DVB Logo
Home
မြန်မာသတင်း
ဖလမ်းမြို့ထဲကို ပြည်သူများ အသွားအလာမလုပ်ကြရန် CNDF သတိပေး
DVB
·
December 14, 2024
ဖလမ်းမြို့ထဲကို ပြည်သူများ အသွားအလာမလုပ်ကြရန် CNDF သတိပေး
Donate to DVB

ချင်းပြည်နယ်၊ ဖလမ်းမြို့က ပြည်သူတွေအနေနဲ့ မြို့ပေါ်ကိုအသွားအလာမပြုလုပ်ကြဖို့ ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF) က ဒီဇင်ဘာ ၁၃ ရက်မှာ သတိပေးထုတ်ပြန်ထားပါတယ်။

CNDF ရဲ့ ပြန်ကြားရေးတာဝန်ခံက “နှစ်ဖက်တိုက်ပွဲတွေပြင်းထန်နေလို့ ပြည်သူတွေအနေနဲ့ ဖလမ်းမြို့တွင်းကို ဝင်ရောက်သွားလာတာတွေမလုပ်ကြဖို့ တိုက်တွန်းထုတ်ပြန်ရတာ” လို့ ပြောပါတယ်။

ချင်းညီနောင်တပ်ဖွဲ့ဝင်တွေဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၈ ရက်ကစလို့ ချင်းပြည်နယ်ရဲ့ ဒုတိယအကြီးဆုံးခရိုင်မြို့ဖြစ်တဲ့ ဖလမ်းမြို့သိမ်းပိုက်နိုင်ဖို့ မြို့သိမ်းတိုက်ပွဲဆင်နွှဲနေတာဟာ တလကျော်ကြာမြင့်နေပြီဖြစ်ပြီး နှစ်ဖက်တိုက်ပွဲတွေလည်း ပြင်းထန်နေတယ်လို့လည်း ဆိုပါတယ်။

ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF) ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီ က “မဖြစ်သင့်တဲ့ပြဿနာတွေ၊ လုံခြုံရေးကိစ္စတွေမဖြစ်အောင် တားဆီးတဲ့သဘောပါ။ လုံခြုံရေးလို့ပြောတဲ့အခါမှာ ဖလန်းမြို့ပေါ်က ပြည်သူတွေက အိမ်ရာတွေထားခဲ့ပြီးတော့ စစ်ရှောင်နေတဲ့အခါမှာ ရံဖန်ရံခါသူတို့အိမ်တွေပြန်လာပြီး ပစ္စည်းသယ်ချင်တာတို့ အိမ်အခြေအနေ ပြန်ကြည့်ချင်ကြတဲ့အခါကြတော့ ဥပမာ မြို့ပေါ်မှာ စစ်ရေးအရ တပ်အခြေအနေတွေ၊ ဂိတ်တွေ ဘယ်နေရာတွေမှာချထားသလဲ။ စစ်သားတွေ၊ ရဲတွေ ဘယ်မှာနေကြသလဲဆိုတာ ပြည်သူတွေမသိသင့်တဲ့ အရာတွေရှိတယ်လေ။ သတင်းလုံခြုံရေးအရ ကျနော်တို့အတွက် အဆင်မပြေနိုင်တာတွေဖြစ်လာနိုင်တယ်ပေါ့။ အဲ့ဒါကြောင့် ဖလမ်းမြို့တခုလုံးကို ဘယ်သူမှဝင်လာလို့မရအောင် ထုတ်ပြန်ထားတဲ့သဘောဖြစ်ပါတယ်” လို့ DVB ကို ပြောပါတယ်။

ဖလမ်းမြို့အတွင်းမှာလည်း ချင်းညီနောင်တပ်ဖွဲ့ဝင်တွေနဲ့ စစ်ကောင်စီတပ်တို့ နေ့စဥ်တိုက်ပွဲဖြစ်ပွားနေတဲ့အပြင် စစ်ကောင်စီလက်အောက်ခံ ခလရ ၂၆၈ ကုန်းနဲ့ ကလေးမြို့တွေဘက်ကပါ လက်နက်ကြီးတွေနဲ့ပစ်ခတ်နေသလို လေယာဥ်တွေနဲ့လည်း ဗုံးကြဲနေတာကြောင့် ပြည်သူတွေအန္တရာယ်မဖြစ်အောင် အခုလိုထုတ်ပြန်တာလို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ဟာ မြေပြင်မှာ အကျအရှုံးများနေတာဖြစ်တဲ့အတွက် စစ်ရေးနဲ့မသက်ဆိုင်တဲ့ ဘုရားကျောင်း၊ စာသင်ကျောင်းနဲ့ လူနေရပ်ကွက်တွေထဲကို လက်နက်ကြီးတွေနဲ့ပစ်ခတ်သလို လေကြောင်းကနေပါ တိုက်ခိုက်နေတာလို့ ဆိုပါတယ်။

ချင်းညီနောင်တပ်ဖွဲ့ဝင်တွေဟာ ဒီဇင်ဘာ ၃ ရက်မှာ ဖလမ်းမြို့ပေါ်က စစ်ကောင်စီတပ် စခန်းတွေကို သိမ်းပိုက်ရရှိထားပြီး ဖလမ်းမြို့တခုလုံးရဲ့ ၉၀ ရာခိုင်နှုန်းနီးပါးကို ထိန်းချုပ်ထားနိုင်ပြီဖြစ်ကာ တခုတည်းကျန်ရှိနေတဲ့ စစ်ကောင်စီလက်အောက်ခံ ခလရ ၂၆၈ ကုန်းတခုသာ သိမ်းပိုက်ဖို့ ကျန်ရှိနေတာဖြစ်လို့ အဆိုပါတပ်စခန်းကုန်းကို သိမ်းယူနိုင်ဖို့အတွက်လည်း ထိုးစစ်ဆင်နေတာလို့ သိရပါတယ်။

ချင်းပြည်နယ်ရဲ့ ဒုတိယအကြီးဆုံးခရိုင်မြို့ဖြစ်တဲ့ ဖလမ်းမြို့က တိုက်ပွဲတွေနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်ကတော့ သတင်းတစုံတရာထုတ်ပြန်လာတာ မတွေ့ရသေးပါဘူး။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013