
ချင်းပြည်နယ် ဖလမ်းမြို့နဲ့ ဆူရ်ဘုန်လေဆိပ်ကို စစ်တပ်က ပြန်လည် သိမ်းပိုက်ထိန်းချုပ် လိုက်တယ်လို့ စစ်တပ်ဝါဒဖြန့် သတင်းမီဒီယာတွေ၊ စစ်တပ်လော်ဘီချန်နယ်တွေကနေ ဧပြီ ၂၅ ရက် ဒီကနေ့မှာ ရေးသားဖော်ပြနေကြပါတယ်။
ဒီသတင်း မှန်၊ မမှန်နဲ့ လက်ရှိ ဖလမ်းမြို့အခြေအနေတွေကို ချင်းတော်လှန်ရေး ပူးပေါင်းအဖွဲ့ တွေဆီ ဆက်သွယ်မေးမြန်းရာမှာတော့ တချို့နေရာတွေမှာ တိုက်ပွဲတွေ အရမ်းပြင်းထန်နေတဲ့ အနေအထားဖြစ်တယ်လို့ ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF) တပ်ဖွဲ့ဝင်တယောက်က ဆိုပါတယ်။
ချင်းညီနောင် - Chin Brotherhood ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီကတော့ စစ်ရေး အခြေအနေအရ စကားပြောဖို့ အဆင်မပြေသေးဘူးလို့ ဆိုပါတယ်။
ဖလမ်းမြို့ကို ချင်းညီနောင်နဲ့မဟာမိတ်အဖွဲ့တွေက ၂၀၂၅ ခုနှစ်၊ ဧပြီ ၇ ရက်က သိမ်းပိုက် ထိန်းချုပ် ခဲ့တာပါ။
ချင်းပြည်နယ်ရဲ့ ဒုတိယမြို့တော် ဖလမ်းမြို့ကို ပြန်ရရေးအတွက် အာဏာသိမ်းစစ်အုပ်စုက ၂၀၂၅၊ စက်တင်ဘာလက စလို့ အင်အား ထောင်နဲ့ချီအသုံးပြု ထိုးစစ်ဆင်တိုက်ခိုက်နေခဲ့တာဖြစ်ပြီး လေကြောင်းကနေလည်း အဆက်မပြတ် ဗုံးကြဲတိုက်ခိုက်နေခဲ့တာ ဖြစ်ပါတယ်။
ဒေသတွင်း သတင်းမီဒီယာတွေမှာလည်’ ဖလမ်းမြို့ကို စစ်အုပ်စုက ပြန်လည်ထိန်းချုပ်တာကို ချင်းကာကွယ်ရေးတပ်တွေက အတည်ပြုလိုက်ပြီဖြစ်ကြောင်း ရေးသားဖော်ပြနေကြပါတယ်။










