ်ဆင်မဲ့ အနေအထားမျိုး ကျနော်တို့ တွေ့နေရတယ်” လို့ ပြောပါတယ်။
ဖလမ်းမြို့ ကျဆုံးမှုဟာ ချင်းတော်လှန်ရေးအင်အားစုတွေအတွက် စိန်ခေါ်မှုတခု ဖြစ်လာပေမဲ့ အင်အားနဲ့ ခဲယမ်းမီးကျောက် လုံလောက်စွာ ဖြည့်တင်းနိုင်ရေးက အဓိကအဆုံးအဖြတ် ဖြစ်လာမယ် လို့ စစ်ရေးလေ့လာသူတွေက ထောက်ပြနေကြပါတယ်။
စစ်တပ်ဘက်ကလည်း နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတွေကို ပြန်လည်ထိန်းချုပ်ဖို့ ကြိုးစား နေတာကြောင့် ချင်းပြည်နယ်မြောက်ပိုင်းရဲ့ တိုက်ပွဲတွေဟာ အရှိန်ပိုမိုမြင့်တက်လာဖို့ ရှိနေပါတယ်။
ဖလမ်းမြို့ကို ၂၀၂၅ ခုနှစ် ဧပြီလအတွင်းမှာ ချင်းတော်လှန်ရေးတပ်တွေနဲ့ မဟာမိတ်တပ်တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး လက်ရှိမှာတော့ အာဏာသိမ်းစစ်တပ်က စစ်ကြောင်း ၃ ခုနဲ့ မြေပြင်ရော လေကြောင်းအင်အားပါသုံးပြီး ပြန်လိုက်ထိန်းချုပ်နိုင်လိုက်တာ ဖြစ်ပါတယ်။
မောရစ်










